Home
မေးမြန်းခန်း
ဒီတွေ့ဆုံမှုဟာ အတော်လေးအဆုံးအဖြတ်ကျပြီး အရေးကြီးတယ်- ဆရာသန်းစိုးနိုင်
အေးနိုင်
·
July 7, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လတို့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁ ရာစုပင်လုံ)ကို လာမယ့်သြဂုတ်လနောက်ဆုံးပတ်ထက် နောက်မကျစေဘဲကျင်းပဖို့နဲ့ ညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်နိုင်အောင် ကြိုးပမ်းကြဖို့ ညီလာခံကြိုတင်ပြင်ဆင်ရေး ကော်မတီကို မူဝါဒချမှတ်လမ်းညွှန်ထားပါတယ်။ နိုင်ငံရေးဝေဖန်သူနဲ့ စာရေးဆရာ ဆရာသန်းစိုးနိုင်က “အဲဒီအစည်းအဝေးသာအောင်မြင်လို့ရှိရင် ၂၁ ရာစုပင်လုံညီလာခံဟာ အခြေခံအားဖြင့် အောင်မြင်ဖို့ ၇၅ ရာခိုင်နှုန်းလောက် သေချာတယ် လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ဒီတွေ့ဆုံမှုဟာ အတော်လေးအဆုံးအဖြတ်ကျပြီး အရေးကြီးတယ်လို့ ယူဆပါတယ်။” လို့ ပြောပါတယ်။ ဆရာသန်းစိုးနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၁ ရာစုညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီနဲ့ တွေ့စဉ်မှာ ညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေပါဝင်နိုင်အောင် ကြိုးစား လုပ်ဆောင်ဖို့ လမ်းညွှန်တယ်။ ၀ တပ်ဖွဲ့ (၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) နဲ့ တချို့အဖွဲ့ တွေကျတော့လည်း အန်စီအေ (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လက်မှတ်မထိုးဘူးလို့ ပြောထားတော့၊ ဘယ်လို အပြောင်းအလဲတွေဖြစ်လာနိုင်လဲ။ “ဒေါ်အောင်ဆန်းစုကြည် အဲဒီနေ့ (ဇူလိုင် ၅ ရက်) ပြောဆိုမှုမှာ ကျနော့်အမြင်အရတော့ တော်တော်လေးကို ပျော့ပြောင်းမှုတို့၊ ဖြေလျော့မှုတို့ လုပ်ထားတာတွေ့ရပါတယ်။ အဲဒီမှာ အခုခင်ဗျားပြောတဲ့ အန်စီအေမှာ လက်မှတ်ပါဝင်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ကိစ္စပေါ့ဗျာ။ အဲဒါတွေနဲ့ပတ်သက်ပြီး သူတို့ မပါဝင်တော့ဘူးဆိုရင်တော့ လာမယ့်ပင်လုံညီလာခံဆိုတာလည်း ဦးသိန်းစိန်ရဲ့ ညီလာခံလိုပဲ ဘာမှ သိပ်အဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူး။ အဲဒီတော့သူက အားလုံးပါဝင်ရေးဆိုတဲ့မူကို မူအရ ဆုပ်ကိုင်တယ်။ အဲဒီအခါကျတော့ ဒီအရင်တုန်းက လက်မှတ်မထိုးတဲ့အကြောင်းကလည်း အဖွဲ့အစည်း ၃ ဖွဲ့နဲ့ပတ်သက်ပြီးတော့ တီအန်အယ်လ်အေ (တအာင်းတပ်မတော်) တို့၊ အေအေ (ရခိုင်တပ်မတော်)၊ ကိုးကန့်တပ်မတော်တို့ ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့အပေါ်မှာ အခြေခံ ပြီးတော့ ဖြစ်တာ။ အဲဒီအခါကျတော့ အခုကတော့ သူပြောတဲ့သဘောထားက နိုင်ငံရေး ဆွေးနွေးပွဲ ပင်လုံညီလာခံမှာ သူတို့ကိုလည်း ဖိတ်မယ်၊ သူတို့မှာလည်း သူတို့သဘောထားတွေ ပြောဆိုခွင့်ရှိမယ်။ ဒါပေမယ့် မနေ့က ကိုမင်းဇော်ဦး ပြောဆိုတဲ့သဘောထားအရဆိုရင်တော့ မဲခွဲဆုံးဖြတ်တဲ့နေရာမှာတော့ သူတို့ကို လောလောဆယ် ပါဝင်ခွင့်မပြုဘူးပေါ့နော်။ အဲဒီတော့ အရင်တုန်းက ဒေါက်တာတင်မျိုးဝင်း သွားပြီးဆွေးနွေးတဲ့အခါတုန်းက ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ) နဲ့ ဆွေးနွေးတဲ့အခါမှာ အန်စီအေ (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်)မှာ လက်မှတ်မထိုးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်ခွင့်ရှိမှာမဟုတ်ဘူးဆိုတဲ့ မူထက် တဆင့်တိုးပြီး ပျော့ပြောင်း လာတာလို့ ကျနော် ယူဆပါတယ်။ ကျနော့်အမြင်အရကလည်း အန်စီအေမှာ လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ပင်လုံညီလာခံနဲ့ဟာ အဆက် အစပ်ရှိတယ်၊ သို့သော် တဖက်က ခြားနားမှုလည်းရှိလိမ့်မယ်ထင်ပါတယ်။ ဆိုလိုတာက ပြောချင်တဲ့အဓိပ္ပာယ်ကတော့ အခုပင်လုံညီလာခံမှာတော့ အားလုံးပါဝင်ပြီးတက်ရောက်ကြပေါ့ ဗျာ။ အားလုံးပါဝင်ပြီး တက်ရောက်တဲ့အချိန်အတွင်းမှာ ဒီနိုင်ငံရေးဆွေးနွေးပွဲအချိန်အတွင်းမှာ သူတို့ကိုယ်တိုင်ပါဝင်ပြောဆိုမှုအပေါ်မှာမူတည်ပြီး အန်စီအေလက်မှတ်ထိုးရေးကိစ္စကိုလည်း အဲဒီကိစ္စမှာ အဆင်ပြေသွားနိုင်တယ်လို့ ထင်ပါတယ်။ အရင်တုန်းက ဒီပြဿနာနဲ့ပတ်သက်ပြီး တင်းမာမှုဖြစ်တယ်ဆိုတာက တပ်မတော်ရဲ့ ဒီအဖွဲ့ ၃ ဖွဲ့ပေါ်မှာ လက်နက်ချမှသာလျှင် ဆွေးနွေး နိုင်တယ်ဆိုတဲ့သဘောထားကြောင့် ဖြစ်တာပါ။ အခုဟာက အဲဒီအနေအထားကနေ တဆင့်လျော့ကျသွားပြီ။ အဲဒီတော့ တဖက်က ပင်လုံညီလာခံမှာ သူတို့ပါဝင်ခွင့်ပြုမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခွင့်ပြုမယ်။ အဲဒီအပေါ်မှာ ဒီအခြေအနေရောက်လာပြီဆိုလို့ရှိရင် အားလုံး အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးရေးဆိုတာ ယူအန်အက်ဖ်စီ အနေနဲ့လည်း လိုက် လျောနိုင်တဲ့အနေအထားကောင်းလေးတရပ်ကို ဖန်တီးပေးရာရောက်တယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ဒီလိုအဆင့်တဆင့် မြင့်တက်လာတာနဲ့ပ တ်သက်ပြီး ကျနော်ကတော့ ကြိုဆိုတယ် ခင်ဗျ။” “နောက်တခုကတော့ ၀အဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စပါ။ ၀အဖွဲ့က အန်စီအေမှာ လက်မှတ်မထိုးဘူး လို့သူက ပြောတာမဟုတ်ဘူး။ သူက လက်မှတ်ထိုးပြီးသားလို့ သဘောထားတာဖြစ်ပါတယ် ၀နဲ့ မိုင်းလားက။ သူတို့က ၁၉၉၄ ခုနှစ်ကတည်းက အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးပြီ၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတယ်။ ဒါကြောင့်မို့ ဒီအပစ်အခတ်ရပ်စဲရေးကလည်း နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ တခါမှ လက်နက်ကိုင်ပဋိပက္ခ တပ်မတော်နဲ့လည်း တခါမှ မရှိတဲ့အခါကျတော့ သူတို့အနေနဲ့က ဒီ အန်စီအေမှာ ပါဝင်ပြီး လက်မှတ်ထိုးခြင်း၊ မထိုးခြင်းဟာ သူတို့အတွက် အရေးမကြီးဘူး၊ သူတို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရရင် တော်ပြီဆိုတဲ့ အနေအထား ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေလျော့မှုဟာ ကျနော်တို့ ၂၁ ရာစုပင်လုံညီလာခံကို အရင်ပထမအကြိမ်လုပ်ခဲ့တဲ့ညီလာခံနဲ့ ကွဲပြားခြားနားစွာ အားလုံး ပါဝင်ခွင့်ရဖို့အတွက် လမ်းခင်းပေးတဲ့ ဖြေလျော့မှုလို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ။ ၂၁ ရာစုပင်လုံညီလာခံနဲ့အပြိုင် စီအက်စ်အိုဖိုရမ်ကျင်းပရာမှာ ရွေးကောက်မခံရတဲ့ပါတီတွေ ပူးတွဲပါဝင်ကြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်တာရှိပါတယ်။ တကယ်ဖြတ်သန်းတဲ့အခါ စီအက်စ်အိုနဲ့ နိုင်ငံရေးပါတီနဲ့ ရပ်တည်ချက်ပိုင်းမှာ အခြေခံမတူညီမှုတွေရှိလာတော့ အဆင်မပြေမှုတွေရှိတယ်လို့သိရတယ်။ ဒီတော့ အဲဒီနိုင်ငံရေးပါတီတွေကို ဘယ်လိုစီစဉ်ရင် ကောင်းမလဲ။ “အရင်ကပြောခဲ့တဲ့ စီအက်စ်အိုဖိုရမ်မှာ ရွေးကောက်တင်မြှောက်ခြင်းမခံရတဲ့ နိုင်ငံရေးပါတီ တွေလည်း ပါဝင်ရေးဆိုတာကို ကျနော်ကတော့ ပုံသဏ္ဍာန်အရ သဘောမကျဘူး။ စီအက်စ်အို တွေ ထဲမှာလည်း၊ ဗမာပြည်မှာ စီအက်စ်အို ရှစ်ရာကျော်ရှိတဲ့အထဲမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စီအက်စ်အိုကလည်း တော်တော်များပါတယ်။ နောက်တခါ စီအက်စ်အိုတွေက ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ပါတဲ့နေရာမှာ လူထုအမြင်တွေကိုယ်စားပြုဖော်ပြတာသာဖြစ်ပြီးတော့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသဘောထားအရ၊ အခြေခံအရ မတူတဲ့သဘောသဘာဝတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်က အားလုံးပါဝင်ရေးက မူအရ ရွေးကောက်တင်မြှောက်ခြင်း မခံရတဲ့ ပါတီတွေရဲ့ အမြင်တွေကိုလည်း စုစည်းဖို့ လိုအပ်တယ်။ ဒါကြောင့်မို့ နိုင်ငံရေးပါတီတွေ သီးသန့်ဖိုရမ်တခု လုပ်မယ်၊ တဖက်က ငြိမ်းချမ်းရေး စီအက်စ်အိုတွေရဲ့ ဖိုရမ်ကို လုပ်မယ်။ အဲဒါတွေ ပေါင်းစည်းပြီးတော့ ၂၁ ရာစုပင်လုံမှာ ကိုယ်စားပြုမှုတစုံတရာနဲ့ သူတို့အမြင်ကိုတင်ပြနိုင်ရင် လုံလောက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ အခု အဲဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်က အရင်ပထမပိုင်းပြောခဲ့တဲ့အနေအထားထက် ပိုပြီးတော့ ကောင်းမွန်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဗမာပြည်မှာ နိုင်ငံရေးပါတီပေါင်းက ကိုးဆယ်ကျော်ရှိတယ်။ အဲဒီ ကိုးဆယ်ကျော် အားလုံးရဲ့ အမြင်တွေတင်ပြနိုင်ဖို့အတွက် အကုန်လုံးတက်ရောက်ခွင့်ပြုမယ် ဆိုရင်လည်း ဒါက ဦးသိန်းစိန်ကျင်းပခဲ့တဲ့ ညီလာခံလို ဖြစ်နေမှာပဲ။ နောက် တဖက်က စီအက်စ်အို အဖွဲ့အစည်းတွေကလည်း များပြားတဲ့အခါကျတော့ စီအက်စ်အိုတွေက သူတို့ လူထုဆီကနေပြီးတော့ မြင်တဲ့အမြင်တွေကို ကိုယ်စားပြုတင်ပြနိုင်တဲ့ အင်အားစုတချို့ပါဝင်ရင် လုံလောက်တယ်လို့မြင်ပါတယ်။ နောက်မို့ဆိုလို့ရှိရင် ကျနော်တို့က လူများပြီးပွဲမစည်တဲ့၊ မထိရောက်တဲ့ ညီလာခံမျိုး၊ ပထမအကြိမ်ကျင်းပခဲ့တဲ့ ညီလာခံမျိုး ဖြစ်သွားမှာကို ကျနော်တို့က အလွန်စိုးရိမ်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီတကြိမ်ဖြေလျော့မှုဟာ အခြေအနေနဲ့ကိုက်ညီတယ်။ အားလုံးပါဝင်ရေးဆိုတဲ့မူနဲ့လည်း တစုံတရာတော့ သင့်လျော်တယ်၊ လိုအပ်တယ်၊ ကောင်းလည်းကောင်းတယ်လို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ။” လာမယ့် ၃-၄ ရက်အတွင်းမှာ ယူအန်အက်ဖ်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်။ ဒီတွေ့ဆုံပွဲဟာ သြဂုတ်လနောက်ဆုံးပတ် အလွန်ဆုံးကျင်းပဖို့ လျာထားလုပ်ဆောင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံအတွက် ဘယ်လောက်အရေးကြီးပါသလဲခင်ဗျ။ “အဲဒါကတော့ တော်တော်အရေးကြီးပါတယ်။ အခုပထမပိုင်းမှာ အန်စီအေလက်မှတ်မထိုးတဲ့ ယူအန်အက်ဖ်စီခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ ဒေါက်တာတင်မျိုးဝင်းတို့ တွေ့ကြဆုံကြတယ်။ အဲဒီအခါမှာ ဒေါက်တာတင်မျိုးဝင်းပြောခဲ့တဲ့ ‘အန်စီအေမှာ လက်မှတ်ထိုးရ မယ်၊ အန်စီအေမှာ လက်မှတ်ထိုးပြီးမှ ၂၁ ရာစုပင်လုံကို တက်ရောက်ခွင့်ရမယ်’ ဆိုတဲ့ သဘောထားပေါ်မှာ သူတို့ကတော့ ကြေလည်မှုရှိမှာမဟုတ်ပါဘူး။ အဲဒီအပေါ်မှာ သူတို့က ဒေါက်တာတင်မျိုးဝင်းနဲ့ ဆွေးနွေးတာထက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နှုတ်ကနေ ပြီးတော့ ပြောတဲ့ သဘောထားတွေကို သူတို့ကလည်း သိချင်ပုံရပါတယ်။ အဲဒီတော့ အခုလာမယ့် ၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ရေး၊ မအောင်မြင်ရေးဆိုတာ အဓိကအားဖြင့် အနှစ်အသားကျကျ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ဆိုလို့ရှိရင် တခုက တပြည်လုံး သေနတ်သံတွေ တိတ်သွားဖို့ လိုပါတယ်။ ဆိုလိုတာတော့ အန်စီအေမှာ အားလုံးပါဝင်ပြီးတော့ လက်မှတ်ထိုးမျိုးလည်းရှိဖို့ လိုအပ်တယ်။ နောက် တချိန်တည်းမှာ ၂၁ ရာစုပင်လုံဟာ အဓွန့်ရှည်တဲ့၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် နိုင်ငံရေး အခြေခံတွေ ချမှတ်ဖို့အတွက် ဒီအင်အားစုတွေဟာ အရေးကြီးဆုံးပါပဲ။ ဒီအင်အားစုတွေက သူတို့ လိုလားချက် တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ပြောဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို တိုက်ရိုက်ရယူချင်တဲ့ဆန္ဒရှိနေကြပါတယ်။ အဲဒီတော့ အဲဒီအစည်းအဝေးသာ အောင်မြင်လို့ရှိရင် ၂၁ ရာစုပင်လုံညီလာခံဟာ အခြေခံအားဖြင့် အောင်မြင်ဖို့ ၇၅ ရာခိုင်နှုန်းလောက်သေချာတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ဒီတွေ့ဆုံမှုဟာ အတော်လေးအဆုံးအဖြတ်ကျပြီး အရေးကြီးတယ်လို့ ယူဆပါတယ်။” အရေးကြီးပြီး အထိအခိုက်မခံတဲ့ ၂၁ ရာစုပင်လုံညီလာခံအပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သတင်းတွေ၊ ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေကို တပြေးညီ၊ မှန်မှန်မြန်မြန်ရဖို့ ရှင်းလင်းတဲ့ ထုတ်ပြန်မှုတွေလည်း လိုအပ်တာကြောင့် သတင်းပြန်ကြားရေးဌာနတခု သတ်သတ်မှတ်မှတ် ထုတ်ပြန်ပေးရင် ကောင်းပါမယ်။ သတင်းစီးဆင်းမှု မြန်ဆန်မှန်ကန်အောင် ဘာတွေလုပ်ဖို့ လိုအပ်မယ်လို့ ထင်သလဲခင်ဗျ။ “ဒီကိစ္စကတော့ ဒီယန္တရားကောင်းအောင်လုပ်ဖို့ကတော့ သိပ်အရေးကြီးတာပေါ့ဗျာ။ သို့သော် အဲဒီကိစ္စနဲ့ပတ်သက်တဲ့နေရာမှာတော့ ဖြစ်သင့်တာကတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျနော်တို့ ၂၁ ရာစုပင်လုံညီလာခံကျင်းပရေး အကြိုစီစဉ်တဲ့ ဒေါက်တာတင်မျိုးဝင်တို့အဖွဲ့ ကြား ထဲမှာ ပူးပေါင်းဆောင်ရွက်မှု အသေချာလုပ်သင့်ပါတယ်။ သတင်းတွေအချိန်မရွေးထုတ်ပြန်ဖို့။ ဆိုလိုတာကတော့ သတင်းသမားတွေအားလုံးကိုလည်း ဒီညီလာခံထဲသွင်းထားလို့ မဖြစ်ဘူးဗျ။ နောက်တခုက နေ့စဉ်ဆွေးနွေးနေတဲ့ ဆွေးနွေးချက်တွေကိုလည်း အဆက်မပြတ်သတင်းပို့ဖို့ လည်း အရေးကြီးတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ တနိုင်ငံလုံးက လူထုတရပ်လုံးက မျှော်လင့်နေတဲ့၊ ဖြစ်စဉ်တွေရဲ့ ဖြစ်ပေါ်တိုးပွားမှုမှာ။ ကျနော်တို့ကလည်း အဲဒီမှာ ဒီကိစ္စက တရက်၊ နှစ်ရက်နဲ့ ပြီးမှာမဟုတ်ဘူး။ ဒီညီလာခံက ဒါက အစပျိုးတာပဲရှိတယ်။ သွားရမှာက ရေရှည်သွားရမှာ။ အဲဒီတော့ အရေးကြီးတဲ့ပြသနာတွေနဲ့ပတ်သက်ပြီး ပြောကြဆိုကြတဲ့ကိစ္စတွေ၊ မီဒီယာတွေသိဖို့လိုတယ်။ မီဒီယာတွေ သိမှ အဲဒီကနေ ပြည်သူလူထုက သိမယ်။ ဒါမှ ပြည်သူလုထုရဲ့ ၀န်းရံမှု၊ ပြည်သူလူထု ဗဟိုပြုတဲ့၊ လွတ်လပ်ပွင့်လင်းတဲ့ ကျနော်တို့ ညီလာခံတရပ်ဖြစ်နိုင်မှာ။ ဒါကြောင့်မို့ အဲဒီကိစ္စဟာ အရေးကြီးတဲ့အစိတ်အပိုင်း ဖြစ်ပြီးတော့ အဲဒီကိစ္စတွေကို ကျနော်ခုနပြောသလို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အကြို ပြင်ဆင်ရေးအဖွဲ့အနေနဲ့ အသေအချာ၊ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ မကြာခင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) နဲ့ပတ်သက်လို့ မှတ်ချက်စကား။ “ကျနော်ပြောချင်တဲ့ မှတ်ချက်ကတော့ ၂၁ ရာစုပင်လုံအစည်းအဝေး အောင်မြင်ဖို့အတွက် ကတော့ အခြေအနေနဲ့ အလားအလာကောင်းပါတယ်။ ဒါပေမယ့် အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတရပ်ထူထောင်နိုင်ရေး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စကတော့ အတော်စိတ်ရှည်ရှည်နဲ့ အချိန်ယူပြီးသွားရမယ့် ကိစ္စ။ အဲဒီတော့ ချုပ်ပြောရလို့ရှိရင်တော့ ကျနော်တို့တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေးအနေအထားရဲ့ အနာဂတ်က ထွန်းလင်းတောက်ပြောင်ပါတယ်။ ဒါပေမယ့် လမ်းကတော့ အတော်ကွေ့ကောက်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024