Home
မေးမြန်းခန်း
ထိုင်းမှာရှိတဲ့ ဗမာသံရုံးဘယ်လောက်အလုပ်လုပ်သလဲဆိုတာ ဖုန်းဆက်ကြည့်လိုက်ပါ - ဦးကျော်သောင်း
အေးနိုင်
·
July 18, 2016
ထိုင်းနိုင်ငံတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်းကစလို့ ဖမ်းဆီးမှုတွေ များပြားလာနေတယ်လို့ သတင်းတွေ အရ ကြားသိနေရပါတယ်။ ဒီဖမ်းဆီးမှုအဖြစ်အပျက်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အပြီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၅၉ သန်း တရားဝင် မှတ်ပုံတင်ပြီး နောက်ထပ် ၂ သန်းလောက်က မှတ်ပုံမတင်ကြဖူးလို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားစတဲ့နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေဟာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (MAT) ဒါရိုက်တာ ဦးကျော်သောင်းကို ဆက်သွယ် မေးမြန်းပါတယ်။ ထိုင်းမှာ မကြာသေးခင်သီတင်းပတ် (ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်) အပြီးလောက်မှာ အဖမ်း အဆီးတွေ ထူပြောလာတယ်။ နယ်စပ်ကို ပြန်ပို့်ခံရတာတွေရှိတယ်။ အဲဒါကို ဘယ်လို ဖြေရှင်းသင့်လဲ ခြုံငုံပြောပြပါလား။ “တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြန်ပြီးတော့ နောက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို စီစဉ်တဲ့ အရာရှိကြီးတွေ ၂၃ ယောက်၊ ရဲဝန်ထမ်းအပါအ၀င် ဖြုတ်လိုက်တယ်။ အဲဒါကို အောက်ခြေက သူတို့လုပ်ဖော်ကိုင်ဖက်တွေ နယ်မြေမှာ အလုပ်သမားတွေနဲ့ ထိထိစပ်စပ်ကိုင်တွယ်နေရတဲ့ ရဲတွေက စိတ်ရှုပ်သွားတဲ့ပုံပဲ။ အတိုချုံးပြောရလို့ရှိရင် နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ပြန်သွားပြီးတာနဲ့ ဒီက ဒုတိယ ၀န်ကြီးချုပ်သွားတယ်။ ရွှေလမ်း၊ ငွေလမ်းဖောက်တယ်။ ထိုင်းရဲ့အကြီးဆုံးသော စီးပွားရေးလုပ်ငန်းတွေကို သဘောတူစာချုပ်ချုပ်လိုက်တယ်။ ချုပ်ပါ။ သို့သော် အဲဒီလို လူကြီးတွေ ရွှေလမ်း၊ ငွေလမ်းဖောက်သလိုပဲ အောက်ခြေအဆင့်ကအလုပ်သမားတွေကို လုပ်ချင်တိုင်းလုပ်၊ နှိပ်ကွပ်ချင်တိုင်းနှိပ်ကွပ်နေတဲ့ ထိုင်းပုလိပ်နဲ့ ထိုင်းလုပ်ငန်းရှင်တွေ ဘာလုပ်နေတယ် ဆိုတာလည်း ငုံ့ကြည့်ပါလို့ ပြောချင်တယ်ဗျ။” ထိုင်းမှာ အခုရက်ပိုင်းမှာ ခွင့်ပြုချက်မှာမပါဘူးဆိုတဲ့ ရိုတီရောင်းလို့မရဘူး။ ဆံပင်ညှပ်လို့မရဘူး၊ ဈေးရောင်းလို့မရဘူးစတဲ့ တင်းကျပ်လာတဲ့အပေါ် ဘယ်လိုမြင်လဲ။ “အဲဒါဟာ အဓိကအားနည်းတဲ့အချက်ပဲဗျ။ ဒေါ်အောင်ဆန်းစုကြည် ဒီကိုမလာခင်ကတည်းက ထိုင်းနိုင်ငံထဲမှာ အလုပ်သမားတွေရဲ့နေထိုင်ခွင့်ကို ဘယ်လိုဦးစီးချုပ်ကိုင်ထားသလဲကြည့်ဦး၊ ဗမာလိုပြောမယ်ဆို မုန့်တီရောင်းတဲ့သူ၊ ဒီမှာဆို ဆိုင်ကယ်တက္ကစီ၊ ဗမာပြည်မှာဆို ဆိုက်ကားနင်းတဲ့အဆင့်ကိုက နိုင်ငံခြားသားအလုပ်သမားကိုခေါ်ပြီးတော့ ခန့်ခွင့်ရှိတယ်။ နိုင်ငံခြားသားအလုပ်သမားတယောက်သည် ထိုင်းနိုင်ငံသားတယောက်ရဲ့ အာမခံချက်မရှိဘဲ ပန်းရောင်နေထိုင်ခွင့်ဘတ်ကိုရော၊ တခြားသောလုပ်ပိုင်ခွင့်ပါမစ်ကိုရော လုပ်လို့မရဘူး။ သို့သော် အဲဒီမှာ တခါစည်းနှောင်ထားတာက လွတ်လပ်စွာပြောင်းလဲခွင့်မရှိဘူး။ လွတ်လပ်စွာ ခရီးသွားလာခွင့်မရှိဘူး။ အဲဒီလို အထပ်ထပ်ချုပ်နှောင်ထားတာကို အမေစုက သိဟန်မပေါ်ဘူး။ အမေစု မသိရင် ထိုင်းနိုင်ငံမှာ အလုပ်သမားကိစ္စတွေလုပ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့၊ အလုပ်သမားဝန်ကြီးဌာနက လုံးဝကို သိဖို့လိုတယ်။ ဥပဒေကြောင်းအရလို့ ဆိုလိုက်တဲ့အချိန်အခါမှာ ထိုင်းဘက်ကပြောတဲ့စကားကို မနေ့က မြန်မာ့အလင်းမှာ တွေ့တယ် ၂၆ ခု။ များတယ် ၄ ခုပဲ ကျနော်ပြောမယ်။ ပင်ပန်းသောအလုပ်၊ ခက်ခဲသောအလုပ်၊ အန္တရာယ်များသောအလုပ်၊ ဂုဏ်သိက္ခာမဲ့သောအလုပ် ဒီ ၄ ခုကိုပဲ နိုင်ငံခြားသားအလုပ်သမားတွေကို လုပ်ခွင့်ပေးတယ်။ တခုပြောမယ်၊ ဗမာနိုင်ငံထဲကို လွန်ခဲ့တဲ့ ၅ နှစ်က ဦးသိန်းစိန်သမ္မတအုပ်ချုပ်တယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ခေါ်လိုက်တယ်။ အဲဒီမှာပါလာတဲ့ အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်လုပ်သားတွေ၊ အကုန်လုံး ကျွမ်းကျင်တဲ့မန်နေဂျာကအစ ပါလာတဲ့နိုင်ငံခြားသားတွေကို မြန်မာအလုပ်သမားဝန်ကြီးဌာနက ဘာလုပ်ကိုင်ခွင့်ပေးထားလဲ။ work permit က ဘာလုပ်ထားသလဲ။ သူတို့တွေဆီက ဘယ်လိုပုံစံမျိုး အကျိုးအမြတ်တွေခံစားရသလဲ။ ထိုင်းနိုင်ငံမှာ ကျနော်တို့ မြန်မာတယောက်ရဲ့လုပ်ကိုင်ခွင့်ကဘယ်လောက်ထိခက်ခဲတယ်ဆိုတာကို မြန်မာအလုပ်သမားဝန်ကြီးဌာနက သိလား။ လက်ရှိ မြန်မာပြည်တွင်းကို ထောင်သောင်းချီရောက်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ၊ ကျွမ်းကျင်သူတွေ၊ အင်ဂျင်နီယာတွေ၊ လုပ်ငန်းရှင်တွေကို ဘယ်လိုအခွင့်အလမ်းတွေပေးထားလဲဆိုတာ ပြန်ပြီးတော့ ကြည့်လို့ရှိရင် ဗမာအလုပ်သမားဝန်ကြီး အသုံးမကျတာပေါ်လိမ့်မယ်။” မြန်မာပြည်မှာလုပ်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားက အစိုးရချင်းသဘောတူညီချက်နဲ့ လာတာ။ ထိုင်းမှာ မြန်မာတွေက နယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်တဲ့ ရွှေ့ပြောင်း လုပ်သားတွေဆိုတော့ ကွာခြားမယ်မဟုတ်ဘူးလား။ “မဆိုင်ဘူးဗျ။ ကျနော်ပြောတာက ဗမာပြည်မှာက ဗမာအလုပ်သမားတွေကိုသည်ပင်လျင် ဦးသိန်းစိန်သမ္မတ ၅ နှစ်လုပ်သွားတဲအထဲမှာ minium wage လို့ခေါ်တဲ့ နေ့တွက်၊ လတွက် လစာတခုကို စနစ်တကျ သူမစီမံ မခန့်ခွဲနိုင်ဘူးလေ။ ဒါ အလုပ်သမားဝန်ကြီးဌာနရဲ့ အားနည်းချက်။ အခုကိုအေးနိုင်ပြောတဲ့ ဂျီတူဂျီဆိုတာက အစိုးရချင်းချင်းပို့တယ်လို့ ခံထားပေမယ့် ကြားထဲမှာ အေဂျင်စီပွဲစားတွေကို အသုံးပြုပြီးလုပ်ကိုင်နေတာမို့လို့ demand letter ခေါ်တဲ့ အလုပ်သမားခေါ်စာကို အကြောင်းပြုပြီးတော့မှ တရားဝင် လူမှောင်ခိုကုန်ကူးနေတာလို့ ကျနော် နိုင်ငံတော်အဆင့် အစည်းအဝေးမှာလည်းပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ အချိန်အခါမှာလည်း ပြောတယ်။ ဘာကြောင့်ပြောသလဲဆိုရင် ပြစရာအထောက်အထားတွေ အများကြီးရှိတယ်။ ဥပမာ နာနတ်သီးရုံက အလုပ်သမားခေါ်တယ်လို့ပြောတယ်။ ကားပစ္စည်းထုတ်တဲ့စက်ရုံကအလုပ်သမားခေါ်တယ်လို့ သွားပြီးစစ်လိုက်ပါ လူလည်းမရှိဘူး၊ စာရွက်လည်းမရှိဘူး။ ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့ လူကုန်ကူးမှုလည်းဆိုတာ ကျနော်ပြောပြနေတာပါ။ မဟာချိုင်မှာ ထိုင်းးအရာရှိကြီးတွေ ထိန်းသိမ်းရွှေ့ပြောင်းခံရလို့ ခုလို အဖမ်းအဆီးတွေ များတာလို့ပြောလို့ရှိရင် မဲဆောက်မှာကျတော့ ဘာဖြစ်လို့ဖမ်းလဲ။ “အမျိုးဖြစ်တယ်လေ။ အမျိုးဖြစ်တယ်။ ဥပမာ မြန်မာအလုပ်သမားတွေကို တရားဝင်ဆိုတဲ့ အခွင့်အရေးတွေတောင်းလာတယ်၊ လူမှုကွန်ရက်စာမျက်နှာတွေမှာရေးတယ်။ အာဆီယံ လုပ်ခ လစာတွေနဲ့တွက်လိုက်တဲ့အခါမှာ အာဆီယံရဲ့လုပ်ခထက် ကျနော်တို့လစာသည် သုံးပုံတပုံလောက် နည်းပါးနေတာတွေ့ရတယ်။ ဟိုမှာလိုအတိုင်းလိုချင်ရင် မင်းတို့တိုင်းပြည်မှာ ရလို့ရှိရင် မင်းတို့တိုင်းပြည်ပြန်သွားဆိုတဲ့ပုံစံမျိုး။ သို့သော် မဟာချိုင်မှာ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်လို့ ပြောနိုင်လောက်တဲ့အဆင့်အထိ၊ မဟာချိုင်မှာ ရဲဝန်ထမ်းတွေအပါအ၀င် အာဏာပိုင် ၂၃ ယောက်ဖြုတ်ခံရတာသူတို့ အမျိုးလိုက်တယ်လေ။ ဥပမာတခု ကိုအေးနိုင်တို့ ကျနော်တို့ သတင်းထောက်တယောက်ကိုဖမ်းတယ်၊ မတရားဖမ်းတယ်ဆိုရင် ဟာ-ငါတို့သတင်းထောက်ပဲ ဆိုတဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။ ဆိုတော့ ဒီအလုပ်သမားတွေကြောင့် ငါတို့ဒီလိုဖြစ်ရတယ်။ ဒါကြောင့်မို့လို့ မင်းတို့လူမျိုးက ဒီလိုလားကွာဆိုပြီးတော့။ ဗမာဆိုရင် ဖမ်းပြီးတော့ စစ်လိုက်၊ ၁၀ ယောက်ကိုစစ်လိုက် ၉ ယောက်မှာ အပြစ်ရှိနေတယ်၊ ဘာအပြစ်လဲဆိုရင် နံပါတ် (၁) အလုပ်အကိုင်မတူဘူး။ နံပါတ် (၂) သူဌေးမတူဘူး။ ရက်ပေါင်း ၉၀ တုံးမထုထားဘူး။ ဆိုတော့ တရားဝင်မှုဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျနော်တို့တိုင်းပြည်က တရားဝင်မှု ဘယ်လောက်ရှိသလဲဆိုတာကို ကျနော်တို့လူကြီးတွေ သိထားဖို့လိုသလို ဒီကိစ္စကို ငါတို့ဒီလိုပြောခဲ့ပြီ။ ငါတို့ရဲ့သံရုံးသည် ဘယ်လောက်ထိ အလုပ်သမားတွေကြားထဲမှာရှိသလဲ။ ဗမာသံရုံးဘယ်လောက် အလုပ်လုပ်သလဲဆိုတာ ဖုန်းနံပါတ် ၃ လုံးပဲဆက်ကြည့်လိုက်။ တယောက်ကို အိမ်ဖော် အလုပ်သမားဒုက္ခသည်အနေနဲ့ဆက်ကြည့်လိုက်၊ တယောက်ကို အမ်အိုယူ အလုပ်သမား ဒုက္ခသည်အနေနဲ့ ဆက်ကြည့်လိုက်၊ တယောက်ကို အလုပ်သမား အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရတဲ့ အလုပ်သမားလခမရတာမျိုးနဲ့ အဲဒီမှာ ဗမာသံရုံးကပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်လိုက်ပါ။ လူ ၃ ယောက်လောက် ဆက်ကြည့်ပါ။ အဲဒီအချိန်မှာ ဗမာသံရုံးရဲ့ စေတနာနဲ့ ဗမာသံရုံးဘာလုပ်မလဲဆိုတာ သိနိုင်လိမ့်မယ်။ ကျနော်တို့က ပြောရင် ကျော်သောင်းတိုက်ခိုက်တယ်ဖြစ်ဦးမယ်။ လုပ်တယ်လို့လည်း မပြောဘူး၊ မလုပ်ဘူးလည်း မပြောဘူး၊ သိချင်လို့ရှိရင် သံရုံးက သံအမတ်ကြီးအပါအ၀င် အလုပ်သမားသံအရာရှိအဆုံး အလုပ်သမားအနားမှာ ၃ ယောက်လောက်ကို ဆက်ခိုင်းပါ၊ အဲဒီအချိန်မှာ သူတို့ ဘာလုပ်မလဲဆိုတာ သိနိုင်လိမ့်မယ်။ အဲဒါ အမှန်ကန်ဆုံး သက်သေပြချက်ပဲလို့ ကျနော်ပြောချင်တယ်။” အခုလို အဖမ်းအဆီးတွေဖြစ်နေတဲ့အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲ။ တအုံနွေးနွေးနဲ့ဖြစ် နေတဲ့ အခြေအနေမှာ အစိုးရဘက်က ဘာတွေ ဆောင်ရွက်ပေးဖို့လိုမလဲ။ “တအုံနွေးနွေးဆိုတာထက် ကျီးလန့်စာစားအခြေအနေဖြစ်နေရတယ်။ ထိုင်းတောင်ပိုင်းမှာ ဟိုတညက ဗမာကောင်မလေးတယောက် အဓမ္မပြုကျင့်ခံရပြီး လည်ပင်းလှီးခံရတယ်။ ပြီးခဲ့တဲ့ ၂ ရက်က ဒီမှာ ထိုင်းကောင်မလေးတယောက်ကို ဗမာကောင်လေးတယောက်က အဓမ္မ ပြုကျင့်ပြီးတော့ လည်ပင်းလှီးသွားတယ်ဆိုပြီးတော့ ထိုင်းဘက်ကနေပြီးတော့ စွပ်စွဲတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ကျနော်တို့နား လေး ငါး ခြောက်လမ်းလောက်အကွာမှာပဲ ဆလုံကျွန်းမှာ သာသနာပြုတဲ့ပုဂိုလ်ရဲ့ တရားပွဲ ၃ ပုံ ၂ ပုံလောက်ဖြစ်နေပြီလေ အဲဒီအချိန်မှာ ရဲအုပ်စုတွေ ၀င်ပြီးတော့မှ တရားပွဲကို ပတ်စပို့စစ်တယ်။ ဘတ်တွေစစ်တယ်ဆိုတာ ဒါဟာ အင်မတန် မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စပေါ့နော်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောပြောပြီးတော့ ပြီးသွားပြီ၊ သို့သော် ဒီဘက်မှာ ပကတိရှိနေတဲ့အခြေအနေကို ဒေါ်အောင်ဆန်းစုကြည် ၂၅ ရက်နေ့က ပြန်သွားတယ်၊ ဒီကနေ့ဆို ၁၁ ရက်ဆိုတော့ လ၀က်ရှိသွားပြီ၊ တောက်လျှောက်မြန်မာအလုပ်သမားတွေ ခံနေရပေမယ့် ဗမာအစိုးရ ဘက်ကရော၊ နိုင်ငံတော်အဆင့်ကရော သံရုံးကရော တစုံတခုပေါ့၊ ဒါမျိုးမဖြစ်အောင် ဘာလုပ်မလဲ၊ ဒါသည် ဘယ်လိုဖြစ်သင့်လဲဆိုတာ အခုထိ လုပ်တာကိုင်တာ မမြင်ရသေးဘူးဗျ။ ဒါ့အတွက် ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။” ဒီကနေ့သတင်းတပုဒ်ဖတ်ရတယ်၊ မြန်မာအလုပ်သမားတွေအလုပ်လုပ်နေတဲ့ နာနတ်သီးစက်ရုံ အမှုကိစ္စကို အစီရင်ခံစာစာတမ်း ဖြန့်ချိတဲ့ ဖင်လန်နိုင်ငံက အဖွဲ့တဖွဲ့ရော မြန်မာ အလုပ်သမားရေးကူညီသူ အန်ဒီဟောရော သူတို့တွေရုံးချိန်းမှာ ဖင်လန်သံရုံးနဲ့ ယူကေသံရုံးက သံအမတ်ကြီးတွေကိုယ်တိုင် တက်ကြတာတွေ့တယ်။ ဗမာပြည်နဲ့တော့ ကွာတယ်နော်။ “ကွာတယ်၊ ကျနော်တို့ ဒီကနေ့ ထိုင်းထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်မှုတွေ၊ နောက်ပြီးတော့ ကျနော်တို့ကို သွယ်ဝိုက်သောနည်းတွေနဲ့ ခြိမ်းခြောက်မှုတွေ၊ အထူးသဖြင့် ထိုင်းဘက်ကရော၊ ဗမာဘက်ကရော ကျနော်တို့ ခံနေရတာပဲ။ သို့သော်ကျနော်တို့ သေနတ်ပစ်သတ်ခံလိုက်ရပါလား၊ ကျနော်တို့တွေ ဖမ်းဆီးခံလိုက်ရပါလား။ ဗမာအစိုးရမှာ အဲဒီလို ကိုယ့်နိုင်ငံသားတယောက်အတွက် လိုအပ်တဲ့ အားပေးကူညီမှု၊ အားပေးကူညီ ရမယ်ဆိုတဲ့ အသိစိတ်ဓာတ် ဒီနေ့ဒီအချိန်ထိ မတွေ့သေးဘူးဗျ။ အဲလိုဝန်ထမ်းမျိုးလည်း မရှိသေးဘူးဗျ။ မဖြစ်နိုင်ဘူးဗျ။” ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးနဲ့ပတ်သက်လို့ တခြားဘာတွေ ထောက်ပြစရာ မှတ်ချက်ပြုစရာရှိမလဲ။ “ထောက်ပြစရာဆိုရင်တော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခါမှာ ဒီဘက်က အလုပ်သမားရေးကျွမ်းကျင်သူတွေ အကြံပြုလိုက်ပါတယ်။ သန်းချီရှိတဲ့အလုပ်သမားတွေကို ဒီမှာ ဗမာသံရုံးမှာ အလုပ်သမား သံအရာရှိ ၂ ယောက်လွှတ်ထားပါတယ်ဆိုတာက ဒါက အရင်ခေတ်ကတည်းက ပြောနေတဲ့စကားပါပဲ။ လုံလောက်ဖို့နေနေသာသာ ဘာမှ အရာမရောက်ဘူး။ ဒါကြောင့်မို့ ဒီဘက်မှာ လူကုန်ကူးခံနေရသူတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရသူတွေ အကာကွယ်မဲ့နေတဲ့ အလုပ်သမားတွေကို၊ နိုင်ငံသားတွေကို အမေ ဒေါ်အောင်ဆန်းစုကြည်ပြောသလို သံရုံးသည် မိဘအိမ်သဖွယ်ဖြစ်ကြစတမ်းဆိုလို့ရှိရင် သံဝန်ထမ်းတွေသည်ပင်လျှင် လူမှုဝန်ထမ်းစိတ်ရှိတဲ့ဝန်ထမ်းတွေနဲ့ ပြောင်းလဲပေးပါလို့ ကျနော် ဒေါ်အောင်းဆန်းစုကြည်နဲ့တွေ့တဲ့အစည်းအဝေးမှာကို ပြောတယ်။ လူမှုဝန်ထမ်းစိတ်ရှိဖို့ လိုတယ်။ ကိုယ့်နိုင်ငံသားတွေ တယောက်သေသွားတယ်၊ ကိုယ့်နိုင်ငံသားတွေ ကားမှောက်တယ်၊ ကိုယ့်နိုင်ငံသားတွေ အလုပ်လုပ်နေတဲ့ အလုပ်ရုံတရုံ မီးလောင်တယ်ဆို ချက်ခြင်းရောက်နိုင်လောက်တဲ့ လူမှုဝန်ထမ်းစိတ်ရှိတဲ့ ၀န်ထမ်းမျိုးနဲ့ အလဲအလှယ်လုပ်ဖို့လိုတယ်၊ နောက်ပြီးတော့ ထိုင်းနိုင်ငံအနှံ့မှာ သန်းချီပြီးတော့ပျံ့နှံ့နေတဲ့နေရာတွေမှာ အလုပ်သမား အများစုရှိတဲ့နေရာတွေ ရွေးချယ်ပြီးတော့မှ မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ၊ အလုပ်သမားဝန်ကြီးဌာနက တကယ့်ဝန်ထမ်းကောင်းတွေ လာပြီးတော့မှ၊ ကြပ်မတ်ပြီးတော့မှ နေ့တိုင်း နေ့တိုင်း နေ့တိုင်း လုပ်နေမှသာလျှင် ဗမာတွေဟာ ထိုင်းလုပ်ငန်းရှင်၊ ထိုင်းအာဏာပိုင်တွေရဲ့နှိပ်ကွပ်မှုကနေ နည်းနည်းသက်သာနိုင်လိမ့်မယ်လို့ ပြောချင်တယ်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024