ထိုင်းတွင် မြန်မာလုပ်သားတဦး ရေဆင်းကူးရာမှ လိင်အင်္ဂါ ထိခိုက်မှုဖြစ်

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မောင်ဖြူအား ဆေးရုံသို့ခေါ်ရန် ပြင်ဆင်နေစဉ်။ (ဓာတ်ပုံ - thephuketnews)
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မြောက်ပိုင်းက ပုစွန်မွေးမြူရေးလုပ်ငန်း တခုထဲမှာ ဇူလိုင် ၁၇ ရက်နေ့က မြန်မာလူငယ်တဦးဟာ ရေကူးနေချိန်မှာ လေအားလျှပ်စစ်တာဘိုင်ဘလိတ်သွား တခုနဲ့ မတော်တဆ ထိခိုက်မိပြီး လိင်အင်္ဂါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် မောင်ဖြူအမည်ရှိ အဲဒီ မြန်မာလူငယ်ဟာ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေသူတဦးဖြစ်ပြီး ကန်တွင်း ရေဆင်းကူးချိန်မှာ ခုလို မတော်တဆ ဖြစ်ခဲ့တာလို့ ဖူးခက်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ သာလန်းခရိုင်ရဲတွေဟာ အဲဒီနေ့ မနက် ၁၁ နာရီခွဲလောက်မှာ ဆေးရုံ အရေးပေါ်ဌာနက ဖုန်းဆက်သွယ်မှု ရရှိခဲ့တာပါ။ ရဲတွေ ဆေးရုံရောက်သွားချိန်မှာ အဆိုပါ မြန်မာအလုပ်သမားလူငယ်ရဲ့ လိင်အင်္ဂါဟာ ဟက်တက်ခွဲခံထားရသလို ထိခိုက်ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူနေပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဆရာဝန်တွေက မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ သူ့ကို ဆေးရုံ ပို့ဆောင်ပေးခဲ့သူက အဆိုပါပုစွန်ကန်ကို ကြည့်ရှုစောင့်ကြပ်ရသူတဦးဖြစ်ပြီး ရေထဲက အော်သံ စူးစူးဝါးဝါး ကြားခဲ့ချိန်မှာ အရေးပေါ်ကယ်ဆယ်ကာ ပစ်ကပ်ထရပ်ကားနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တာပါ။ သူ့ရဲ့အဆိုအရ မြန်မာလူငယ်ဟာ အလုပ်ပိတ်ရက် သူငယ်ချင်းတွေဆီ အလည်လာခဲ့ချိန်မှာ ခုလို မတော်တဆ ဖြစ်ခဲ့တာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up