အောက်မေ့ဖွယ်အခမ်းအနားတွင် ရွှင်မြူးတက်ကြွနေသည့် သမ္မတဟောင်းဘုရှ် ဝေဖန်ခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ဒါးလက်စ် ပစ်ခတ်တိုက်ခိုက်မှုမှာ စနိုက်ပါသေနတ်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရတဲ့ ရဲအရာရှိ ၅ ဦးရဲ့ အောက်မေ့ဖွယ် အခမ်းအနားတခုကို တက်ရောက်လာတဲ့ သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ်ဟာ ရွှင်မြူးတက်ကြွနေခဲ့တဲ့ ဟန်ပန်ကြောင့် ဝေဖန်ခံနေရပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က မော်တန် အိပ်ခ်ျ မေရာဆန် သံစုံတီးဝိုင်း ကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားမှာ ဘုရှ်ဟာ လက်ရှိ သမ္မတကတော် မစ်ရှဲလ်အိုဘားမားရဲ့လက်ကို ချိတ်ဆွဲဝှေ့ယမ်းပြီး ရွှင်မြူးနေတဲ့ပုံစံနဲ့ ရှိနေခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ ၄၃ ယောက်မြောက် သမ္မတဖြစ်တဲ့ အသက် ၇၀ အရွယ် ဘုရှ်ဟာ ဇနီးဖြစ်သူ လော်ရာဘုရှ်နဲ့ သမ္မတကတော်ကြားမှာ ရပ်နေခဲ့ပြီး အတူတကွ သီချင်းသီဆိုနေခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ဘုရှ်ရဲ့ ပြောရေးဆိုခွင့်ရသူ ဖရက်ဒီဖို့ဒ်က ဒါဟာ မြူးကြွပျော်ရွှင်စရာကောင်းတဲ့ တေးသွားကြောင့် ခုလို လှုပ်ရှားခဲ့တာသာဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ ဒီအန်အန်ရုပ်သံက ထုတ်လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်အောက်မှာ မှတ်ချက်ပေးသူတဦးက “ဘယ်လောက်များ ကိုးရိုးကားရားနိုင်တဲ့ ကခုန်မှုလဲလို့၊ မီရှဲလ်ရဲ့မျက်နှာမှာ ဒီလူ ဘာတွေလုပ်နေပါလိမ့်ဆိုပြီး ကြည့်နေသလို ခံစားရတယ်” လို့ ရေးခဲ့တာပါ။ BeardedGenius အမည်နဲ့ တွစ်တာအသုံးပြုသူတဦးကတော့ ဘုရှ်ကို သူ့အနေနဲ့ နာရေးအခမ်းအနားတခုမှာ ရှိနေတယ်ဆိုတာကို တယောက်ယောက်က ပြောသင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။ နောက်တဦးကတော့ “ခင်ဗျား နောက်နေတာလား။ အရူးပဲ။ ဒီနေရာ၊ ဒီအချိန်ဟာ ပျော်ရွှင်တဲ့ပုံနဲ့ ကနေရမယ့်နေရာမဟုတ်ဘူး။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်သလဲ” လို့ ရေးခဲ့ပါတယ်။ တချို့ကလည်း သမ္မတဟောင်းဘက်က ချေပပြောဆိုနေကြတာဖြစ်ပြီး “ခင်ဗျားတို့ရော လူပေါင်း ၂၀၀၀ လောက်ရှိတဲ့ အခန်းထဲမှာ ရှိနေမယ်လို့ တွေးဖူးသလား။ ခဏပဲ။ ခဏလေးပဲ အဲဒီအခန်းထဲမှာ ရှိနေချိန်မှာ ကြားရတဲ့ ဂီတသံကြောင့် ခင်ဗျားတို့ဆိုရင်ရော ချီးမွမ်းအောက်မေ့ပွဲမှာ မလှုပ်ရှားကြတော့ဘူးလား။ ကျနော်ဆိုရင်လည်း ရွှင်ရွှင်မြူးမြူးနဲ့ လှုပ်ရှားမိမှာပဲ။ ဘုရားသခင်ဟာ ဒီနိုင်ငံနဲ့ ဒီအဖြစ်အပျက်မှာ သေဆုံးသွားကြတဲ့ အရာရှိတွေကို စောင့်ကြည့်နေမှာပါပဲ” လို့ တယောက်က ရေးခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဘုရှ်ဟာ သမ္မတ အိုဘားမား၊ ဒါးလက်စ်မြို့တော်ဝန် မိုက်ခ် ရောလင်းစ်တို့နဲ့အတူ အောက်မေ့ဖွယ် အမှတ်တရစကား ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up