Home
ဆောင်းပါး
တူရကီနိုင်ငံ အတာတပ်ခ်လေဆိပ် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု
DVB
·
July 4, 2016
အမေရိကန်ပြည်ထောင်စု အော်လန်ဒို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြီး ဖြစ်ပြီးလို့ သီတင်း ၂ ပတ်စွန်းစွန်းလေးဖြစ်တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညပိုင်း ဒေသစံတော်ချိန် ၂၂ နာရီ ထိုးခါနီး ကလေးမှာ တူရကီနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ဖြစ်တဲ့ အီစတန်ဘူးလ် အတာတပ်လေဆိပ်ကြီးမှာ သေနတ်ပစ်ခတ်၊ အသေခံဗုံးခွဲပြီး အကြမ်းဖက် တိုက်ခိုက်မှုကြီးတခု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ပြီး လူ ၂၃၀ ကျော် ဒဏ်ရာရရှိ သွားခဲ့ပါတယ်။ ဖြစ်စဉ်အကျဉ်းကတော့ တူရကီစံတော်ချိန် ၂၂ နာရီ ထိုးခါနီးအချိန်မှာ လေဆိပ်ကို တက်စီ ၁ စီးနဲ့ တိုက်ခိုက်ရေးသမား ၃ ယောက် ရောက်ရှိလာပြီး လုံခြုံရေး အိပ်ဆ်ရေးစက်တွေ တပ်ဆင်ထားတဲ့ ၀င်ပေါက်ကနေ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေး ပုလိပ်တပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်အပြီးမှာ တိုက်ခိုက်ရေးသမားတွေထဲက တယောက်ကို ပုလိပ်က အနီးကပ်ပစ်ခတ်လိုက်လို့ လဲကျသွားတဲ့အချိန်မှာ ကျန်တဲ့ အကြမ်းဖက်သမား ၂ ယောက်က အဆောက်အဦထဲကို ပြေးဝင်သွားကြပြီး ပစ်ခတ် တိုက်ခိုက်ကြတယ်။ ပုလိပ် ပစ်ခတ်ခံရလို့ လဲကျကျန်ရစ်ခဲ့တဲ့ အကြမ်းဖက်သမားဟာ စက္ကန့်၂၀ လောက်အကြာမှာပဲ သူကိုယ်မှာပါတဲ့ ဗုံးကို ဖောက်ခွဲပစ်လိုက်ပြီး ဆက်တိုက်ဆိုသလိုပဲ တခြား အကြမ်းဖက်သမား ၂ ယောက်ကလည်း သူတို့ကိုယ်မှ ပတ်ထားတဲ့ ဗုံး ၂ လုံး ဆက်တိုက်လိုလို ဖောက်ခွဲ အသေခံသွားခဲ့ကြတယ်လို့ လုံခြုံရေး ကင်မရာတွေနဲ့ မျက်မြင်သက်သေတွေအရ သိခဲ့ရပါတယ်။ တချို့သူတွေရဲ့ အဆိုအရ ဗုံးပေါက်ကွဲမှုတွေဖြစ်အပြီးမှာ စတုထ္ထမြောက် သေနတ်သမား တယောက်ဟာ ပစ်ခတ်တိုက်ခိုက်ထားတဲ့ နေရာကနေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ လေဆိပ်ထဲမှာ ရှိနေတဲ့ ခရီးသည်အတော်များများကတော့ မြင်တွေ့လိုက်ရတာတွေကို သတင်းထောက်တွေကို ပြန်ပြောပြခဲ့ကြပါတယ်။ သူတို့ထဲက တယောက်ကတော့ “ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ထွက်ခွာပေါက်တွေကို ရောက်တဲ့အချိန်မှာ လူတယောက်က သူ့သေနတ်ကို ရမ်းသမ်းပြီး ပစ်နေတာ တွေ့ရပါတယ်။ သူက သူ့ရှေ့ဖြတ်သွားတဲ့သူတွေ အားလုံးကို ပစ်နေတာပါ။ သူတကိုယ်လုံး အမည်းရောင် ၀တ်ဆင်ထားပြီး မျက်နှာဖုံးတော့ စွပ်မထားပါဘူး။ ကျနော်က သူနဲ့ မီတာ ၅၀ လောက်အကွာမှာ ရှိနေပါတယ်။ ကျနော်တို့က လက်မှတ်ကောင်တာ နောက်မှာ ၀ပ်နေကြတာပါ။ ကျန်ာက ထပြီး သူ့ကို ကြည့်လိုက်ပါတယ်။ ဗုံး ၂ လုံးက ဆက်တိုက်လိုလို ပေါက်ကွဲသွားတာ ကြားရပြီး အဲဒီအချိန်မှာ သူက ပစ်ခတ်တာကို ရပ်လိုက်ပါတယ်။” သူနောက်ဆုံး ပြောပြတာကတော့ “သူက နောက်ကို လှည့်လိုက်ပြီး ကျနော်တို့ ရှိရာကို လျှောက်လာခဲ့ပါတယ်။ သူက သူသေနတ်ကို သူဂျက်ကက်အင်္ကျီထဲမှာ ကိုင်ထားပါတယ်။ သူက တယောက်ယောက်ကများ သူကို တားဆီးမလားဆိုပြီး လှည့်ပတ်ကြည့်လိုက်ပြီး စက်လှေခါးကနေ ဆင်းသွားပါတယ်။ အဲဒီနောက်တော့ ပြီးသွားတာပါပဲ” လို့ ပြန်ပြောပြခဲ့ပါတယ်။ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုအပြီး အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့လို့ ခေါ်တဲ့ အိုင်အက်စ် တွေက ချက်ချင်း သူတို့လက်ချက်ပါလို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိခဲ့ပေမယ့် ဒါဟာ အံသြစရာ မဟုတ်ဘဲ အိုင်အက်စ်တွေက တူရကီနိုင်ငံကို ဦးတည် တိုက်ခိုက်တာမျိုးမှာ အဲဒီလို ချက်ချင်းသူတို့ လက်ချက်ပါလို့ ပြောဆိုတာမျိုး လုပ်ခဲ့ပြီး တူရကီနိုင်ငံထဲက ဆီးရီးယားတက်ကြွလှုပ်ရှားသူတွေကို လုပ်ကြံသတ်ဖြတ်ပစ်တာမျိုး လုပ်ရင်တော့ သူတို့လက်ချက်ပါလို့ အလျှင်အမြန်ထုတ်ဖော် ပြောဆို လေ့ ရှိတယ် ဘီဘီစီရဲ့ လုံခြုံရေးဆိုင်ရာ သတင်းထောက် ဖရန့်ဂါဒ်နာက သုံးသပ်ပါတယ်။ ဒါပေမယ့် တွေ့နေရတဲ့ အမှတ်လက္ခဏာတွေအရတော့ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုရဲ့ လက်သည်ဟာ အိုင်အက်စ်တွေပဲဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။ ဒါဟာ ဗြိတိသျှအကြမ်းဖက် ၀ါဒဆန့်ကျင်ရေးက သုံးစွဲနေတဲ့စကားလုံးအရဆိုရင် “လုဖို့ သတ်ဖို့ လှည့်ပတ်ဆိုးသွမ်းနေတဲ့ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှု”လို့ ဆိုပါတယ်။ ဒီလိုမျိုး အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုမျိုးကို ၂၀၀၈ ခုနှစ် အိန္ဒိယနိုင်ငံ မွန်ဘိုင်းတိုက်ခိုက်မှုမှာ ပထမဆုံး စတင်တွေ့ရှိခဲ့ရ တယ်လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အီစတန်ဘူးလ် ပစ်ခတ်ဗုံးခွဲတိုက်ခိုက်မှုရဲ့ ပစ်မှတ်တွေကတော့ ဥရောပရဲ့ တတိယ အစည်ကားဆုံး လေဆိပ်ကြီးမှာ ရှိနေတဲ့ မြေပြင်ဝန်ထမ်းတွေနဲ့ နိုင်ငံတကာခရီးသည်တွေပဲ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူတွေက နိုင်ငံတကာလေဆိပ်ကြီးရဲ့မြေညီထပ်ခရီးသည်ဆိုက်ရောက်ရာ နေရာမှာ ပထမ ဗုံးတလုံး၊ ပထမထပ်က ထွက်ခွာခန်းမရဲ့ ၀င်ပေါက်နေရာမှာ ဒုတိယဗုံးတလုံးနဲ့ လေဆိပ်ရဲ့ ယာဉ်ရပ်နားစခန်းမှာ တတိယဗုံးတလုံးကို ဖောက်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။ အေကေ ၄၇ မောင်းပြန်သေနတ် ကိုင်ဆောင်ထားကြတဲ့ အကြမ်းဖက်သမားတွေကတော့ သူတို့တွေ့မြင်သမျှ လူတွေမှန်သမျှကို ရမ်းသမ်းပစ်ခတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ တူရကီသမ္မတ အာဒိုဂန်ကတော့ ဒီတိုက်ခိုက်မှုက အကြမ်းဖက်ဝါဒဟာ ယုံကြည်မှုနဲ့ တန်ဖိုးတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်တတ်တယ်ဆိုတာကို ပြနေတာပဲလို့ ပြောကြားခဲ့ပါတယ်။ တကယ်တော့ တူရကီနိုင်ငံဟာ အစ္စလာမ်နိုင်ငံတခုပါ။ ပြီးတော့ ခုလေဆိပ် အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်တဲ့အချိန်ဟာ အစ္စလမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ရာမဒမ် ဥပုသ်လ ကာလအတွင်းမှာ ဖြစ်နေတော့ တူရကီသမ္မတ ပြောသလို အမှန်ပဲ ဖြစ်နေတယ်လို့ ပြောရမှာပါပဲ။ ယုံကြည်မှုမသိ၊ တန်ဖိုးမသိ၊ ဂရုမစိုက် တကယ့်ရက်စက်ကြမ်းကြုတ်တဲ့ သူတွေလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ အကြမ်းဖက် တိုက်ခိုက်မှု ကို ပြစ်တင်ရှုံ့ချလိုက်ပြီး ကျူးလွန်သူတွေကို ဖော်ထုတ် တရားစီရင်ဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်ကတော့ “ ဒီအမုန်းတရားနဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ဆန့်ကျင်ဖို့ အမေရိကန်လူမျိုးအားလုံးက တူရကီပြည်သူတွေနဲ့တစည်းတလုံးထဲ ရပ်တည်နေကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်မယ်လို့ ယူဆရတဲ့ ဒေါ်နယ်ထရမ့်ကတော့ သူ့အတွက် အကွက်ဝင်လာတဲ့အတွက်  “အမေရိကန်နိုင်ငံကို အကြမ်းဖက်ဝါဒီတွေရဲ့ ရန်က ကာကွယ်ဖို့ ကျနော်တို့ လုပ်ဆောင်ကြရပါလိမ့်မယ်။ အမေရိကရဲ့ ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းဖို့ ကျနော်တို့ရဲ့ လုံခြုံရေး တိုးတက်အောင် အစွမ်းရှိသမျှ လုပ်ဆောင်ကြရပါမယ်”လို့ ပြောကြားခဲ့ ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း တူရကီနဲ့ ၂ နိုင်ငံဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် တယ်လီဖုန်းနဲ့ လှမ်းပြီး ၀မ်းနည်းစကားပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကတော့ ရက်စက်ကြမ်းတမ်းလှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး “ဘုရားသခင်... အကြမ်းဖက်သူတို့ရဲ့ နှလုံးသားကို ကျနော်တို့ လျှောက်လှမ်းဖို့ အားထုတ်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ထောက်ခံအားပေးလာအောင် ပြောင်းလဲ ပေးတော်မူပါ”လို့ ဆုတောင်းပေးခဲ့ပါတယ်။ တူရကီနိုင်ငံ အီစတန်ဘူးလ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတာကတော့ ခုအကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ဆာဘီဟာ ဂေါ့ဆင် လေဆိပ်ကို ခါဒစ်စတန် လွတ်လပ်ရေးသိန်းငှက်များလို့ သိကြတဲ့ TAK တွေက ဗုံးခွဲတိုက်ခိုက်လို့ သန့်ရှင်းရေးသမားတယောက်သေဆုံးခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်အရောက်မှာတော့ ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ အီစတန်ဘူးလ်မြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့နေရာကို ဆီးရီးယား ဗုံးခွဲသမား တယောက်က ဗုံးခွဲ တိုက်ခိုက်ခဲ့လို့ ဂျာမန်လူမျိုး ၁၂ ယောက်သေဆုံးခဲ့ရပါတယ်။ တခါ မတ် ၁၉ ရက်နေ့မှာ အီစတန်ဘူးလ်မြို့ရဲ့ ဈေးလမ်းတခုကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ရပါတယ်။ တိုက်ခိုက်သူကတော့ အိုင်အက်စ်တွေလို့ ယူဆကြပါတယ်။ ဇွန်လ ၇ ရက်နေ့မှာတော့  ခါ့ဒစ်စစ်သွေးကြွအဖွဲ့ TAK က ကားဗုံးခွဲ တိုက်ခိုက်ခဲ့လို့ ပုလိပ်အရာရှိ ၇ ယောက်နဲ့ အရပ်သား ၄ ယောက် သေဆုံးခဲ့ရပါတယ်။ ခု အတာတပ်လေဆိပ် အကြမ်းဖက်ပစ်ခတ်ဗုံးခွဲတိုက်ခိုက်မှုမှာတော့ လူ ၄၁ ယောက် သေဆုံးခဲ့ရပြီး အဲဒီထဲက အနည်းဆုံး ၁၃ ယောက်ကတော့ နိုင်ငံခြားသား ဒါမှမဟုတ် ၂ နိုင်ငံသား ခံယူထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါဟာ အီစတန်ဘူးလ် တမြို့တည်းမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုပဲ ခွဲပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။ အင်ကာရာ နဲ့ တခြားနေရာတွေမှာ ဖြစ်တာတွေ မပါသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်ဝါဒဟာ ဘယ်သူ ဘယ်အုပ်စု ကလုပ်လုပ် အပြစ်မဲ့လူသားတွေ သေကြေ ဒဏ်ရာရကြ ကျန်ရစ်သူတွေ ပူဆွေးသောကရောက်ကြရ ဒုက္ခရောက်ကြရတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုမဲ့ ရက်ရက်စက်စက် လက်လွတ်စပယ် ပစ်ခတ်သတ်ဖြတ် ညှဉ်းပမ်းနှိပ်စက်မှုတွေဟာ ကျနော်တို့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နေရာ အနှံ့အပြားမှာ ဖြစ်နေတာကတော့ကာလ ကြာမြင့်လှပြီဖြစ်ပြီး သေဆုံးခဲ့ကြရတဲ့ အပြစ်မဲ့ အရပ်သားပြည်သူလူထုတွေရဲ့ အရေအတွက်ကလည်း တုန်လှုပ်စရာ ကောင်းအောင်ကို များပြားခဲ့ပါပြီ။ အကြမ်းဖက်ဝါဒကို ကိုင်စွဲထားတဲ့ ဘယ်အကြမ်းဖက်ဝါဒီကိုမဆို ဆန့်ကျင်ကန့်ကွက် ဖယ်ရှင်းပစ်ဖို့တာဝန်ကတော့ ကမ္ဘာပေါ်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024