ဥရောပဗဟိုဘဏ် ယူရို ၅၀ တန် ငွေစက္ကူသစ် ထုတ်ဝေ

ဓာတ်ပုံ - ရိုက်တာ
ဥရောပဗဟိုဘဏ် (အီးစီဘီ) က ကျယ်ကျယ်ပြန့်ပြန့် အတုလုပ်ခံနေရတဲ့ ငွေစက္ကူနေရာမှာ အစားထိုးဖို့ ယူရိုငွေ ၅၀ တန် ဘဏ်ငွေစက္ကူအသစ်ကို ဇူလိုင် ၅ ရက်က ထုတ်ဝေလိုက်ပါတယ်။ ဒီငွေစက္ကူအသစ်ကို ၂၀၁၇ ဧပြီလမှာ စပြီး လည်ပတ်သုံးစွဲမှာပါ။ ထုတ်ပြချိန်နဲ့ လည်ပတ်သုံးစွဲချိန်ကြားကာလ ကြာရှည်ထားရတဲ့ အကြောင်းရင်းက ငွေစက္ကူဆိုင်ရာ ပစ္စည်းကိရိယာ ထုတ်လုပ်သူတွေ၊ ငွေကိုင်သုံးသူတွေ၊ ငွေထုတ်စက်တွေနဲ့ ငွေလက်ခံစက်တွေ၊ တခြားလူတွေ ပြင်ဆင်ဖို့ အချိန်ရတာ သေချာစေဖို့လို့ အီးစီဘီဘဏ်ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်က ပြောပါတယ်။ ဘဏ်ငွေစက္ကူရဲ့ ခန့်မှန်းသက်တမ်းက လေးနှစ်ဖြစ်ပြီး တရွက်ကို ထုတ်လုပ်မှု ကုန်ကျစရိတ် ယူရို ၆ ပြားကနေ ၁၀ ပြားကြားမှာ ရှိပါတယ်။ ယူရို ၅၀ တန် ငွေစက္ကူကို ကျန်ခဲ့တဲ့ ၁၅ နှစ်အတွင်း လည်ပတ်မှုတန်ဖိုး ၈ ဒသမ ၅ ဘီလျံဖိုးကျော် ထုတ်ဝေခဲ့ပြီးပါပြီ။ ငွေစက္ကူတွေကို ဂျာမနီနဲ့ သြစတြီးယားနိုင်ငံတွေမှာ သုံးစွဲမှု ပုံမှန် မြင့်တက်ခဲ့တာပါ။ အီလက်ထရောနစ် နည်းပညာနဲ့ ငွေပေးချေမှုကို အာဏာပိုင်တွေက စောင့်ကြည့်နေနိုင်တယ်ဆိုတဲ့ သံသယကြောင့် ဈေးဝယ်ထွက်သူ အများအပြားက ငွေစက္ကူတွေကို သုံးကြပါတယ်။ ယူရို ၅၀ ငွေစက္ကူမှာ လုံခြုံရေးအင်္ဂါရပ်တွေ တိုးမြှင့်ထားပြီး ယုံကြည်စိတ်ချရမှုနဲ့ ငွေပေးချေရာမှာ ထိရောက်မှုတွေအတွက် ပုံစံထုတ်ထားတယ်လို့ ဘဏ်အမှုဆောင် ဘုတ်အဖွဲ့ဝင်က ပြောပါတယ်။ အီးစီဘီဘဏ်ဟာ ဒီနှစ်အစောပိုင်းက ယူရို ၅၀၀ တန် ငွေစက္ကူတွေကို ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီငွေစက္ကူကို ငွေကြေးခဝါချမှု အပါအဝင် တရားမဝင်တဲ့ လှုပ်ရှားမှုတွေမှာ မကြာခဏ သုံးတာ ခံနေရလို့ ခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up