Homeမေးမြန်းခန်းဧရာဝတီျမစ္ဆံုစီမံကိန္းကို ဆက်လက်ဆန့်ကျင်မယ် (ကေအိုင်အိုနှင့် မေးမြန်းချက်)
ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လက်ဆန့်ကျင်မယ် (ကေအိုင်အိုနှင့် မေးမြန်းချက်)

ဧရာဝတီမြစ်ဆုံမှာ ရေကာတာတွေတည်ဆောက်မယ့် စီမံကိန်းတွေဟာ ပြည်သူလူထုကို အကျိုးရှိစေမှာမဟုတ်တဲ့အတွက် ဆက်လက်ဆန့်ကျင်သွားမယ်လို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ပြောပါတယ်။
ဧရာဝတီမြစ်ပေါ်မှာ စင်ကာပူနိုင်ငံလောက် အရွယ်အစားရှိတဲ့ မြစ်ဆုံရေကာတာတွေကနေ ထွက်ရှိတဲ့ ရေအားလျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံကို ရောင်းစားဖို့ မြန်မာစစ်အစိုးရလက်ထက်က တရုတ်အစိုးရပိုင် စီပီအိုင် ကုမ္ပဏီနဲ့ မြန်မာဘက်က အေးရှားဝေါလ်တို့ ပူးတွဲအကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ချက်တွေ မပေါ်ခင်ကတည်းက ကေအိုင်အိုဟာ ဒီစီမံကိန်းကို ရပ်တန့်ဖို့ ကြိုးစားသလို အခုလည်း ရေကာတာဆောက်လုပ်ရေးလုပ်ငန်းကို ဟန့်တားမှုတွေ ဆက်လက်ဆောင်ရွက်နေပါတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
မြစ်ဆုံရေကာတာဆိုင်ရာ အခြေအနေနဲ့ပတ်သက်လို့ ကေအိုင်အိုပြောခွင့်ရသူ ဦးလနန်းကို မေးမြန်းထားပါတယ်။
မြစ်ဆုံစီမံကိန်းကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်နေကြပါတယ်။ ကေအိုင်အိုရဲ့ သဘောထားက ဘယ်လို့ရှိပါသလဲ။
“ကေအိုင်အို သဘောထားကို ပြောရမယ်ဆိုရင်တော့ ကေအိုင်အိုက မြစ်ဆုံစီမံကိန်းစတင်မယ့် သတင်းထွက်လာတာနဲ့ အကြိမ်ကြိမ် ကန့်ကွက်ခဲ့တယ်၊ ကန့်ကွက်တယ်ဆိုတာ ကျနော်တို့ ကေအိုင်အို တဖွဲ့တည်းရဲ့ သဘောဆန္ဒမဟုတ်ဘဲနဲ့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ သဘောဆန္ဒ တောင်းဆိုမှုတွေကို လက်မှတ်ထိုးထားတာရှိတယ်။ တောင်းဆိုချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း စာနဲ့ရေးပြီး ကန့်ကွက်တာတွေ လုပ်ခဲ့သလို၊ နောက် တရုတ်အစိုးရ သမ္မတဟူကျင်တောင်းကို လိပ်မူပြီးတော့ ကန့်ကွက်တာတွေလည်း လုပ်ခဲ့တယ်။ ကျနော်တို့ ကချင်အဖွဲ့အစည်းက မြစ်ဆုံရေကာတာစီမံကိန်းကို နဂိုကတည်းက ကန့်ကွက်ပြီးသားပါ။ အဲဒီကိစ္စ အကောင်အထည်မဖော်ဖို့ ဥပဒေနည်းလမ်းနဲ့အညီ တရားဝင် ကန့်ကွက်နေတာပါ။ တိုက်ပွဲကာလဖြစ်လာတော့ မြစ်ဆုံစီမံကိန်းမှာ အသုံးပြုမယ့် ဆောက်လုပ်ရေးပစ္စည်းတွေကို ကျနော်တို့ ပိတ်ဆို့တာတွေ လုပ်ပါတယ်။”
ဘယ်လို ပိတ်ဆို့မှုတွေ လုပ်ခဲ့တာလဲ။
“မြစ်ဆုံစီမံကိန်းက ယူနန်ပြည်နယ်နဲ့နီးတော့ ယူနန်ပြည်နယ် ကူမင်းဘက်ကနေ ကုန်းတွင်းပိုင်းကနေ ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ယူတဲ့အခါမှာ အဓိက ကန်ပိုက်တီလမ်းကြောင်းနဲ့ လိုင်ဇာလမ်းကြောင်းကို အသုံးပြုပြီးတော့ တရုတ်ပြည်က ဆောက်လုပ်ရေး ပစ္စည်းတွေကို သွင်းတယ်။ တရုတ်က အတတ်ပညာရှင်တွေ၊ အလုပ်သမားတွေ စက်ယန္တရားတွေကို အဲဒီလမ်းကြောင်းတွေကသွင်းတယ်။ ဒါပေမယ့် တိုက်ပွဲပြန်ဖြစ်လာတဲ့အခါ လိုင်ဇာလမ်းကြောင်းကနေ ဘယ်လိုမှ သွင်းမရတော့ဘူး လမ်းကြောင်းတွေက ပျက်ကုန်တယ်။ ကျန်နေတာတော့ ကန်ပိုက်တီ လမ်းကြောင်းကနေ စက်ယန္တရားရယ်၊ တရုတ်ပြည်က အလုပ်သမားတွေရယ်၊ ဘိလပ်မြေတို့၊ သံတို့၊ ပိုက်လုံးတို့၊ စက်ယန္တရားတို့၊ စက်သုံးဆီတို့ကို သွင်းတာရှိတယ်။ တိုက်ပွဲဖြစ်လာတော့ အဲဒီ ကန်ပိုက်တီလမ်းမပေါ်မှာ ကျနော်တို့ ကေအိုင်အို တပ်ဖွဲ့တွေက နေရာယူထားပြီး လမ်းကြောင်းမှာ ဂိတ်တခုချထားလိုက်တယ်။ အဲဒီဂိတ်ကနေ အခုလောလောဆယ် အေးရှားဝေါလ်က ဆောက်လုပ်ရေး ပစ္စည်းအားလုံး စက်သုံးဆီအပါအဝင် မြစ်ဆုံစီမံကိန်းမှာ အလုပ်လုပ်နေတဲ့ အေးရှားဝေါလ်က အလုပ်သမားတွေအတွက် ရိက္ခာတွေပို့တဲ့လမ်းကြောင်းကို ကျနော်တို့ ပိတ်ဆို့ထားပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်သတ်တဲ့ လုပ်ဆောင်မှုပါပဲ။ ဒါပေမယ့် ဂိတ်က အရပ်သားတွေရဲ့ ကုန်စီးဆင်းမှုကိုတော့ အနှောင့်အယှက်မပေးပါဘူး။”
အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ပြောသွားတယ်။ (မြစ်ဆုံစီမံကိန်းကြောင့်) ဒေသခံတွေလည်း အလုပ်ရတယ်၊ ရွာသားတွေလည်း စိတ်မပျက်ပါဘူး ဆိုတာနဲ့ ပတ်သက်လို့မေးချင်ပါတယ်။ ကချင်ပြည်သူတွေ အလုပ်ရနေလား။
“မြစ်ကြီးနားမြို့ပေါ်မှာ ရှိတဲ့လူထုကို ဦးဇော်မင်းက တိုက်ရိုက်မေးမြန်းဖို့ သင့်ပါတယ်၊ ရမ်းသမ်းပြောဆိုမှုပါ။ အဓိက အလုပ်လုပ်ဖို့ တရုတ်ပြည်က အလုပ်သမားတွေ ခေါ်လာတာများတယ်လို့ သိရတယ်။ တရုတ်တွေ မတရား ဝင်လာတာကြောင့် တရုတ်-မြန်မာနယ်စပ်မှာ ပိုပြီးတော့ အကျင့်စာရိတ္တပျက်ပြားမှုတွေ အများကြီး ဖြစ်နေတယ်။ ဒါကတော့ ဒေသခံတွေပိုသိပါတယ်၊ တာဝန်မဲ့ ပြောဆိုမှုပါ။”
မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာမှုမှာ မြစ်ဆုံနေရာထက်စာရင် အပေါ်ပိုင်းနည်းနည်းရွှေ့ပြီးတော့ အငယ်စား ဆည်လေး ၂ ခုလောက် ဆောက်လိုက်ရင် အဲဒီလျှပ်စစ်စွမ်းအားအတိုင်းရမယ်ဆိုတော့၊ ဒီလိုမျိုး လျှပ်စစ်စွမ်းအားရရင် ကချင်ပြည်နယ်က ဖွံ့ဖြိုးတိုးတက်လာမယ် မဟုတ်လား။ အဲဒါရော ကေအိုင်အိုက ဘယ်လိုသဘောထားရှိလဲ။
“အခု သူတို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းတင်မကပါဘူး အခြားရေအားလျှပ်စစ်ထုတ်လုပ်တဲ့ စီမံကိန်းအားလုံးကတော့ နိုင်ငံသူနိုင်ငံသားတွေကို လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးက တခုမှမပါဘူး။ အဓိကတော့ တရုတ်ပြည်ကို ရောင်းထုတ်မှာပါ၊ လူတိုင်းလည်းသိပါတယ်။ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဆောက်လုပ်နေပေမယ့် လျှပ်စစ်မီးကို ၂၄ နာရီ ပတ်လုံးရတဲ့ ဒေသရယ်လို့ မရှိဘူး၊ ရတဲ့မီးကလည်း မီးထွန်းဖို့လောက်ပါပဲ။ တခြား အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်နိုင်တဲ့ မီးအား သူတို့မပေးနိုင်ဘူး။ သူတို့ပြောဆိုမှုကတော့ မြစ်ဆုံရေကာတာ ဆောက်လုပ်ခြင်းဖြင့် ကချင်ပြည်နယ်တခွင်မှာ မီးလင်းသွားမယ်ဆိုတာ မဖြစ်နိုင်တာကို ပြောဆိုတာပါ။ တကယ်လို့ စီမံကိန်း ပြီးခဲ့မယ်ဆိုရင်တောင် မြစ်ကြီးနားမြို့တော့ မီးရမယ် တခြားဒေသတွေက မီးရဖို့မလွယ်ပါဘူး။ တခြား အောက်ပြည်ကိုလည်း မီးရဖို့မလွယ်ပါဘူး။ အဓိကတော့ အဲဒီမီးတွေကို တရုတ်ပြည်က ဝယ်တာတောင် မဟုတ်ပါဘူး၊ တရုတ်ပြည်က လာလုပ်ယူသွားတာပါ။”
မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး အခု လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ကျလာရင်ကော ကေအိုင်အိုက လက်ခံမလား။
“လွှတ်တော်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းက အသိအမှတ်လည်း မပြုဘူး၊ လွှတ်တော်ထဲမှာ ဘယ်လိုပဲ ပြောဆိုကြပေမယ့် ကျနော်တို့ဘက်ကတော့ နဂိုတည်းက ချမှတ်ထားတဲ့ မူပေါ်လစီကိုပဲ ဆုပ်ကိုင်သွားမှာပါ။”