Home
မြန်မာသတင်း
တရားမျှတမှုအတွက် လူကုန်ကူးခံ မြန်မာလုပ်သားများ ကာလရှည် တရားရင်ဆိုင်နေရ
DVB
·
July 4, 2016
မြန်မာရွှေ့ပြောင်းအလုပ်သမား တင်ညိုဝင်းဟာ ထိုင်းနိုင်ငံထဲက ပုစွန်ခွာတဲ့ အလုပ်ရုံတခုထဲမှာ ကျွန်ပြုခံနေရတဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်ကို ကူညီဖို့ မှန်ကန်တဲ့ တခုတည်းသော အရာအတွက် စောင့်နေခဲ့ရတာ ၈ လနီးပါး ရှိနေခဲ့ပါပြီ။ အဆိုပါ the Gig Peeling အမည်ရတဲ့ အလုပ်ရုံတွင်းမှာ ကလေးသူငယ်တွေ အပါအ၀င် မြန်မာလုပ်သားပေါင်း ၁၀၀ နီးပါးရှိနေပြီး သူတို့လွတ်မြောက်နိုင်ရေးအတွက် ရဲတွေကို စီးနင်းရှာဖွေပေးဖို့ သူက တိုင်ကြားခဲ့တာပါ။ သူတို့ဇနီးမောင်နှံ ၂ ဦးစလုံးဟာ လူကုန်ကူးမှုရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြပေမယ့် ကနဦး အချုပ်ချခံခဲ့ရပြီးနောက် ထိုင်းအစိုးရ ပြန်လည်ထူထောင်ရေး စခန်းထဲမှာ ထားရှိခဲ့တာပါ။ အခုအချိန်မှာတော့ သူတို့ဟာ အလုပ်ရှင်ဟောင်းရဲ့ အာမခံနဲ့ နှေးကွေးတဲ့ တရားရုံးချိန်းတွေကို တခြားလုပ်သားအချို့နဲ့အတူ ဖြတ်သန်းနေကြရချိန်မှာ သူတို့ဟာ စိတ်ပျက်ဒေါသထွက်ပြီး အိမ်ပြန်ချင်နေကြပါပြီ။ “ကျနော့်ကို ၃ ကြိမ်တိုင်တိုင် နှိပ်စက်သလို ခံစားရပါတယ်။ ပထမအကြိမ်က ပုစွန်စက်ရုံထဲမှာ၊ နောက်တော့ ထောင်ထဲမှာ၊ ခုကျတော့ ပြန်လည်ထူထောင်ရေးစခန်းမှာ” လို့ တင်ညိုဝင်းက ပြောပါတယ်။ “ထောင်ထဲက ထောင်ကျနေတဲ့သူကမှ သူဘယ်အချိန်လွတ်မယ်ဆိုတာ သိနိုင်သေးတယ်။ ကျနော်တို့ ဒီထဲမှာ ဘယ်နှလ၊ ဘယ်နှနှစ်ကြာမလဲဆိုတာ မသိနိုင်ဘူး။ ဒါက ထောင်ထက်ပိုဆိုးတယ်။” ထိုင်းနိုင်ငံဟာ တခြားသော မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရန် စတဲ့နိုင်ငံတွေနဲ့ တန်းတူ လူကုန်ကူးမှု အဆိုးဝါးဆုံးနိုင်ငံအဖြစ် လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ရှိနေခဲ့ရာကနေ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာတော့ အဆင့် ၃ ထိ ကျဆင်းလာခဲ့တယ်လို့ အမေရိကန်နိုင်ငံက ထုတ်ပြန်အပြီး တချို့သော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဒါဟာ နိုင်ငံရေးအရွေ့အရ ကောင်းတဲ့ အဆင့်မြှင့်တင်မှုတခုလို့ ရှုမြင်ကြပါတယ်။ ထိုင်းအစိုးရ ထုတ်ပြန်ကြေညာချက်တွေမှာတော့ ၂၀၁၅ ခုနှစ်မှာ လူကုန်ကူးမှု ကျူးလွန်သူ ၂၄၁ ဦးနဲ့ ပါဝင်ပတ်သက်သူ အရာရှိ ၄၁ ဦးကို အရေးယူခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဝေဖန်သူတွေကတော့ ဒီလူကုန်ကူးမှုတွေထဲမှာ တခြားသောနိုင်ငံတွေက ကြားပွဲစားတွေနဲ့ အောက်ခြေ အလုပ်သမားတွေဟာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ အကျင့်ပျက် ရဲအရာရှိနဲ့ ရဲတပ်ဖွဲ့တွေအစား ဓားစာခံဖြစ်နေကြရတယ်လို့ ပြောနေကြပါတယ်။ ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဖီလ် ရောဘတ်ဆန်က “အကြွေးနဲ့ ကျွန်ခံနေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ရဲအလွဲသုံးစားပြုမှုတွေနဲ့ ငွေညှစ်တာမျိုးတွေဟာ ခုထိတိုင် နိုင်ငံတ၀န်းလုံးမှာ စံတခုအနေနဲ့ ရှိနေတုန်းပါ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံ ပင်လယ်စာတင်သွင်းမှုကို အီးယူက စီးပွားရေးအရ ပိတ်ဆို့ထားတာဖြစ်ပြီး နှစ်စဉ် ပင်လယ်စာတင်ပို့မှုမှ ရရှိတဲ့ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၇ ဘီလျံကို ရှင်းလင်းဖို့ ဖိအားပေးခြင်း ခံနေရတာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ ထိုင်းနိုင်ငံ ကျွန်းတကျွန်းပေါ်က ရွှေ့ပြောင်းငါးဖမ်းလုပ်သားတဦးကို လှောင်အိမ်ထဲမှာ ထည့်လှောင်ပြီး ထိုင်းနာမည်တုနဲ့ သော့ခတ်ထားခဲ့တာကို အေပီသတင်းဌာနက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် အမေရိကန်နိုင်ငံကို တင်ပို့တဲ့ ပင်လယ်စာတွေအတွက် ထိုင်းငါးဖမ်းလုပ်ငန်းတွေမှာ ကျွန်ပြုခံနေရသူပေါင်း ၂၀၀၀ ကျော်ကို လွှတ်ပေးနိုင်ခဲ့တာပါ။ ခုလက်ရှိဖြစ်နေတဲ့ အမှုမှာလည်း တင်ညိုဝင်းနဲ့ ဇနီးဖြစ်သူ မိစန်းတို့ဟာ တရက်ကို ၁၆ နာရီလောက် အလုပ်လုပ်နေခဲ့ကြရတာကို တွေ့ရှိခဲ့ကြရတာပါ။ သူတို့အလုပ်လုပ်ခဲ့ကြတဲ့ ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး လုပ်ငန်းတွေဖြစ်တဲ့ Red Lobster, Whole Foods, Wal-Mart နဲ့ တခြားစတိုးဆိုင်ကြီးတွေဆီ ကွင်းဆက်ချိတ် ပို့ဆောင်နေတာဖြစ်ပြီး လုပ်ငန်းတော်တော်များများကတော့ သူတို့အနေနဲ့ လုပ်သားအခွင့်အရေး ချိုးဖောက်မှုတွေကို အဆင့်မြှင့်တင် ကာကွယ်ထားပြီး ဖြစ်တယ်လို့ ပြောခဲ့ကြတာပါ။ ဆမွတ်ဆခွန် ရဲအရာရှိ ဗိုလ်ကြီး ပရာဆာ့တ်ဆီရိဖနက်ပီတက်က ပြီးခဲ့တဲ့ ဧပြီလမှာ ဒီအမှုနဲ့ပတ်သက်တဲ့ မျက်မြင်သက်သေတွေရဲ့ စစ်ချက်ကို ရယူခဲ့ပြီး ခုနှစ်အကုန်မှာတော့ အမှုပိတ်သိမ်းနိုင်လိမ့်မယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဌာနမှ ဒါရိုက်တာ ဆူဝလီဂျိုင်ဟန်က ပြန်လည်ထူထောင်ရေး စခန်းတွေဟာ စာရွက်စာတမ်းမဲ့ လုပ်သားတွေကို ကာကွယ်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ သူက “ကျမတို့က ကာကွယ်ပေးရေးစင်တာတွေပါ။ ဖမ်းဆီးချုပ်နှောင်ထားတဲ့ စင်တာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ခြွင်းချက်တော့ ရှိပါတယ်။ တချို့သူတွေက အမှုမှာ သက်သေတွေ ဖြစ်နေတော့ သူတို့ကို ပိုပြီး ကာကွယ်ပေးထားရတဲ့ သဘောပါ” လို့ ပြောပါတယ်။ “တစုံတယောက်က ရှင်တို့ကို အမြဲတမ်း အမိန့်ပေးနေမယ်။ တယောက်ယောက်က အမြဲတမ်း စောင့်ကြည့်နေမယ်။ တချိန်လုံး ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရမယ်ဆိုရင် ဒါဟာ လူကုန်ကူးခံရသူတွေအတွက် အရမ်းခက်ခဲတဲ့ အခြေအနေပါ။ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ လုပ်ပိုင်ခွင့်တွေဆီ ရောက်ဖို့လည်း ခက်ခဲနေမှာပါ” လို့ ဘန်ကောက်အခြေစိုက် လူမှောင်ကူးမှု တိုက်ဖျက်ရေး အကူအညီပေးနေတဲ့ Issara အဖွဲ့မှ အကြီးတန်းအကြံပေး ဒေါ်ဥမ္မာအိအိချောက ပြောပါတယ်။ ပထမကာလတွေမှာ တင်ညိုဝင်းနဲ့ ဇနီးဖြစ်သူ မိစန်းတို့ဟာ ပြန်လည်ထူထောင်ရေး စခန်းတခုထဲမှာ အတူရှိနေခဲ့ကြပြီး သူတို့ကို မိုဘိုင်းလ်ဖုန်း အသုံးပြုခွင့်တောင် ပိတ်ထားခဲ့တယ်လို့ ပြောပါတယ်။ သူတို့ဟာ အလုပ်လည်းမလုပ်နိုင်၊ စခန်းအပြင်ဘက်ကိုလည်း ထွက်လို့မရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။ “တကယ်လို့များ ဒီဒုက္ခသည်တွေဟာ အစိုးရရဲ့ အမိုးအကာအောက်မှာ ရှိနေကြပြီး သူတို့ကို လှုပ်ရှားခွင့်၊ အလုပ်လုပ်ခွင့်၊ လွတ်လပ်ခွင့် မပေးဘူးဆိုရင် သူတို့မှာ တခြား ဘယ်လို အကျိုးရလဒ်တွေ ရလာနိုင်မလဲ” လို့ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန် ဆူဆန် ကော့ပက်ဒ်ဂ်ျက မေးခွန်းထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အေပီသတင်းဌာနနဲ့ အင်တာဗျူးမှာ တင်ညိုဝင်းက ၂ လတာ ကာလအတွင်းမှာတော့ ကန့်သတ်မှုတွေဟာ အနည်းငယ် ပြေလျော့လာပြီး ဒုက္ခသည်တွေကို ဖုန်းအသုံးပြုခွင့်နဲ့ စခန်းပြင်ပကို စောင့်ကြပ်မှုမပါပဲ ထွက်ခွင့်တွေ ပေးလာခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ဖြေခဲ့ပါတယ်။ ဒါပေမယ့် စခန်းထဲက စာရွက်စာတမ်းမရှိသူ ၁၂ ဦး ထွက်ပြေးခဲ့ပြီးနောက်မှာ the Gig စက်ရုံနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဒုက္ခသည် ၈ ဦးလောက် ကျန်ရှိနေသေးတယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကျန်ရှိနေသူတွေဟာ လုပ်ခလစာ လျော်ကြေးငွေလည်း မရရှိဘဲ နှိပ်စက်ခံရမှာကို စိတ်ပူနေကြတာပါ။ အသက် ၃၁ နှစ်အရွယ် ခင်ထက်မွန်က “ကျမညီမက တခြားစခန်းတခုမှာပါ။ သူက ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ကျမတို့ တယောက်နဲ့တယောက် မတွေ့ကြရပါဘူး။ ကျမ သူ့ကိုတွေ့ခွင့်ရဖို့ အကြိမ်ကြိမ် ခွင့်တောင်းခဲ့ပေမယ့် မရခဲ့ပါဘူး။ သူက ကျမနဲ့အတူ ရှိချင်မှာပါ။ ကျမ သူ့အတွက် စိတ်ပူမိပါတယ်” လို့ ပြောပါတယ်။ အသက် ၁၉ နှစ်အရွယ် ၀င်းခိုင်ကတော့ “ကျနော့်မိသားစုတွေ စိတ်ပူနေကြမှာပဲ။ ကျနော် စခန်းထဲမှာ မနေချင်တော့ဘူး။ ကျနော့်ကို အမြန်ဆုံး ကူညီပေးကြပါ” လို့ ဖုန်းထဲကတဆင့် ဖြေခဲ့တာပါ။ တင်ညိုဝင်းရဲ့ ဇနီးဖြစ်သူကတော့ ခုချိန်မှာ ကိုယ်ဝန် ၇ လရှိနေပြီဖြစ်ကာ ၀မ်းဗိုက်ဟာ တောက်ပတဲ့ ပန်းပွင့်ပုံတွေပါတဲ့ အင်္ကျီအောက်မှာ တဖြည်းဖြည်း ကြီးထွားလာနေခဲ့ပါပြီ။ သူက နေမကောင်းတဲ့ မိခင်ဆီမှာ ကလေးကို ပြန်မွေးချင်ပေမယ့် ခင်ပွန်းဖြစ်သူကတော့ သူ့အနေနဲ့ ပြန်မသွားနိုင်သေးဘူးလို့ ဆိုပါတယ်။ “ကျနော်တို့က တကယ်ခံရတဲ့သူတွေဖြစ်တယ် ဆိုတာကို သူဌေးကို ပြချင်ပါတယ်။ ဒါကို တရားရုံးမှာလည်း ပြောချင်ပါတယ်။ တရားမျှတမှုကို ကျနော်တို့ မျှော်လင့်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024