နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းမည့်သူများကို ရဲကတားဆီး
DVB
·
September 26, 2011

ရန်ကုန်မြို့တော်ခန်းမအနီးမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲလုပ်ဖို့ သွားသူ ၄၀၀ ကျော်ကို ရဲတပ်ဖွဲ့က လမ်းမှာတားဆီးလိုက်တယ်လို့ ဆုတောင်းပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ နော်အုန်းလှက ပြောပါတယ်။
[caption id="attachment_15932" align="alignright" width="223" caption=" ဆုတောင်းရန် သွားသူများ နဝဒေးရုပ်ရှင်ရုံအနီး တားဆီးခံနေရစဉ်"]
[/caption]
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကွန်ရက်အဖွဲ့ဝင် ၄၀၀ ကျော် စီးနင်းလိုက်ပါလာတဲ့ ဘီအမ်ဟီးနိုးကား ၃ စီးကို ရဲတပ်ဖွဲ့ဝင်တွေက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနရုံးချုပ်ရှေ့နားမှာ တားဆီးတာဖြစ်ပြီး အတားခံရတဲ့နေရာမှာပဲ ဆုတောင်းပွဲလုပ်မယ် လို့ အဖွဲ့ဝင်တဦးက မွန်းလွဲတနာရီခွဲ ဆက်သွယ်မေးမြန်းစဉ် ပြောကြားပါတယ်။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းမယ့် သူတွေဟာ ဒီနေ့မနက်မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မကွေးပရိယတ္တိစာသင်တိုက်မှာ သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းပြီး နောက် ဆုတောင်းပွဲပြုလုပ်ဖို့အသွား လမ်းမှာ ခုလိုတားဆီးခံရတာပါ။
တားဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားသူတွေဟာ မွန်းလွဲ ၂ နာရီလောက်မှာ နှစ်ယောက်တတွဲ လူစုခွဲလိုက်ကြပြီး ၃ နာရီလောက်မှာ ရန်ကုန်မြို့လယ် ဆူးလေစေတီမှာ ပြန်စုစည်းကြပါတယ်။
သက်ဆိုင်ရာက ၁၅ မိနစ် ဆုတောင်းခွင့်ပြုတဲ့အတွက် ၀တ်ပြုဆုတောင်းသူ ၁၀၀ ကျော်ဟာ ဆူးလေစေတီ ကြာသပတေးထောင့်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းကြတယ်လို့ ၀တ်ပြုဆုတောင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။
