သမဂ္ဂအဖွဲ့အစည်းများ ဖွဲ့ခွင့် မပေးနိုင်သေးဟု အစိုးရ ပြောကြား
DVB
·
September 21, 2011

အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂစတဲ့ လူမှုအဖွဲ့အစည်းတွေကို လက်ရှိအခြေအနေအရ ဖွဲ့စည်းခွင့် မပေးနိုင်သေးဘူးလို့ အစိုးရသစ်က ပြောကြားလိုက်ပါတယ်။
[caption id="attachment_15766" align="alignleft" width="310" caption="ဦးကျော်ဆန်း"]
[/caption]
အစိုးရသစ် ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းက ဒီလ ၂၁ ရက်နေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ တစညပါတီရဲ့ တိုက်ကြီးမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးဥာဏ်ဆွေဝင်းရဲ့ အလုပ်သမား၊ လယ်သမားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ဆိုင်တဲ့ မေးခွန်းကို ဖြေကြားစဉ် ပြောကြားလိုက်တာပါ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ သမဂ္ဂအဖွဲ့အစည်းတွေထဲမှာ နိုင်ငံရေးသမားတွေရဲ့ ဝင်ရောက်သွေးခွဲမှုတွေရှိခဲ့ပြီး ပြဿနာပေါင်းစုံဖြစ်ခဲ့ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ အခြေအနေမှာ ဒီအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မပေးနိုင်တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပြပါတယ်။
“ကျောင်းသားသမဂ္ဂတို့၊ လယ်သမားအစည်းအရုံးတို့ အလုပ်သမားအစည်းအရုံးတို့ အဲဒါမျိုးတွေကို ဒီအချိန်မှာ ဖွဲ့လို့မဖြစ်နိုင်သေးဘူး။ ဖွဲ့မယ်ဆိုရင် အတိတ်က ပြဿနာမျိုးတွေ မဖြစ်ရအောင် လူထုလူတန်းစား အဖွဲ့တွေကို ဖွဲ့စည်းတဲ့အခါတိုင်း အဲဒီကိစ္စတွေကို ထည့်စဉ်းစားပြီး ဥပဒေ၊ နည်းဥပဒေတွေကို သေချာစွာပြဋ္ဌာန်းပြီးမှ ဖွဲ့သင့်တယ်လို့ ပြောတာပါ။”
ဝန်ကြီးရဲ့ ပြောဆိုချက်တွေထဲမှာ ဒီအဖွဲ့အစည်းတွေကို အစိုးရက ရေးဆွဲပေးမယ့် ဖွဲ့စည်းပုံ ဥပဒေတွေအပြင် အစိုးရအဖွဲ့ရဲ့ နောက်မှာရှိရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။
ဒီအပေါ်ကိုလည်း ကိုယ်စားလှယ်က “ကျနော့်အမြင်ကတော့ ဒီမိုကရေစီခေတ်မှာ အဲဒီလိုကန့်သတ်ချက်တွေ မထားသင့်ဘူးလို့ မြင်တယ်။ လွတ်လပ်တဲ့ အခြားအစည်းအရုံးတွေကို ဖော်ထုတ်သင့်တယ်။ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ သူ့ဟာနဲ့သူတော့ ရှိမှာပေါ့။ ဒါပေမယ့် အစိုးရရဲ့ အောက်မှာမဟုတ်ဘဲ သူ့ဟာသူ သီးခြားပေါ်ပေါက်လာမယ့် ကိစ္စတွေမှာ အလုပ်သမားက တဖွဲ့ပဲရှိရမှာတို့၊ အစိုးရရဲ့နောက်မှာ ရှိရမှာတို့ အဲဒါမျိုးမဖြစ်သင့်ဘူး။ လွတ်လွတ်လပ်လပ်နဲ့ နည်းဥပဒေတွေနဲ့အညီ ဖွဲ့သင့်တယ်လို့ ယူဆတယ်” လို့ ပြောပါတယ်။
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ ဒီအဖွဲ့အစည်းတွေကို အစိုးရသစ်အနေနဲ့ ဖွဲ့စည်းခွင့် မပေးသေးတဲ့အပေါ် နားမလည်နိုင်ဘူးလို့ ဒီမိုကရက်တစ် အင်အားစုကိုယ်စားလှယ်အချို့က ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တင်သွင်းတဲ့ အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းကိုလည်း လွှတ်တော်က အတည်ပြုခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ဟာ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ ကွဲလွဲမှုရှိနေတယ်လို့လည်း ကိုယ်စားလှယ်တွေက ဝေဖန်နေပါတယ်။
