A d v e r t i s e m e n t With Us

မူးယစ်ဆေးဝါး မှောင်ခိုမှုဖြင့် မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းဖမ်းဆီး

နိုင်ငံဖြတ်ကျော် မူးယစ်ကွန်ရက် အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံသား ၂ ဦးနဲ့ နီပေါအမျိုးသားတဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (အန်စီဘီ) က ကြေညာပါတယ်။ ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်မှာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကို တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စစ်ဆေးဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့တာလို့ အန်စီဘီ ကြေညာချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ ဇွန် ၂၅ ရက် ရန်ကုန်ကနေ သုဝဏ္ဏဘူမိ လေယာဉ်ကွင်းကို လာစဉ် အိုက်စ် ၇ ဒသမ ၃ ကီလိုဂရမ်ကို ခရီးဆောင်အိတ်ထဲမှာ တွေ့တဲ့အတွက် အသက် ၂၂ နှစ် မြန်မာအမျိုးသား အန်နှေး (Anil) ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် သူ့ဆီကရတဲ့ သတင်းအချက်အလက်တွေအရ ဘန်ကောက် River Front ဈေးဝယ်စင်တာရှေ့က ကားမှတ်တိုင်မှာ မြန်မာအမျိုးသမီး ဘန်နာဒေ၀ီ (Binar Devi) ကို ထပ်ဖမ်းမိခဲ့တယ်လို့ သတင်းက ရေးပါတယ်။ အိုက်စ်တွေကို သယ်သွားပေးဖို့အတွက် မြန်မာ ၂ ဦးကို နီပေါအမျိုးသားတဦးက ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီ နီပေါအမျိုးသားက တာချီလိတ်ကနေ ထိုင်းကို လာရောက်ပြီး ချင်းရိုင်ကနေ ဘန်ကောက်ကို လေယာဉ်နဲ့ ပျံသန်းကာ အိုက်စ်တွေလာယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဇွန် ၂၆ ရက်မှာ အသက် ၃၀ အရွယ် အဲဒီနီပေါအမျိုးသား ဘတ်ဟီမန် တန်မာကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up