DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းဘဏ်အချို့က နိုင်ငံခြားငွေလဲဌာန ဖွင့်ရန်ပြင်ဆင်နေ
DVB
·
September 21, 2011
Donate to DVB

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းဘဏ်တွေစုစည်းပြီး နိုင်ငံခြားငွေ လဲလှယ်ရေးဌာနကို ရန်ကုန်မှာ ဒီလကုန်ပိုင်း ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

နေပြည်တော်မှာလုပ်တဲ့ ဒီလ ၁၁ ရက် စာနယ်ဇင်းရှင်းလင်းပွဲမှာ ဘဏ္ဍာ-အခွန် ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ဒီကိစ္စကိုထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် ပူးတွဲလုပ်ဆောင်ကြမယ့်ဘဏ်တွေကတော့ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် (MOB)၊ ကမ္ဘောဇဘဏ်နဲ့ စီဘီဘဏ် (သမ၀ါယမဘဏ်) စတဲ့ဘဏ်တွေဖြစ်ပါတယ်။

မြ၀တီဘဏ်ကို ဆက်သွယ်မေးမြန်းရာမှာ ၀န်ထမ်းတဦးက နိုင်ငံခြားငွေလဲလှယ် ရေးဌာန (Exchange Counter) မှာ တာဝန်ယူမယ့် ၀န်ထမ်းတွေ သင်တန်းသွား တက်နေကြတယ်လို့ ပြောပါတယ်။

နိုင်ငံခြားငွေလဲဌာနတွေကို စက်တင်ဘာ ၂၈ ရက်မှာ ဖွင့်လှစ်မယ်လို့လည်း အဲဒီဝန်ထမ်းက ပြောပါတယ်။

ငွေအရေအတွက် ဘယ်လောက်လဲခွင့်ပေးမယ်၊ ဘယ်လိုအထောက်အထားတွေ ပြသဖို့လိုသလဲ စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါ တယ်။

ငွေလဲလှယ်မှုဌာနကို ရန်ကုန် ကုန်သည်လမ်းနဲ့ သိမ်ဖြူလမ်းထောင့်နားမှာ ဖွင့်ခဲ့ဖူးတဲ့ နိုင်ငံခြားငွေလဲလှယ်မှုဌာနနေရာမှာ ပြန်လည်ဖွင့်လှစ်နိုင်အောင် ပြင်ဆင်နေ တယ်လို့ ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြပါတယ်။

အခုဖွင့်လှစ်မယ့် ငွေလဲလှယ်မယ့်ဌာနမှာ ဒေါ်လာနဲ့ ကျပ် လဲလှယ်နှုန်းကို ပြင်ပပေါက်ဈေးထက် ပိုပေးမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံခြားငွေလဲလှယ်မှုကို ဦးစီးလုပ်ကိုင်ခွင့်ရတော့မယ့် ဘဏ်တွေမှာ အစိုးရ၀န်ကြီး ဌာန၊ စစ်တပ်တို့နဲ့ ဆက်နွှယ်နေပြီး အခြားပုဂ္ဂလိကဘဏ်တွေကတော့ ဒီအစီအစဉ်မှာ မပါရှိသေးပါဘူး။

ပုဂ္ဂလိကဘဏ်တွေကို ၁၉၉၂ - ၁၉၉၃ ခုနှစ်တုန်းက နိုင်ငံခြားငွေလဲလှယ်ခွင့် ပေးခဲ့ဖူးပြီး အစိုးရသတ်မှတ်ဈေးဟာ ပြင်ပဈေးကွက်ပေါက်ဈေးထက် နိမ့်တဲ့အတွက် ဈေးနှစ်မျိုးဖြစ်နေခဲ့ပြီးနောက် ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲလှယ်ခွင့်ကို ပိတ်ခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013