Homeမြန်မာသတင်းအဖြဲ့ခ်ဳပ္ ထူထောင်ခြင်း ၂၃ နှစ်ပြည့်အထိမ်းအမှတ်၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက်
အဖွဲ့ချုပ် ထူထောင်ခြင်း ၂၃ နှစ်ပြည့်အထိမ်းအမှတ်၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အမှာစကားထဲက တချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။
အတိတ်ရဲ့ ချုပ်နှောင်မှုကို မခံရအောင် နေနိုင်ရမယ်။
ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၂၃ နှစ်မြောက်မွေးနေ့မှာ ကြွ ရောက်လာကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမတို့ ၂၃ နှစ်ဆိုတာ နည်းတဲ့ အချိန်မဟုတ်ပါဘူး။ အချိန်ကာလတွေအတွက် အကြောင်းတရားအားဖြစ် အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ နောင်လာမယ့် အနာဂတ်ရယ် ဆိုပြီးရှိတယ်။ အဲတော့ ကျမတို့ အခု ပစ္စုပ္ပန်မှာ ရောက်နေတဲ့အခါမှာ အတိတ်ကို မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့နဲ့ ပြန်ပြီးကြည့်နိုင်ရမယ်။ အတိတ်ရဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာယူရမယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အကျိုးရှိအောင်၊ တချိန်တည်းမှာပဲ ကျမတို့က အတိတ်ရဲ့ ချုပ်နှောင်မှုကို မခံရအောင် နေနိုင်ရမယ်။ ဒါမှလည်း ကျမတို့ဟာ ပစ္စုပ္ပန်မှာ မှန်မှန်ကန်ကန်နဲ့ ဆက်ပြီးသွားနိုင်မှာ ဖြစ်ပါတယ်။
ညီညွတ်ရေး၊ စည်းကမ်း၊ သတ္တိ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စပြီးထူထောင်ကတည်းက ကျမတို့မှာ ညီညွတ်ရေးရယ်၊ စည်းကမ်းရှိရေးရယ်၊ သတ္တိရယ်ကို အမြဲတမ်းရှေ့တန်းတင်ပြီး ပြောခဲ့တယ်။ ဒီသုံးခုစလုံးက လိုအပ်တဲ့အရာတွေပါ။ နောက်ပြီးတော့ ညီညွတ်ရေးဆိုတာ ဆရာဦးဝင်းတင်တို့လည်း ပြောပြီးသွားပြီဆိုတော့ အထွေအထူး ထပ်ပြောဖို့ မလိုတော့ပါဘူး။ စည်းကမ်းရှိတယ်ဆိုတာလည်း ဒါညီညွတ်မှုဆိုတာ စည်းကမ်းရဲ့ အရှိန်အဝါလည်းဖြစ်ပါတယ်။ စည်းကမ်းဘောင်အထဲမှာ လုပ်တဲ့အရာတွေက ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်တာများပါတယ်။ ဒါကြောင့်မို့ စည်းကမ်းနဲ့ ညီညွတ်မှုဆိုတာ ဒွန်တွဲပြီးသွားတယ်လို့ မြင်ပါတယ်။ သတ္တိဆိုတာတော့ အမျိုးမျိုးရှိတယ်။ ခံရဲတဲ့သတ္တိဆိုတာရှိတယ်။ လုပ်ရဲတဲ့သတ္တိဆိုတာရှိတယ်။ အချိန်အဆကို ရင်ဆိုင်ရဲတဲ့သတ္တိဆိုတာလည်း ရှိတယ်။ အချိန်အဆ အတွေးအခေါ်တွေကို သုံးသပ်ပြီးတော့ လက်ခံသင့်တာကို လက်ခံရဲတဲ့သတ္တိရှိတယ်။ သတ္တိဆိုတာ အမျိုးမျိုးပါပဲ။ ကျမတို့ဟာ သတ္တိအမျိုးမျိုးကို ၂၃ နှစ်တလျှောက်လုံးမှာ လုပ်ခဲ့ရပါတယ်။ အခုလည်း ထပ်ပြီးတော့ သတ္တိရှိရှိနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ အနာဂတ်ကို ရင်ဆိုင်ရဲတဲ့သတ္တိဆိုတာ ပစ္စုပ္ပန်နဲ့ အတိတ်ကို ရဲရဲဝံ့ဝံ့ ညှိနှိုင်းမှ ဖြစ်ပေါ်လာမှာပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ မညှိနှိုင်းတဲ့လူတွေက အနာဂတ်ကို သတ္တိနဲ့ ရင်ဆိုင်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ကျမတို့ဟာ တလျှောက်လုံး သတ္တိကို လိုအပ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဆရာဦးဝင်းတင်ပြောခဲ့တဲ့အတိုင်း အင်မတန်မှ ခံခဲ့ရတဲ့ အဖွဲ့ချူပ်ပါ။
အနစ်နာခံရတယ်ဆိုတဲ့ အတွေးကို စိတ်ထဲမှာ မထားစေချင်ပါဘူး။
ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေက အမျိုးမျိုး ဒုက္ခ၊ သုက္ခတွေနဲ့ ခံခဲ့ရတယ်။ ဒါပေမယ့် ဒီလိုခံခဲ့တဲ့နေရာမှာ ကျမကတော့ တခုတော့ သတိပေးချင်ပါတယ်။ ကျမကိုယ်တိုင်ကလည်း ဒီလိုခံခဲ့တာကို အနစ်နာခံတယ်လို့ စိတ်ထဲမှာ မထားပါဘူး။ ဒီလိုပဲ ကျမတို့အဖွဲ့ဝင်တွေက အမြဲပဲ ပြည်သူ့အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် ကျမတို့ရဲ့ ယုံကြည်ချက်တွေအတွက် လုပ်နေတဲ့ အတွက် အနစ်နာခံရတယ်ဆိုတဲ့ အတွေးကို စိတ်ထဲမှာ မထားစေချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အနစ်နာခံရတယ်ဆိုတဲ့ စိတ်က ပေါ်လာရင် တခါတလေ ဒီစိတ်နဲ့ ဒွန်တွဲပြီးတော့ ကလဲ့စားချေချင်တဲ့စိတ်တွေ၊ မကျေနပ်တဲ့စိတ်တွေ တခါတည်း ပေါ်လာပါတယ်။ ကျမကတော့ ကျမရွေးတဲ့လမ်းကြောင်းကို ကျမလျှောက်ခဲ့တယ်။ ခံရတာ ကျမရဲ့ ရွေးချယ်မှုအရ ခံရတာ။ အနစ်နာခံရတယ်လို့ ကျမ မမြင်ပါဘူး။
ပြည်သူလူထုလိုချင်တဲ့ လူ့ဘောင်အဆောက်အဦကြီးကို ကြိုးစားဆောက်တည်သွားမယ်။
အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ ရတာမဟုတ်ပါဘူး။ လွယ်လွယ်နဲ့ရတဲ့အရာဆိုတာလည်း တန်ဖိုးရှိတဲ့အရာ မဟုတ်ပါဘူး။ တကယ်တန်ဖိုးရှိတဲ့အရာအတွက်ဆိုရင် ကျမတို့ အင်မတန်မှ ရုန်းကန်ရပါတယ်၊ အင်မတန်မှ ပေးဆပ်ရပါတယ်။ ပေးဆပ်ခြင်းဆိုတာ ပူဇော်ခြင်းလို့ စိတ်ထဲမှာထားလိုက်ပါ။ ကျမတို့ ယုံကြည်ချက်အရ ပူဇော်လိုက်တာပါ။ ဘယ်သူကမှ အတင်းပေးဆပ်ရမယ်လို့ ပြောလို့ ပေးဆပ်တာမဟုတ်ပါဘူး။ ဒီလိုစိတ်ဓာတ်တွေနဲ့ ကျမတို့ဆက်ပြီးသွားမယ်ဆိုရင် မုချအောင်မြင်ရမယ်။ ကျမ လုံးဝသံသယမရှိဘူး။ မြန်မလား၊ နှေးမလားတော့ ကျမတို့ မပြောနိုင်ဘူး။ ကျမတို့ ဒါတွေကို မတွက်တတ်ဘူး။ မတွက်တတ်ဘဲနဲ့ မှန်းပြီးတော့ မှန်းခြေနဲ့လည်း မပြောချင်ဘူး။ ဒါပေမယ့် အမြန်ဆုံးတော့ ပြည်သူလူထုလိုချင်တဲ့ လူ့အဆောက်အအုံကြီးကို ဖြစ်အောင်လို့ ကျမတို့ ကြိုးစားဆောက်တည်သွားမှာဖြစ်ပါတယ်။
တာဝန်ဆိုတာ မလုပ်ချင်လည်း လုပ်ရမယ်။
တာဝန်ဆိုတာ ကိုယ်လိုချင်မှ လုပ်တယ်ဆိုတာ တာဝန်မဟုတ်တော့ဘူး။ ဒါဟာတော့ စိတ်ကို အလိုလိုက်ခြင်းပဲ။ တာဝန်ဆိုတာ မလုပ်ချင်လည်း လုပ်ရမယ်။ ဘယ်လိုပဲကိုယ့်အတွက် ပင်ပန်းပင်ပန်း ဆက်ပြီးတော့ လုပ်သွားရမယ်။ အဲတော့ တာဝန်အရ ကျမကတော့ အတတ်နိုင်ဆုံး ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်မှုပေးဖို့ ကြိုးစားသွားပါမယ်။ ဒါပေမယ့် ဒီတာဝန်ကို ကျေပွန်ဖို့ဆိုတာ ကျမကို ဝိုင်းဝန်းပြီးတော့ ကူညီဖို့လည်း အများကြီးလိုပါတယ်။ တယောက်တည်းလုပ်လို့ ရတယ်ဆိုတဲ့ စိတ်ဝင်ပြီ ဆိုကတည်းက ဒီမိုကရေစီနဲ့ ဘာမှမဆိုင်တော့ဘူးလို့ ခေါင်းထဲမှာ ထားကြပါ။ ကျမအနေနဲ့ တယောက်တည်းလုပ်သွားဖို့ မဖြစ်နိုင်ပါဘူး။ အဲတော့ အားလုံးကနေ အခုလျှောက်ခဲ့တဲ့ ခရီးမှာ ရဲဘော်ရဲဘက်စိတ် အပြည့်အဝနဲ့ သစ္စာရှိရှိနဲ့ အတူတွဲပြီးတော့ လုပ်ခဲ့တဲ့လူတွေဟာ ဆက်ပြီးတော့ ကျမတို့နဲ့ ကူညီပါ။ ဆက်ပြီးတော့ ကျမတို့နဲ့ အတူတူ ပူးပေါင်းဆောင်ရွက်ကြပါ။
ဒီမိုကရေစီ ရရှိရေးအတွက် ကျမတို့ ကိုင်ဆုပ်ထားတဲ့မူတွေပေါ်မှာ ရပ်ပြီးတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်လုပ်သွားမှာပါ။
အဖွဲ့ချုပ်က ကနဦးကတည်းက တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာမယ်။ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သွားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒါတွေက မူတွေပါပဲ။ မူပေါ်မှာ ကျမတို့က မားမားမတ်မတ် ရပ်တည်မယ်။ ဒီမူပေါ်မှာ ရပ်တည်ပြီး ကျမတို့က ပြောင်းသာပြင်သာ ရှိတဲ့အနေအထားမှာ အမြဲကျမတို့ နေသွားမှာဖြစ်ပါတယ်။ ဒီလိုဒီအတိုင်း ဘယ်တော့မှ မပြောင်းမလဲ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ကျမတို့မထားပါဘူး။ ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ အချိန်ကာလက ပြောင်းလဲနေတယ်။ တရားအရ ပြောရမယ်ဆိုရင် အနိစ္စတရားဆိုတာ အမြဲရှိနေတယ်။ ဒီလိုပြောင်းလဲနေတဲ့ လောကကြီးမှာ ကျမတို့ မပြောင်းမလဲ သွားမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကျမတို့က မူတော့ရှိရမယ်။ မူတွေပေါ်မှာ ရပ်တည်ပြီးတော့ တရားမှာလည်း တရားဆိုတာရှိတာပဲ ဒီတရားပေါ်မှာ ရပ်တည်ပြီးတော့ အနိစ္စကို လက်ခံရသလို ကျမတို့က ကျမတို့ရဲ့ မူတွေပေါ်မှာ ဒီမိုကရေစီ ရရှိရေးအတွက် ကျမတို့ ကိုင်ဆုပ်ထားတဲ့မူတွေပေါ်မှာ ရပ်နေပြီးတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ဆက်လုပ်သွားမှာပါ။ အဲဒီလိုလုပ်သွားတဲ့အခါမှာ ကျမတို့ကို အကြံပေးသင့်တာရှိရင်လည်း ပေးကြပါ။ ကျမတို့ပါတီအနေနဲ့ ဖြေရှင်းရမယ့် ကိစ္စတွေကို ဖြေရှင်းနိုင်တဲ့အချိန်မှာ အမြဲဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လုပ်နိုင်မှ ပါတီစုံ ဒီမိုကရေစီ နည်းကျမှာပါ။