လယ်သမားများ တင်ပြချက် တရားလွှတ်တော်ချုပ် ပယ်ချ
အေးနိုင်
·
September 22, 2011

ရန်ကုန်တိုင်းက လယ်သမားတွေက သူတို့ရဲ့ လယ်ယာမြေတွေကို သိမ်းယူဖို့ ပြင်ဆင်နေတဲ့ အပေါ် နေပြည်တော်က တရားလွှတ်တော်ချုပ်ကို သွားရောက် လျှောက်ထားရာမှာ ပယ်ချလိုက်ပါတယ်။
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က လယ်သမားတွေ သက်ဆိုင်ရာက သူတို့ လယ်မြေတွေကို သိမ်းဖို့ အလံစိုက်တာ လယ်ကွက်တွေထဲက သီးနှံတွေ ပျက်စီးစေတာတွေကို ကူညီ ဖြေရှင်းပေးဖို့ နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို သွားရောက်ပြီး အမှုခေါ် စာချွန်တော် တင်သွင်းခဲ့တာပါ။
လယ်သမားတွေဘက်က လူငယ်ရှေ့နေ ကိုဖိုးဖြူက လိုက်ပါ ဆောင်ရွက်တာဖြစ်ပြီး ဒီကနေ့ နေ့ခင်းပိုင်း တင်သွင်းချက်ကို ချက်ချင်း ပယ်ချလိုက်တယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
“ကျနော်တို့ အမှုခေါ်စာချွန်တော် တင်ပြီးသွားပါပြီ။ ညွှန်ချုပ်ဦးမြသိန်းကနေပြီး ဒါကို လက်မခံသင့်ဘူးဆိုပြီး ပယ်လိုက်ပါတယ်ခင်ဗျ။”
အမှုခေါ်စာချွန်တော်တင်ရတဲ့ အကြောင်းကတော့ ၂၀၁၁ ခုနှစ် ဇူလိုင်လပိုင်းမှာ ကြေးတိုင်းနဲ့ မြေစာရင်းရုံးက ဒဂုံဆိပ်ကမ်းမြို့နယ် ရေလယ်သောင်ကျွန်း၊ လဟာရပ်လယ်ကွင်းမှာရှိတဲ့ လယ်သမား ၁၅ ဦးရဲ့ လယ်မြေဧက ၂၀၀ ခန့်ကို အလံတိုင်တွေစိုက်သွားတာကို ဥပဒေနဲ့ မညီလို့ အမှုခေါ်ပေးဖို့ တင်ပြတာလို့ ကိုဖိုးဖြူက ရှင်းပြပါတယ်။
ဒီနှစ် ဧပြီလပိုင်းမှာလည်း ကောင်းမြန်မာ ပန်းပုကုမ္ပဏီလီမိတက်ကနေ ပန်းပုကျေးရွာ ထူထောင်မယ် ဆိုပြီးတော့ လယ်ဧကနှစ်ဆယ်ကျော်ပေါ်ကို သဲတွေမှုတ်တင်ခဲ့တာကြောင့် သီးနှံတွေ ပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
ညွှန်ချုပ် ဦးမြသိန်း ပယ်ချခဲ့တဲ့အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ ရှေ့နေကိုဖိုးဖြူက အခုလို ပြောပါတယ်။
“တရားလွှတ်တော်ချုပ်ကနေပြီး အမိန့်စာလိုအပ်တယ်ဆိုပြီး ဆုံးဖြတ်တာက တကယ့်လက်တွေ့ဘ၀နဲ့ ကွာဟနေတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ဆိုရင်လည်း သဘာဝယုတ္တိ၊ ဥပဒေယုတ္တိ အလွန်ပဲကင်းမဲ့နေတယ်။ ကျမ်းကျိန်မပါဘူးဆိုတဲ့ အချက်က အမှန်ပါပဲ။ ကျနော်တို့တွေက ကျမ်းကျိန်တွေကို ပြုလုပ်တယ်။ ရန်ကုန်တိုင်းတရားလွှတ်တော် ကျမ်းကျိန်အရာရှိ အပါအ၀င် ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီးဆီကို လျှောက်ထားပေမယ့် ကျနော်တို့ကို ကျမ်းကျိန်ပေးခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ တောင်သူလယ်သမား ၁၅ ဦးက ကျမ်းကျိန်ပေးတာကို ခံယူရခြင်းမရှိဘဲ ပြန်လာခဲ့ရပါတယ်။”
ဒီကိစ္စကို ပြည်သူ့လွှတ်တော်က တရားစီရင်ရေးနဲ့ ဥပဒေရေးရာဥက္ကဋ္ဌနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွေကို ထပ်မံတင်ပြသွားဖို့ ရှိတယ်လို့ ကိုဖိုးဖြူက ပြောပါတယ်။
