နိုင်ငံရေးအကျဉ်းသားလွှတ်ရန် လူတသိန်း လက်မှတ်ထိုးတောင်းဆို
အေးနိုင်
·
September 26, 2011

နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာနိုင်ငံသား တသိန်းက လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတကို တောင်းဆိုလိုက်ပါတယ်။
[caption id="attachment_15921" align="alignright" width="237" caption="ကိုဖြိုးမင်းသိန်း"]
[/caption]
၈၈ မျိုးဆက်ကျောင်းသားတွေ ဦးစီးပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ စုဆောင်း ကောက်ယူထားတဲ့ လက်မှတ်ပေါင်းတသိန်းကို နိုင်ငံတော်သမ္မတထံ ဒီနေ့ ပေးပို့မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လွန်ခဲ့တဲ့ လပိုင်းတွေ ကတည်းက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ လက်မှတ်ကောက်ယူ စုဆောင်းခဲ့ကြတာဖြစ်ပြီး ဒီလက်မှတ်တသိန်းကို လူမထပ်အောင် ကွန်ပျူတာနဲ့ မြို့နယ်အလိုက် စိစစ်ထားတယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရဟာ အရင်တပ်မတော် အစိုးရနည်းတူပဲ မြန်မာနိုင်ငံ မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ နိုင်ငံတကာကို တောက်လျှောက် ငြင်းဆန်နေပါတယ်။
ကိုဖြိုးမင်းသိန်းက “ကျနော်တို့ ဒီမိုကရေစီကို လျောက်လှမ်းမယ်ဆိုတဲ့ အရပ်သား အစိုးရတရပ်ဟာ ဒီမိုကရေစီတောင်းဆိုနေတဲ့လူတွေ၊ ဒီမိုကရေစီလိုလားသူတွေကို အကျဉ်းထောင်ထဲမှာ ဆက်လက်ထားရှိဖို့ မလိုအပ်တော့ဘူးလို့ ကျနော်တို့ ထင်ပါတယ်။ ဒါတွေကို ဆက်လက်ထားရှိနေဦးမယ်ဆိုရင် လက်ရှိအရပ်သားအစိုးရဟာ ဒီမိုကရေစီကို ရှေးရှုတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
လွန်ခဲ့တဲ့လပိုင်းတွေတုန်းကလည်း နိုင်ငံရေး၊ စာနယ်ဇင်းနဲ့ အနုပညာလောကက ထင်ရှားသူတွေရဲ့ လက်မှတ်ကို သမ္မတထံ ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။
