DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေ တပ်မဟာ ၄ နယ်မြေအချို့ကို အစိုးရတပ်က သိမ်းပိုက်
DVB
·
September 26, 2011
ကေအိုင်အေ တပ်မဟာ ၄ နယ်မြေအချို့ကို အစိုးရတပ်က သိမ်းပိုက်
Donate to DVB

အစိုးရတပ်က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) နယ်မြေကို တပ်ရင်း ၁၀ ရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) က ပြောပါတယ်။

ကေအိုင်အိုတပ်မဟာ (၄) ခွင်ကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကစပြီး လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင့် မူဆယ်ခရိုင်အခြေပြု ကေအိုင်အေ တပ်ရင်း ၂ နဲ့ တပ်ရင်း ၉ ကို လက်လွှတ်ပေးလိုက်တယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်​။

“လက်နက်ကြီးနဲ့ပဲ တရစပ်ပစ်တဲ့အတွက်ကြောင့် နောက်တန်းရုံးအဖွဲ့တွေကို နေရာဖယ်ခိုင်းလိုက်တာပါ။ အားလုံးကို ရှေ့တန်းကို လွှတ်ထားလိုက်ပါပြီ။ ကျနော်တို့ လက်ရှိကျင့်သုံးနေတာက ပြောက်ကျားစစ်ဗျူဟာပါ။”

တိုက်ပွဲဟာ မူဆယ်၊ ကွတ်ခိုင်နဲ့ မန်တုံမြို့နယ်တွေမှာ ဖြစ်ပွားနေပြီး အစိုးရတပ်ဘက်က လက်နက်ကြီးတွေ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်​။

“တိုက်ပွဲတော်တော်ပြင်းထန်တယ်။ သူ့ရဲ့အင်အားက ၁၀၀၀ ကျော်သွားပြီ။ ဒီနေ့ရတဲ့စာရင်းအရ၊ တပ်ပို့တွေ ထပ်ဖြည့်တာတွေလည်းရှိတယ်။”

ကေအိုင်အေ တပ်မဟာ ၄ ခွင်ကိုတိုက်တဲ့ အစိုးရထိုးစစ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမတိုင်ခင် ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကို     ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု- ဗိုလ်ချူပ်ကြီး စိုးဝင်းနဲ့ ရမခ (အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)  တိုင်းမှူးတို့ ဦးစီးကွပ်ကဲခဲ့တာလို့ ဆိုပါတယ်။

အစိုးရဘက်ကထိုးစစ်ဟာ မူဆယ်မြို့က ရွှေပြည်သစ်ရဲဘက်စခန်းကို ကေအိုင်အေတပ်မဟာ ၄ က ၀င်စီးခဲ့ပြီးနောက် အစိုးရဘက်က တိုက်ခိုက်မှုဖြစ်ပါတယ်။

ကေအိုင်အေဘက်ကလည်း ထိုးစစ်ကို ခုခံနေချိန်မှာ အခြားနေရာတွေဖြစ်တဲ့  ဗန်းမော် - လွယ်ဂျယ်လမ်းပေါ်က စိန်လုံနဲ့ လွယ်ဂျယ် တို့မှာ ကေအိုင်အေဘက်က စတင်တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ဗန်းမော် - မြစ်ကြီးနားလမ်းပေါ်ရှိ တုန်ဖုန်းယန်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကေအိုင်အေသတင်းရပ်ကွက်အရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ကြောင့် အခုလာမယ့် လေးလပတ်ပုံမှန် အစည်းအဝေးမှာလည်း စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေပဲ ကျလာဖို့ များတယ်လို့ ဦးလနန်းက သုံးသပ်ပါတယ်။

“အခု သူတို့ပြောဆိုနေတာတော့ နိုင်ငံရေး ဆွေးနွေးမှုမျိုး ပြုလုပ်ဖို့ တဖက်မှာ ပြောနေကြပေမယ့် စစ်တပ်ဘက်ကတော့ စစ်ရေးနည်းနဲ့ပဲ အားလုံးကို ဖြေရှင်းနိုင်တယ်။ အားလုံးကို စိုးမိုးနိုင်တယ်ဆိုတဲ့ ပေါ်လစီကို လက်ကိုင်ကျင့်သုံးနေတယ်။ ဒါကြောင့်မို့ ဒီလေးလပတ်မှာ ထွက်လာမယ့် ရလဒ်ကတော့ တိုက်ပွဲခေါ်သံပဲ ဖြစ်ပါလိမ့်မယ်။”

၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်စဲတဲ့ ကေအိုင်အိုဟာ အစိုးရစီမံတဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ပယ်ချပြီးတဲ့နောက် ဒီနှစ် ဇွန် ၉ ရက်နေ့ကစလို တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အပစ်ရပ်ရေးစကားပြောနေပေမယ့် လက်တွေ့ မရပ်သေးပဲ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013