Live
Home
မြန်မာသတင်း
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်း
DVB
·
July 15, 2016
ဆန္ဒပြမှုနဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ၊ ဒု ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်တို့က တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ရှေ့နေချုပ်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ အမြဲတမ်းအတွင်းဝန် ၃ ဦးနဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ပါဝင်ပါတယ်။ ဗဟိုကော်မတီအနေနဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားပါက ပြည်နယ် အစိုးရတွေနဲ့ ချိတ်ဆက်ပြီး လျင်လျင်မြန်မြန်ကိုင်တွယ် ထိန်းသိမ်းနိုင်ရန် စီမံပေးဖို့၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တားဆီးကာကွယ်နိုင်ရေး စီမံပေးရန် တာဝန်တွေလုပ်ဆောင်ရမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံးရဲ့ ဇူလိုင် ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မီဒီယာနဲ့ သွေးထိုးလှုံ့ဆော်မှုတွေရှိပါက ပြည်သူတွေ အဖြစ်မှန် သိရှိစေဖို့ မီဒီယာဖြင့် ပြန်လည်ရှင်းလင်း တုံ့ပြန်ရန်၊ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အထွေထွေဆန္ဒပြမှု အသွင် ပြုလုပ်လာပါက ပြည်သူ့အားဖြင့် ပြန်လည် ဆန္ဒဖော်ထုတ်ချေဖျက်ရန်၊ ဆန္ဒပြ ဆူပူ အကြမ်းဖက်မှု အမျိုးအစားအလိုက် ကိုင်တွယ် ထိန်းသိမ်းနိုင်မယ့် စီမံခန့်ခွဲမှုတွေကို ကြိုတင်လေ့ကျင့် ပြင်ဆင်တာတွေကိုလည်း ကော်မတီအနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024