ဦးညီညီလွင်ကို စွဲဆိုထားသည့်အမှုများ ပိတ်သိမ်းပြီး လွှတ်ပေး
နော်နိုရင်း
·
July 1, 2016
ရွှေဝါရောင်အရေးအခင်းမှာ ရှင်ဂမ္ဘီရအဖြစ်ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီလွင်ကို စွဲဆိုထားတဲ့အမှု အားလုံးကို ရုပ်သိမ်းပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဦးညီညီလွင်ကို မန္တလေး အိုးဘိုထောင်ကနေ ရန်ကုန်အင်းစိန်ထောင်ကို ဇွန်လ ၂၇ ရက်နေ့က ပြောင်းရွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းက ဗဟန်းနဲ့ သန်လျင်မြို့နယ်အတွင်းက ချိတ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်း တကျောင်းကို ၀င်ရောက်ခဲ့မှုနဲ့ ပြန်လည်တရားစွဲဆိုခဲ့ပါတယ်။ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ နဲ့ ဗဟန်းနဲ့ သန်လျင်မြို့နယ်တွေ တရားရုံးက တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့မှတော့ အမှုအားလုံးကို ရုပ်သိမ်းပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ပြန်လွတ်လာသူ ဦးညီညီလွင်က “ဟုတ်ကဲ့ အခု ဗဟန်းတရားရုံးကရော၊ သန်လျင်တရားရုံးကရော ၂ ရုံးလုံးလွှတ်လိုက်တာပါ။ တရားလိုတွေက အမှုကို ကျေအေးပြီးတော့ အမှုကို ပိတ်သိမ်းလိုက်တာ။ ထောင်ကျခံရတဲ့အမှုလည်း လွတ်သွားတယ်။ တရားစွဲထားတဲ့ ဒီတရားရုံးတွေကလည်း အမှုတွေလွှတ်သွားတယ်။ အခုလို လွှတ်ပေးတဲ့အတွက် ကျနော်တော်တော်ဝမ်းသာတာပေါ့ဗျာ။ ကျနော်ဆေးကုစရာရှိတောတွေ ဆက်ကုရဦးမယ်” လို့ ပြောပါတယ်။
ဦးညီညီလွင်ဟာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ မန္တလေးတိုင်း မဟာအောင်မြေ တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။
လွတ်ရက်စေ့ခါနီးမှာ သူ့ကို မန္တလေးအိုးဘိုထောင်ကနေ အင်းစိန်ထောင်ပြောင်းပြီး အမှုဟောင်းတွေနဲ့ ပြန်လည်တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ပကနေ မန္တလေးမြို့ကို နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ရောက်ရှိစဉ် ဇန်န၀ါရီ ၁၉ ရက်က တရားမ၀င် နယ်ခြားဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကလည်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။