DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်သုံးသပ်ရန် ပညာရှင်များ တိုက်တွန်း
DVB
·
September 23, 2011
မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်သုံးသပ်ရန် ပညာရှင်များ တိုက်တွန်း
Donate to DVB

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဒီနေ့ဆွေးနွေးကြရာမှာ ပညာရှင်အများစုက စီမံကိန်းရပ်ဖို့  သဘောထားပေးကြပြီး ဒီစီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ သမ္မတထံ တင်ပြသွားမယ်လို့ ပြောပါတယ်။

ရန်ကုန် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခြံမှာ ဒီနေ့လုပ်တဲ့ ဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ပြီး အများစုက ရေကာတာ ဆောက်လုပ်မှု ရပ်တန့်ရေးကို လိုလားတယ်လို့ ဆွေးနွေးပွဲကြီးကြပ်သူတွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာ ပညာရှင်တွေနဲ့ ဆည်မြောင်းဦးစီးဌာနက ပုဂ္ဂိုလ်တွေပါ  မြစ်ဆုံဆည်ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးအပြစ် မှန်သမျှကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး ဆွေးနွေးချက်တွေကို သမ္မတဦးသိန်းစိန်ဆီ တင်ပြမယ်လို့ သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းရေးအသင်း (Forest Resource Environment Development and Conservation Association, FREDA) ဒု-ဥက္ကဋ္ဌ ဦးအုန်းက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ဆည်မြောင်းအင်ဂျင်နီယာတချို့က ဆည်ကြောင့် ရရှိမယ့် အကျိုးတွေကို တင်ပြကြသလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေကလည်း သဘာဝဇီဝမျိုးတွေ ပျက်သုဉ်းမယ့်အရေး၊ လူမှု-စီးပွားအကျိုးဆက်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့်အရေး စတာတွေကို တင်ပြကြပြီး သဘာဝ ပတ်ဝန်းကျင်အခြေပြု ခရီးသွားလုပ်ငန်း လုပ်ရင် ပိုအကျိုးရှိမယ် စသည်ဖြင့် တင်ပြ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးသူအများစုရဲ့ သဘောထားကတော့ ဒီစီမံကိန်းကို မလုပ်ဖို့ဘက်ကဖြစ်တယ်၊ ဒါကြောင့် အကျိုးနဲ့အပြစ်ကို မျှမျှတတ ပွင့်ပွင့်လင်းလင်း စဉ်းစားဆုံးဖြတ်ဖို့ သမ္မတဆီကို စာရေးပေးပို့ကြမယ်လို့ ဦးအုန်းက ပြောပါတယ်။

“တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ အထူးသဖြင့် လူမျိုးစုတွေအပေါ်မှာ အမြင်မမှားရ အောင် စေတနာထားပြီးတော့ ဆုံးဖြတ်ပေးပါဆိုပြီးတော့ စာတင်ကြဖို့ ကျနော်တို့ သဘောတူပါတယ်။”

ဒီနေ့ဆွေးနွေးပွဲမှာပါတဲ့ ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီ ပြောခွင့်ရသူ ဦးမျိုးညွန့်က ပြည်ထောင်စုအကျိုးစီးပွားအတွက်ဆိုပေမယ့် ဒေသခံ ကချင်လူမျိုးတွေ အကျိုးရှိစေရေး ဆောင်ရွက်ဖို့၊ အမျိုးသားအဆင့်စီမံကိန်းမှာ လူထုပါ ပါဝင်ဆောင်ရွက်နိုင်ဖို့၊ အများက ပါဝင်ဆောင်ရွက်ခွင့် မရှိခဲ့လို့ ခုလို ဖြစ်လာကြောင်းနဲ့ အရေးအကြီးဆုံးအဖြစ် ဆည်ကြီးကို ဆက်ဆောက်လို့ ပြီးတဲ့တိုင် ဆည်လုံခြုံရေးကို အကြောင်းပြုပြီး အချုပ်အခြာကို ထိပါးလာနိုင်ဖွယ်ရှိတာကို တင်ပြသွားတယ်လို့ ပြောပါတယ်။

“အဲဒါရဲ့လုံခြုံရေးကို မြန်မာစစ်တပ်တို့လောက်နဲ့တော့ ပြီးမှာမဟုတ်ဘူး၊ တရုတ်စစ်တပ်တို့ တရုတ်ပုလိပ်တပ်တို့ စတဲ့ လုံခြုံရေး ၏အစီအမံတွေ ရှိလာလို့ရှိရင် မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တစုံတရာ ဆုံးရှုံးမှာ ဖြစ်ပါတယ်။ အဲဒါဟာ အရေး အကြီးဆုံးဖြစ်တဲ့အတွက် ဒီဆည်ကိုတော့ဖြင့်ရင် ဆောက်လုပ်တာ ပြန်ပြီးတော့ စဉ်း စားသင့်တယ်။”

ပညာရှင်တွေရဲ့ အကြံပြုချက်ကို စာရေးတင်ပြပေမယ့် အကောင်အထည် ဖော်မဖော်ဆိုတာကတော့ အာဏာပိုင်တွေ ဆုံးဖြတ်ရမယ့်ကိစ္စပဲလို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ကာတွန်းဆရာ အော်ပီကျယ်က ပြောပါတယ်။

“တင်တာကတော့ ကိစ္စမရှိပါဘူး။ အဓိကက လုပ်ဖို့လိုတာ။ နောက်ပြီးတော့ ကျနော်ထင်တယ် ငွေရေးကြေးရေးပိုင်းတွေကလည်း ရှိဦးမှာကိုးဗျ။ ငွေရေးကြေးရေး ပိုင်းရှိတော့ ကိုယ့်အိတ်ထောင်ထဲ ရောက်ပြီးသား ပြန်ပေးဖို့ဆိုတာကလည်း မလွယ် လောက်ဘူးထင်တယ်။”

ဧရာဝတီမြစ်ဆုံစီမံကိန်းကို တရုတ်နိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၃,၀၀၀ ကျော်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံဘက်က အကျိုး အမြတ်နည်းလွန်းပြီး ဆိုးကျိုးပိုများမယ်လို့ တတ်သိပညာရှင်တွေက အမျိုးသားရေး ပြဿနာအဖြစ် ထောက်ပြကန့်ကွက်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013