မြန်မာ့ဆန်ဝယ်ယူရန် ဖိလစ်ပိုင် ကမ်းလှမ်း
DVB
·
July 14, 2016
နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်နဲ့ မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံမှ ၀ယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ဦးခင်မောင်လွင်က “ဖိလစ်ပိုင်က အဲဒီမှာရှိတဲ့ မြန်မာသံရုံးကို ဆန်ဝယ်ချင်တယ်လို့ ဆက်သွယ်လာခဲ့တာပါ။ ယေဘုယျအားဖြင့်တော့ ဖိလစ်ပိုင်နိုင်ငံဟာ ဆန်ကို ဗီယက်နမ်ကနေ တင်သွင်းနေတာပါ။ ခုလိုဖြစ်လာတဲ့အတွက် ကျနော်တို့အနေနဲ့ ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ရနိုင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃ သိန်းကို ၀ယ်ယူဖို့ အင်ဒိုနီးရှားနိုင်ငံကလည်း ကမ်းလှမ်းထားခဲ့ပြီး မကြာခင်မှာ ၂ နိုင်ငံ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးသွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ပြောပါတယ်။
အခုနှစ်အစောပိုင်းမှာတော့ သီးနှံဖျက် ပိုးမွှားတွေရဲ့ အန္တရာယ်ကြောင့် အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံးတင်ပို့မယ့် ဆန်စပါးထွက်ရှိမှု အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
မြန်မာအစိုးရကတော့ နိုင်ငံရဲ့ ဆန်စပါးဈေးကွက်ကို ပိုမိုချဲ့ထွင်နိုင်ဖို့ ရည်ရွယ်ပြီး ဆန်တင်ပို့နိုင်မှု ပိုမိုမြင့်တက်လာဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
နိုင်ငံတွင်းမှ အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေဟာလည်း ပူးပေါင်း လုပ်ဆောင်လာကြမှာဖြစ်ပြီး အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဖရိကနဲ့ အီးယူနိုင်ငံတွေအထိ ဆန်တင်ပို့နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဖိလစ်ပိုင်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။