Homeမေးမွနျးခနျးငြိမ်းချမ်းစွာနေထိုင်လိုသူတိုင်းဟာ ညီညွတ်ဖို့ လိုတယ် (ရွှေညဝါဆရာတော်နှင့် မေးမြန်းချက်)
ငြိမ်းချမ်းစွာနေထိုင်လိုသူတိုင်းဟာ ညီညွတ်ဖို့ လိုတယ် (ရွှေညဝါဆရာတော်နှင့် မေးမြန်းချက်)

ငြိမ်းချမ်းစွာနေထိုင်လိုသူတိုင်းဟာ ညီညွတ်ဖို့ လိုတယ်လို့ ထင်ရှားတဲ့ တရားဟောဆရာတော် တပါးဖြစ်တဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟက မိန့်ကြားလိုက်ပါတယ်။
အစိုးရသစ်လက်ထက်မှာ လွှတ်တော်တွင်းမှာရော၊ လွှတ်တော်ပြင်ပမှာပါ ငြိမ်းချမ်းရေးအရေးကြီးတဲ့အကြောင်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာချိန်မှာ မြန်မာပြည်ငြိမ်းချမ်းဖို့အတွက် ဆရာတော်က တိုက်တွန်းဟောကြားလိုက်တာ ဖြစ်ပါတယ်။
နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်မီး ငြိမ်းအေးဖို့ ရည်ရွယ်တဲ့ ဆရာတော်ရဲ့ ငြိမ်းချမ်းရေးတရားတော်ကို ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မေးမြန်းလျှောက်ကြားထားပါတယ်။
တကယ်လို့ တရားဟောခွင့်ရရှိမယ်ဆိုရင် ဘာတွေဟောပြောဖို့ ပြင်ဆင်ထားပါလဲဘုရား။
“ငြိမ်းချမ်းရေးတရားတော်နဲ့ ရန်မဖြစ်ကြပါနဲ့တရားတော် ဟောဖို့ပါ။ ဘယ်သူ့ ဘယ်ဝါ၊ ဘယ်အဖွဲ့အစည်း ပုဂ္ဂိုလ်ကိုမှ မထိခိုက်၊ မနစ်နာ၊ မပုတ်ခတ်ဘဲနဲ့ ကိုယ့်မြန်မာပြည်ကြီး ဘေးကင်းလုံခြုံ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်ကြီးဖြစ်အောင် ပါးစပ်တာဝန်လေးအရ တစိတ်တပိုင်းပဲ ကျေတယ်လို့ရှိရှိ တရားဟောနည်းလမ်းအရ ပြောပြမလို့ပါ။ ရန်ဖြစ်တယ်ဆိုတာဟာ ဘယ်ဘုရားမှ ကောင်းကျိုးပေးတယ်လို့ မဟောခဲ့ပါဘူး။ မညီညွတ်ခြင်းသည် ဆိုးကျိုးကိုသာ ဘေးဖြစ်စေတယ်။ ဒါကြောင့် အားလုံး ညီညွတ်ကြပါ။ ဒါကြောင့် ငြိမ်းချမ်းစွာနေထိုင်လိုတဲ့သူတိုင်းဟာ ညီညွတ်ဖို့ လိုပါတယ်လို့ ဒီတရားလေးဟောဖို့ပါ။ ဦးဇင်းတို့ထက် အသက် သိက္ခာ ဂုဏ်ဝါ ပညာအရာ အစစကြီးမားထည်ဝါတဲ့ ဆရာတော်ဘုရားကြီးတွေကလည်း မြန်မာပြည်ကြီး ငြိမ်းချမ်းဘေးကင်းလုံခြုံတဲ့ တိုင်းပြည်ဖြစ်အောင် မေတ္တာပို့သ ပွားများပြီးတော့ ကျင့်ဆောင် ဟောပြောပေးကြပါလို့လည်း တရားပွဲမှာ မေတ္တာရပ်ခံ ကျိုးနွံစွာ ရိုရိုသေသေနဲ့ လျှောက်ထားဖို့စကားလေးလည်း ပြောဖို့ အစီအစဉ်ရှိပါတယ်။”
လွန်ခဲ့တဲ့လပိုင်းအတွင်းမှာ ငြိမ်းချမ်းရေး စကားကို တော်တော်များများ ပြောနေကြတယ်။ ငြိမ်းချမ်းရေး ဦးဆောင်လုပ်နေသူတွေ၊ ဆောင်ကြဉ်းနေသူတွေကို ဆရာတော်က ဘာများမိန့်ကြားဖို့ရှိလဲဘုရား။
“ဘုရားကိုယ်တော်တိုင် ဘုရားဖြစ်တဲ့အထိ ငြိမ်းချမ်းရေးလုပန်ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်သွားပြီးတော့မှ အငြိမ်းချမ်းဆုံး သန္တိသုခ နိဗ္ဗာန်နိုင်ငံတော်ကြီးကို ဝင်စံသွားတယ်။ လောကီငြိမ်းချမ်းရေးကနေ လောကုတ္တရာငြိမ်းချမ်းရေးကို ဘုရားရှင်ကိုယ်တော်မြတ်ကိုယ်တော်တိုင် ကိုယ်ရော စိတ်ပါ ဆောင်ရွက်တော်မူသွားခဲ့တယ်လေ။ ဒါဘုရားလမ်းညွှန်ပဲ။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းတွေ ရောဟိဏီ မြစ်ရေလုပြီး စစ်ခင်းမယ့်အချိန်မှာ မြတ်စွာဘုရား ကြောင့်ကြမဲ့နေတော်မူသလား၊ မနေဘူး။ ငြိမ်းချမ်းရေးတရားတွေ ဟောပြောခဲ့တော့ အားလုံးစစ်ပြေငြိမ်းခဲ့တယ်။
“အများကြီးပါ- သမ္မောဒ မာနဇာတ် (ငုံးအပေါင်းတို့၏ စည်းလုံးညီညွတ်စွာ အားထုတ်မှုကြောင့် မုဆိုး၏ပိုက်ကွန်မှ လွတ်မြောက်ဖူးသည်။)၊ ဖန္ဒနဇာတ်တွေ (အချင်းချင်း ရန်ငြိုးဖွဲ့၍ ခိုက်ရန်ဖြစ်နေပါက နှစ်ဦးနှစ်ဖက် ပျက်စီးရန်သာဖြစ်သည်) စတဲ့ဇာတ်တွေ ထုတ်ဖော်ပြီး မြတ်စွာဘုရားက ငြိမ်းချမ်းခြင်းသည်၊ ညီညွတ်ခြင်းသည်၊ တည့်တည့်ရှုရှုနေခြင်းသည် ချမ်းသာတယ်၊ မငြိမ်းချမ်းဘူး ရန်ဖြစ်နေမယ်ဆိုရင် ဘယ်ပညာရှိကမှ ကောင်းတယ်လို့ မဟောခဲ့ပါဘူး။ ဘုရားကမှ ရန်ဖြစ်တာကို ကောင်းတယ်လို့ မဟောခဲ့ပါဘူး၊ ဒါဘုန်းဘုန်း ပြောချင်တဲ့စကားပါ။”
အခုဆိုရင် ဘုန်းဘုန်းငြိမ်းချမ်းရေး စကားပြောနေတဲ့အချိန်မှာပဲ လွှတ်တော်မှာလည်း ကိုယ်စားလှယ်တွေကအစ သမ္မတကအစ၊ လူထုကကြည်ညိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကအစ ငြိမ်းချမ်းရေးစကားတွေ ကျယ်ကျယ်လောင်လောင် ပြောလာတယ်ဆိုတော့ ငြိမ်းချမ်းရေးဆိုတာ ပြောတာကတော့လွယ်တယ်၊ လက်တွေ့အားဖြင့် အခြေခံဘယ်လိုမျိုးပြုလုပ်တာက လက်တွေ့ဘဝနဲ့ ဖြစ်နိုင်ခြေရှိလဲ။
“ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက ရှေးရှေးတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် လုပ်ဆောင်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို သင်ခန်းစာ အတုယူလုပ်ဆောင်သွားကြရင် သိပ်မခက်ပါဘူးဗျ။ သဘောထားလေးတွေ တင်းမာရင် လျှော့ပေးလိုက်၊ နားလည်မှုတွေလွဲမှားရင် တည့်ပေးလိုက်၊ ဒါလွယ်လွယ်လေးပါ။ မလုပ်တာက ခက်တာ။ လုပ်ရင် မခက်ဘူး။ ခင်ဗျားပြောသလို တကယ့်လက်တွေ့မှာ မခက်ပါဘူး၊ ကျုပ်ကလည်း ကျုပ်မဟုတ်တာလုပ်ထားရင် ကျုပ်မဟုတ်တဲ့အကြောင်းကို ခေါ်ပြောတဲ့သူကို ကျေးဇူးရှင်တယောက်လို သဘောထားပြီး ပြင်ပေးလိုက်ရင် ငြိမ်းချမ်းသွားတာပဲ။ ငါ့ကိုဘယ်လို ဘယ်ညာပြောရမလားဆိုပြီး ဒေါသထွက်ပြီး တုံ့ပြန်ရင် ဘယ်လိုလုပ် ငြိမ်းချမ်းမှာလဲ။
“သမ္မောဒ မာနဇာတ်ကို အကျဉ်းချူပ်ပြောမယ်။ ဘုရားလောင်း ငုံးဖြစ်တော့ ငုံးအပေါင်း ထောင်သောင်းနဲ့ချီရှိတယ်။ မုဆိုးရဲ့ကွန်ရက်ကို ဝိုင်းဝန်းညီညွတ်စွာနဲ့ ပျံသန်းတော့ ကောင်းကင်မှာ ကွန်ရက်ကို ချီသွားနိုင်တယ် ဆူးချုံပေါ်ချ အောက်ကနေလျှိုထွက်တော့ ငုံးတွေဟာ ငြိမ်းချမ်းလွတ်မြောက်မှုရတယ်၊ ညီညွတ်ခြင်းပေါ့။ နောက်တော့ ငုံးတွေရန်ဖြစ်တယ်၊ တကောင်နဲ့ တကောင်။ တကောင့်ခေါင်းကို တကောင်ကနင်းမိတာကအစ ပြဿနာတွေတက်ပြီး ညီညွတ်မှုတွေ ပြိုကွဲသွားတဲ့အချိန်မှာ မုဆိုးလက်ကို သက်ဆင်းပြီး အကုန်လုံး မိသွားတယ်။ ဒါဟာ ညီညွတ်ခြင်းသည် ငြိမ်းချမ်းခြင်းရဲ့လမ်းစပဲ ။ မညီညွတ်တော့ဘူး၊ မတည့်တော့ဘူးဆိုရင်တော့ သမ္မောဒ မာနဇာတ်မှာ တကောင်နဲ့ တကောင် ကြေးတန်းထိုးကြတယ်။ မင်းချီပါလား မင်းမပါလားနဲ့ ခေါင်းနင်းခံရတဲ့ ငုံးက နင်းတဲ့ငုံးက တောင်းပန်တာကို ခွင့်မလွှတ်ဘူးလေ။ တောင်းပန်ရင် ခွင့်လွှတ်လိုက်လေ။ တောင်းပန်တာကို ခွင့်လွှတ်လိုက်ရင် ငုံးတွေ မုဆိုးလက်ထဲ ဘယ်မိပါ့မလဲ။ အဲဒီတော့ မညီညွတ်တဲ့အတွက် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးရတယ်လေ။ မငြိမ်းချမ်းတဲ့အတွက် အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးရတယ်လေ၊ ငြိမ်းချမ်းညီညွတ်တဲ့အတွက် လောကကြီးဟာ ကောင်းကျိုးတွေရ၊ ဘေးကင်းလုံခြုံတဲ့ဘဝတွေရကြတော့ သာယာဝပြောတာပေါ့၊ အဲ့ဒါငြိမ်းချမ်းခြင်း။ ညီညွတ်ခြင်းရဲ့ ရလဒ်ပဲလေ။ ‘သမဂ္ဂါနံ တပေါ သုခေါ’ ဆိုတာ မြတ်စွာဘုရား ဟောခဲ့တာ တည့်တည့်ကြီးပါဗျ။ ညီညွတ်ခြင်းရဲ့ အကျင့်မှန်သမျှတို့သည် ချမ်းသာလိမ့်မယ်တဲ့၊ ရှင်းရှင်းလေးပဲနော်။”
ရွှေညဝါဆရာတော်ကို အစိုးရက ဒီနှစ်ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ နိုင်ငံတွင်းမှာ တနှစ်တရားဟောခွင့် ပိတ်ထားပါတယ်။