ကုန်တင်ကားကြီးတစီးကို ဒီကေဘီအေ မီးရှို့
DVB
·
September 26, 2011

ကရင်ပြည်နယ် မြ၀တီမြို့က ကုန်ပစ္စည်းတင် ကားတစီးကို ဒီကေဘီအေ တပ်ဖွဲ့က မီးရှို့လိုက်ပါတယ်။
ကရင်ပြည်နယ် မြ၀တီကနေ ကော့ကရိတ်ကိုအသွား တမိုင်ခန့်အကွာမှာ ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) က အခွန်ကျပ်ငွေသုံးသိန်း ကောက်ခံတဲ့ကိစ္စ ညှိနှိုင်းမရလို့ ကားကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တာလို့ ကုန်သည်တဦးက ပြောပါတယ်။
“လူတွေကို ပြန်လွှတ်ပေးတယ်။ ကားကြီးကိုမီးရှို့လိုက်တယ်။ ခေတ်ကာလက ဘယ်အစိုးရတက်တက် ဒီလမ်းမှာက ဒီလိုပဲဖြစ်နေတယ်။”
ကုန်သည်တွေဟာ ကားလမ်းတလျှောက်မှာ အစိုးရစစ်တပ်၊ ရဲ၊ အဖွဲ့စုံဂိတ်တွေနဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကို အခွန်ငွေကြေး ပေးဆောင်နေရတာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။
မီးရှို့မှုနဲ့ ပတ်သက်လို့ ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူးစန်းအောင်က အစိုးရတပ်တွေက တောင်းဆိုတဲ့ ငွေကိုတော့ ပေးဆောင်ကြပြီး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုတဲ့ငွေကြေးကို မပေးတဲ့အတွက် လုပ်တာဖြစ်တယ်လို့ ပြောပါတယ်။
ကားမီးရှို့မှုဖြစ်အပြီး အစိုးရတပ်နဲ့ ဒီကေဘီအေတပ်အကြား နာရီအနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေးစိတ်တော့ မသိရသေးပါဘူး။
