DVB Logo
Home
မြန်မာသတင်း
ဧရာဝတီကောက်ကြောင်း အနုပညာပြပွဲ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုအားပေး
DVB
·
September 22, 2011
ဧရာဝတီကောက်ကြောင်း အနုပညာပြပွဲ ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုအားပေး
Donate to DVB

ဧရာဝတီ ကောက်ကြောင်းလို့ အမည်ပေးထားတဲ့ ပန်းချီ၊ ဓာတ်ပုံ အနုပညာပြပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ပြသထားတဲ့ အနုပညာလက်ရာတွေကို စိတ်ဝင်တစား ကြည့်ရှုသွားတယ်လို့ ပြပွဲစီစဉ်ကျင်းပသူ ဂရင်းဟတ် (GREEN HEART) အဖွဲ့ဝင်  ကိုစိုးဝင်းငြိမ်းက ပြောပြပါတယ်။

“ဧရာဝတီမြစ်ဘေးမှာ သစ်တွေ အပုံလိုက် တွေ့နေရတာတွေကို သေချာမေးပါတယ်။ အဲလောက်ကိုပဲ သစ်တွေ ခုတ်နေကြသလား ဆိုတာကို စိတ်ဝင်တစား သူမေးပါတယ်။ ဧရာဝတီ လင်းပိုင်တွေနဲ့ ပတ်သက်ပြီး ပြတဲ့ပုံတွေကို အသေးစိတ်မေးပါတယ်။ ဓာတ်ပုံတွေရိုက်တဲ့ ဦးစိန်မျိုးမြင့်ကလည်း သေချာရှင်းပြပါတယ်။ မြစ်စုံရေကာတာ လုပ်ငန်းခွင်ပုံတွေကိုလည်း အသေအချာ ကြည့်ရှုခံစားပါတယ်။”

ပြပွဲမှတ်တမ်းစာအုပ်မှာလည်း “ဧရာဝတီ ပြည်ထောင်စုရဲ့ သားသမီးအားလုံး သွေးစည်းညီညွတ်ရေးအတွက် အစဉ်တည်ရှိနိုင်ပါစေ”လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်တမ်းတင် ရေးသားသွားတယ်လို့ ဆိုပါတယ်။

ပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တချို့လည်း ကြည့်ရှုအားပေးခဲ့ကြပါတယ်။

ပြပွဲမှာ ပညာရှင် ၅၀ ကျော်ရဲ့ ဧရာဝတီမြစ်နဲ့ မြစ်ဆုံဆည်အကြောင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း စတဲ့ အနုပညာလက်ရာ ၁၅၀ လောက်ကို စုစည်းခင်းကျင်း ပြသထားပါတယ်။

ရန်ကုန်မြို့ ယောမင်းကြီးလမ်းက ၆၅ အနုပညာပြခန်းမှာ ပြုလုပ်တဲ့ ဒီပြပွဲကို စက်တင်ဘာ ၂၂ ကနေ ၂၄ ရက်ထိ ပြသသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013