Home မြန်မာသတင်း မြစ်ဆုံစီမံကိန်းကို ပြန်သုံးသပ်ပြီး လူထုကိုချပြရန် နိုင်ငံရေးပါတီဆယ်ခု တိုက်တွန်း
မြစ်ဆုံစီမံကိန်းကို ပြန်သုံးသပ်ပြီး လူထုကိုချပြရန် နိုင်ငံရေးပါတီဆယ်ခု တိုက်တွန်း
အေးနိုင်
·
September 20, 2011
irrawaddy ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ပြီး အများပြည်သူကို ချပြဖို့ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၀ ခုက သဘောထားကြေညာချက်ကို ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
ဒီမိုကရက်တစ် မိတ်ဆွေပါတီများအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၁ဝ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
လျှပ်စစ်မဂ္ဂါဝပ် ၁၆,၀၀၀ ကျော်ထွက်မယ့် ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးဟာ တနိုင်ငံလုံးနဲ့ ပတ်သက်နေတာဖြစ်တဲ့အတွက် အလွန်အရေးကြီးတဲ့ စီမံကိန်းကြီးဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ဒီပါတီတွေရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီမြစ်ဆုံစီမံကိန်းအနီးမှာ ငလျင်ကြောနဲ့နီးစပ်နေတဲ့အတွက် ဆည်တွေကျိုးပေါက်နိုင်ခြေရှိကြောင်း၊ တရုတ်နိုင်ငံမှာလည်း ဆည်တွေကျိုးဖူးပြီး လူတွေသန်းချီဒုက္ခရောက်ဖူးတဲ့ သာဓကရှိအကြောင်း ဖော်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက စာပါတိုက်တွန်းချက်ကို ခုလိုပြောပြပါတယ်။
“ကျနော်တို့ တိုက်တွန်းတာက ဧရာဝတီမြစ်ဆုံ စီမံကိန်းကို သီးခြားကင်းလွတ်တဲ့ ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ ကဏ္ဍစုံမှလေ့လာပြီးတော့ ဆောင်ရွက်သင့်မသင့် အကဲဖြတ်မှုကို အမြင်မတူတဲ့ နှစ်ဘက်စလုံးရဲ့ ချင့်ချင့်ချိန်ချိန် ကျယ်ကျယ်ပြန့်ပြန့် အဆင့်ဆင့် အချိန်ယူပါလို့၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေကို ပညာရှင်များရဲ့ စိစစ်ဝေဖန် အကဲဖြတ်မှု ကောင်းကျိုး၊ ဆိုးကျိုးများကို ပြည်သူလူထု အသေးစိတ် သိရှိဖို့ ပြည့်ပြည့်စုံစုံ အချိန်မီ ထုတ်ပြန်အသိပေးဖို့၊
“နောက်ပြီးတော့ အထက်ပါ စီမံကိန်းမျိုးနဲ့ အလားတူတဲ့ လုပ်ငန်းပမာဏ ကြီးမားပြီးတော့ အချက်အလက်အရ ရှုပ်ထွေးတဲ့ နိုင်ငံတော်အဆင့် အရေးပါတဲ့ စီမံကိန်းကြီးတွေကို ဆောင်ရွက်တဲ့အခါမှာ အချက်အလက် ပြည့်ပြည့်စုံစုံ ရယူပြီးတော့ စီမံကိန်းဒေသခံများနဲ့တကွ ပြည်သူလူထု ဆန္ဒကိုလည်း စဉ်းစားပြီးတော့မှ ဆောင်ရွက်ပါလို့ အလေးအနက် တိုက်တွန်းတဲ့စာပါ။”
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ ဆယ်ပါတီ ပူးတွဲကြေညာချက်တစောင်ကိုလည်း ဒီကနေ့မှာပဲ တခါတည်း ထုတ်ဝေခဲ့ပါတယ်။
ကြေညာချက်မှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် အပြောင်းအလဲတွေကို ပြည်တွင်းပြည်ပက တိုးမြှင့်လက်ခံလာတာကိုတွေ့ရတဲ့အတွက် ဒီအခြေအနေကို အမိအရ ဆွဲကိုင်ပြီး နိုင်ငံတော်အေးငြိမ်းသာယာဖို့အတွက် အစိုးရက နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဆက်စပ်သတင်းများ