
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ဒီကနေ့ မနက်ပိုင်းကစပြီး မြို့ပေါ် မြေနှိမ့်ရပ်ကွက်တွေမှာ ရေ၀င်ပြီး ရေလျှံမှုတွေဖြစ်ပွားနေပါတယ်။
ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်ကစပြီး အခုချိန်ထိ ရေတွေ တဖြည်းဖြည်းချင်းဆီ တက်လာနေတယ်လို့ မြစ်ကြီးနားမြို့ခံ ဦးတန်ဂွန်းက ပြောပါတယ်။
“လောလောဆယ် မြေနှိမ့်တဲ့နေရာတွေပေါ့လေ တော်တော်များများပါပဲ။ အရင်ကလယ်တော အခု အိမ်ယာမြေဖြစ်ကုန်တဲ့နေရာတွေလည်း ရေတော်တော်လျှံနေပြီ။ တချို့ အောက်ထပ်အိမ် တွေဆိုရင်တော့ အိမ်ထဲမှာတို့၊ အခန်းတွေထဲမှာ ရေ၀င်နေပါပြီ။ အခုတောင်မှ ၁၀ မိနစ်အတွင်းမှာ ရေက တလက်မလောက်တက်နေပြီ။ ဒီအတိုင်းဆိုရင်တော့ သတိပေးရမယ့် အနေအထားဖြစ်နေပြီ။”
အခုရေကြီးရေလျှံမှုဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အပြင် ဧရာဝတီမြစ်ရေ တက်တဲ့ အတွက်လည်း ရေလျှံတာလို့လည်း ပြောပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့က နေ ၇ ရက်အတွင်း ဧရာဝတီ နဲ့ ချင်းတွင်းမြစ်ဖျားပိုင်းတွေမှာ မိုးပိုလာဖွယ်ရှိပြီး သတိထားကြဖို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သတိပေးထားပါတယ်။
ချင်းတွင်းမြစ်ဖျားပိုင်းနဲ့ ဧရာဝတီမြစ်ဖျားပိုင်းတိုမှာ မိုးအသင့်အတင့်မှ မိုးသည်းထန်နိုင်တဲ့ အတွက် ရေပြန်တက်လာနိုင်တာကြောင့် မြစ်ရေများကို ဆက်လက်သတိထားဖို့ လိုအပ်တယ်လို့ လည်း ဖော်ပြထားပါတယ်။










