ရွှေဝါရောင်တော်လှန်ရေး လေးနှစ်ပြည့် ၀တ်ပြုဆုတောင်း
ရွှေအောင်
·
September 26, 2011
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် ၀တ်ပြုဆုတောင်းပွဲကို ရန်ကုန်မြို့လယ် ဆူးလေ စေတီရင်ပြင် ကြာသပတေးထောင့်မှာ ဒီနေ့ ပြုလုပ်သွားပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ရက်နဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေ စုစုပေါင်း ၁၀၀ လောက်က မွန်းလွဲ ၃ နာရီမှာ ဆောင်ရွက်သွားတာပါ။ ဒီလို လူစုလူဝေးနဲ့ ရန်ကုန်မြို့ ပေါ်လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ပထမဆုံးဖြစ်ပွားသွားတာပါ။
ဆုတောင်းအဖွဲ့ဟာ ဆူးလေစေတီကို မရောက်ခင် အာဏာပိုင်တွေရဲ့ တားမြစ်ပိတ်ပင်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ မနက်ပိုင်းက ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ မကွေးပရိယတ္တိစာသင်တိုက်မှာ သံဃာ တော်တွေကို ဆွမ်းကပ်ပြီး ဆူးလေဘက်ကိုအသွား မြောက်ဥက္ကလာအ၀ိုင်းအနီး လမ်းဆုံအရောက်မှာ သူတို့ကို ရဲတွေက တားမြစ်တယ်လို့ ဆုတောင်းပွဲကို ဦးဆောင်သူ နော်အုန်းလှက ပြောပြပါတယ်။
“ကျမတို့က ဆူဆူပူပူမှုကို လုံးဝ လှုပ်ရှားမယ့်လူ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါက ကျမတို့ ပြည်သူတယောက်အနေနဲ့ ခံစားရတာ တော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းနေတယ်လို့ မြင်ပါတယ်။”
အဲဒီနောက် တားမြစ်ခံရတဲ့ လမ်းဆုံအနီး လူသွားစင်္ကြံ မှာပဲ မိုးရွာထဲမှာ ၀တ်ပြုဆုတောင်းကြရာက မွန်းလွဲ ၂ နာရီလောက်မှာ လူစုခွဲကြပြီး ရန်ကုန်မြို့လယ် ဆူးလေစေတီမှာ ၀တ်ပြုဆုတောင်းကြ တယ်လို့ ၀တ်ပြုဆုတောင်း အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျမတို့ အင်အား ၃၀၀ ကျော်လောက်က ၀တ်ပြုဆုတောင်းလိုက်တယ်။ ကျမတို့ကို ရှေ့သွား ခွင့်မပြုလို့ပါ။ ဆုတောင်းပွဲပြီးတော့ လူစုခွဲပြီးတော့ နှစ်ယောက်တတွဲစီပဲ ပြန်ခွင့်ပြုလို့ ကိုယ့်နည်းကိုယ့် ဟန်နဲ့ ပြန်ကြပြီးတော့ ကျမတို့ ဆူးလေမှာ စုရပ်လုပ်ပြီးတော့ ဆူးလေမှာ ၁၅ မိနစ်ပဲ ဆုတောင်း ခွင့်ပြုပါတယ်။”
ဒီနေ့ ဆုတောင်းပွဲလှုပ်ရှားမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ဆန္ဒစောတယ်လို့ ဝေဖန်လိုက်ပြီး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ တွေ့ဆုံဆွေးနွေးပွဲ ထိခိုက်စေမှာကို မလိုလားဘူးလို့ ပြောပါတယ်။
“ပိုမိုပြီးတော့ အလားအလာ ကောင်းနေတယ် ဆိုတဲ့ သဘောတွေ ပြောနေတဲ့အချိန်မှာ အေးအေးချမ်းချမ်း ရှိရင်တော့ ပိုကောင်းတာပေါ့။ အဲ့ဒါကြောင့် အခုလိုမျိုး ပြဿနာတွေက မလိုလားအပ်တဲ့ အစိတ်အပိုင်းတွေကနေ မှန်မှန်ကန်ကန် ဖြစ်ရမယ့်ကိစ္စမှာ ၀င်ပြီးတော့ နှောင့်ယှက်တဲ့သဘော ဖြစ် နေတယ်။ အခြေအနေက စောင့်ကြည့်ဖို့ကောင်းနေတဲ့ သဘောမျိုးမှာ ဆက်ပြီးဒီလိုလုပ်တာတော့ ဒါ အနှောင့်အယှက်တခု ဖြစ်နေတယ်လို့ ကျနော်တို့ သဘောရတယ်။”
ဆုတောင်းပွဲကို ဦးဆောင်သူ နော်အုန်းလှကတော့ တွေ့ဆုံဆွေးနွေးပွဲ ပျက်စေလိုတဲ့ ရည်ရွယ်ချက် အလျဉ်းမရှိဘူးလို့ ပြောပါတယ်။
“ကျမတို့လုပ်တဲ့လုပ်ရပ်က ကျမတို့နိုင်ငံမှာ ဖြစ်လာတဲ့ အထိမ်းအမှတ်နေ့တွေကို ရိုးသားစွာနဲ့ အထိမ်းအမှတ် လုပ်တာဖြစ်တဲ့အတွက် ကျမတို့စိတ်လည်း ရှင်းတယ်။ ဒီအပေါ်မှာ ကျမတို့က ထိခိုက်စရာမရှိဘူးလို့ မြင်ပါတယ်။ အဲဒါကြောင့် ကျမတို့အလုပ် ကျမတို့လုပ်သွားတယ်။ အစ်မ (ဒေါ်အောင်ဆန်းစုကြည်)ကလည်း သူ့အလုပ် သူလုပ်သွားပါတယ်။”
၂၀၀၇ ခုနှစ် စက်တင်ဘာမှာ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သလို သံဃာတွေကို ဖမ်းဆီးလူဝတ်လဲပြီး နယ်ဝေး ထောင် တွေကို ပို့ဆောင်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ရက်ဟာ ပြီးခဲ့တဲ့လတုန်းကလည်း ရွှေတိဂုံစေတီ ရင်ပြင်ပေါ်မှာ စုပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ၀တ်ပြုဆုတောင်းခဲ့ကြပါသေးတယ်။



