Home မြန်မာသတင်း ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြပွဲ ချင်းမိုင်မြို့တွင် ကျင်းပ
ရွှေဝါရောင်တော်လှန်ရေးအထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြပွဲ ချင်းမိုင်မြို့တွင် ကျင်းပ
chaimai ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်းမြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်းပြီး စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ကြပါတယ်။
စီတန်းလမ်းလျှောက်ပွဲကို ထိုင်းစံတော်ချိန် ညနေခြောက်နာရီမှာ သင်္ကန်းရောင်၊ ယောဂီရောင်ဆင်မြန်းထားသူတွေက ဖယောင်းတိုင်မီး ထွန်းညှိကိုင်ဆောင်ပြီး ကျုံးလယ်က ဘုရင်ကြီးသုံးပါးရုပ်တု ရှိရာကနေ ဆုံရပ်အခမ်းအနားကျင်းပရာ ထပ်ဖယ်ဂိတ်ကို ချီတက်ကြတာပါ။
မြန်မာ့မိတ်ဆွေများအဖွဲ့၊ မိတ်ဆွေကောင်းစာကြည့်တိုက်အဖွဲ့ ၊ အမျိုးသမီးအဖွဲ့အစည်း၊ တိုင်းရင်းသားလူမျိုးအဖွဲ့အစည်း၊ နိုင်ငံရေးလှုပ်ရှားနေတဲ့ အဖွဲ့၊ ထိုင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့၊ ရွှေ့ပြောင်းအလုပ်သမား စတဲ့ အဖွဲ့ ၁၄ ဖွဲ့က ကိုယ်စားလှယ်တွေအပါအဝင် အင်အား ၁၅၀ လောက် ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် လမ်းလျှောက်ပွဲပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ချီတက်ပွဲမှာပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က ဦးပဉ္စင်း ဦးက္ကုဿရိယက အခုလို မိန့်ကြားခဲ့ပါတယ်။
“ဒီနေ့ထိ နအဖ စစ်အစိုးရဟာ ဒီမိုကရေစီ ဆိုပြီးတော့ သွားနေပေမယ့် အပြောအရပဲ သွားနေတယ်။ လက်တွေ့အရ ဘာမှမသွားဘူး။ ထောင်တွေထဲမှာ သံဃာတော်တွေက နှိပ်စက်ခံနေရဆဲပဲ ဖြစ်တယ်။ ဒါကိုအားလုံးကို တကမ္ဘာလုံးကိုလည်း သိစေချင်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကိုလည်း သတိရစေချင်တယ်။ ဒါကြောင့် ဒီနေ့ထိ ထောင်ထဲမှာကျနေတဲ့ သံဃာတွေလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ သံဃာတော်တွေ လွတ်မြောက်ရေးအတွက် အားလုံးဝိုင်းဝန်းပြီးတော့ စွန့်စားကြရမယ်။ ဒါကိုမမေ့ဖို့အတွက် နှစ်ပတ်လည်ပွဲကို ကျင်းပရခြင်းဖြစ်တယ်။”
ဆုံရပ်ရောက်ရင် `စစ်မှန်တဲ့ပြောင်းလဲမှုကို မြန်မာပြည်မှာ လိုအပ်တယ်´ဆိုတဲ့ သဘောထားကြေညာချက်ကို ဖတ်ကြားသွားမယ်လို့ ပြောပါတယ်။
ဆန္ဒပြပွဲကို သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ပီတာအောင်က “ဖယောင်းတိုင်တွေကိုင်ပြီး ရှေ့ဆုံးဘုန်းတော်ကြီး သုံးပါးကနေ ဦးဆောင်ပြီး လျှောက်တာ။ အားလုံးကတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေကြတယ်။ ငြိမ်းချမ်းရေး သင်္ကေတ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုစတာတွေ၊ မြန်မာပြည်က ဘားမားဘီဂျေ ဗွီဒီယို ဂျာနယ်လစ်တွေ လွတ်မြောက်ရေး လှုပ်ရှားတဲ့ ပိုစတာတွေ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ လွတ်မြောက်ရေး တောင်းဆိုထားတဲ့ ရှမ်းဘာသာနဲ့ ရေးထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး လျှောက်နေကြတယ်” လို့ ပြောပါတယ်။
၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ သံဃာတော်တွေ လမ်းပေါ်မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကို အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်။ သံဃာတချို့ ပျံလွန်တော်မူခဲ့သလို ရာချီတဲ့ သံဃာတော်တွေ လူဝတ်လဲ ထောင်ချခံခဲ့ရပါတယ်။
ဆက်စပ်သတင်းများ