DVB Logo
Home
မေးမြန်းခန်း
ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ဘာမှ မလုပ်တာကြိုက်တယ် (ဦးထွန်းလွင်နှင့် မေးမြန်းချက်)
DVB
·
September 19, 2011
ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး ဘာမှ မလုပ်တာကြိုက်တယ် (ဦးထွန်းလွင်နှင့် မေးမြန်းချက်)
Donate to DVB

အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ လျှပ်စစ် ၁ ၀န်ကြီး ဦးဇော်မင်းနဲ့ အစိုးရ၀န်ကြီးတွေက စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_13235" align="alignright" width="310" caption="ဦးထွန်းလွင် (ဓာတ်ပုံ - www.tunlwin.com)"][/caption]

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူးဟောင်း ဦးထွန်းလွင်က ဒါဟာ ကောင်းတဲ့ ခြေလှမ်းရပ်အဖြစ် ကြိုဆိုလိုက်ပြီး ဧရာဝတီမြစ်အရေးကို အလေးထား စဉ်းစားစေချင်တဲ့ လူတွေအတွက် အောင်မြင်မှုတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းအစား မြစ်ညာပိုင်းမှာ ရေကာတာဆောက်ဖို့ တချို့က အကြံပြုနေကြပေမယ့် ဦးထွန်းလွင်ကတော့ ဧရာဝတီမြစ်ပေါ်မှာ ဘာရေကာတာမှ မဆောက်တာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။

ရေကာတာ တည်ဆောက်နေမှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဦးထွန်းလွင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီမြစ်ဆုံမှာ လုပ်မယ့်ကိစ္စကို လောလောဆယ်မှာ လုပ်မယ့်ကိစ္စကို ပြန်ပြီး လေ့လာမယ်ဆိုတဲ့ အပိုင်းမှာ အကြံပြုချက်တချို့မှာ ဇီဝမျိုးစိတ်တွေနဲ့ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး (BANCA - Biodiversity and Nature Conservation Association) အဖွဲ့ အစီရင်ခံစာမှာလည်း ပါမယ်လို့ ထင်ပါတယ်။ မြစ်စုံမှာ မဆောက်ဘဲ မြစ်ညာပိုင်းမှာ ရေကာတာ အသေးလေးတွေ တည်ဆောက်ရင်ရော မဖြစ်နိုင်ဘူးလားဆိုတဲ့အပေါ် အမြင်ကို သိချင်ပါတယ်။

“ကျနော့်သဘောထားကတော့ ဧရာဝတီမြစ်နဲ့ ပတ်သက်လို့ ဘာမှ မလုပ်တာ ကြိုက်တယ်။ အပေါ်မှာ လုပ်လည်း ဧရာဝတီမြစ်ပဲ။ ကျနော်သိသလောက်ဆိုရင် ဟိုဘက်မှာ ငါးခု ရှိမယ်။ တဘက်မှာ ၁ ခု ဆောက်မယ်ပေါ့ဗျာ။ ဒီထဲကို ၀င်တဲ့ရေ ဘာပဲပြောပြော အနည်းနဲ့ အများတော့ ထိခိုက်မှာပေါ့။ သို့သော်လည်း လက်ရှိနေရာထက်တော့ အဲဒီနေရာ ပြောင်းလုပ်မယ်ဆိုရင် နည်းနည်းတော့ လျော့နိုင်တာပေါ့လေ။ ဆိုးတော့ မဆိုးဘူး ပြောပေမယ့်လည်း ဖြစ်နိုင်ရင်တော့ တခြားမြစ် တနေရာပေါ့။ ကျနော် အကြံပြုလိုတာက အရင်တုန်းကလည်း လက်စရှိဖူးတဲ့ ချင်းတွင်းလို နေရာပေါ့။ ပိုကောင်းမယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် သူတို့ ဘက်ကတော့ တခြားရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုရင်တော့လည်း ချင်းတွင်းက လက်ခံချင်မှ လက်ခံမှာပေါ့လေ။ ဒါကတော့ အတိအကျတော့ မပြောတတ်ဘူးပေါ့နော်။ ပြောင်းပြီးတော့ လုပ်တယ်ဆိုတာကလည်း မဖြစ်မနေ လုပ်မှ ဖြစ်မယ် ဆိုတော့ မြစ်ဆုံထက်တော့ အများကြီး သက်သာနိုင်တယ်လို့ ကျနော် မြင်ပါတယ်။”

ဒီမြစ်ဆုံကို ပြန်ပြီးလေ့လာမယ်ဆိုရင် အရင်လုပ်ခဲ့တဲ့သူတွေသာမက တခြား third party ပေါ့လေ၊ အဖွဲ့တွေနဲ့ လုပ်မယ်လို့ ပြောပါတယ်။ ဆိုလိုတာက နောက်လုပ်မယ့် စီမံကိန်းတွေမှာ ဘယ်လို အစီအစဉ်မျိုးဆိုရင် ပိုပြီးတော့ အဆင်ပြေမယ့်၊ လူတွေလည်း လက်ခံနိုင်မယ့် အနေအထားမျိုး အကြံပေးမယ်ဆိုရင် ဘယ်လိုပေးမလဲ။

“ပြန်လုပ်မယ်ဆိုရင် ရွေးတဲ့ အဖွဲ့ဟာ အရမ်းအရေးကြီးတယ်။ ထင်သာမြင်သာ လုပ်တတ်တဲ့အပြင် ပညာပိုင်းဆိုင်ရာမှာလည်း အတွေ့အကြုံများတဲ့ အဖွဲ့မျိုးဖြစ်ရင် အကောင်းဆုံးပါပဲ။ ကျနော်မြင်တာကတော့ ကျနော်တို့ ဘက်မှာ ဒီလိုမျိုး ကိစ္စမျိုးတွေ လုပ်နေတဲ့ လုပ်ငန်းရှိတယ်။ ဒါကတော့ မဲခေါင်မြစ်ဝှမ်းပေါ့။ မဲခေါင်မြစ်ဝှမ်းမှာ လုပ်တဲ့ အဖွဲ့တွေလို အလားတူ လုပ်မယ်ဆိုရင်တော့ အကြံပိုပြီး ရလိမ့်မယ် ထင်ပါတယ်။ သို့တည်း မဟုတ်ဘဲ ဒီလိုပဲ သိပ်ပြီးတော့ ပညာရှင်အပိုင်းက မသိတဲ့၊ လက်မခံတဲ့ အဖွဲ့မျိုးနဲ့ လုပ်မယ်ဆိုရင်လည်း တနည်းအားဖြင့် ပြောစရာတွေ ပေါ်ဦးမယ်လို့ ထင်ပါတယ်။”

စောစောက ကျနော်ဆွေးနွေးတဲ့ လူတွေကို အသိမပေးဘဲ ထားခဲ့တဲ့အပိုင်းပေါ့။ ခုနက ၀န်ကြီးပြောခဲ့တဲ့အပိုင်းပေါ့။ ဒါဟာ လျှို့ဝှက်ချက် ဖြစ်တယ်။ ကုမ္ပဏီကလည်း ပေးလို့ရတာမဟုတ်ဘူး ဆိုတာမျိုးကို ဘယ်လို စဉ်းစားမိပါလဲ။

“ကျနော့်အမြင်ကတော့ ဒါက အများအားဖြင့်တော့ လက်မခံကြပါဘူးခင်ဗျ။ ဒါကတော့ မြင်သာအောင် လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက နိုင်ငံပိုင်မြစ်၊ ပြည်သူပိုင်မြစ်တယ်။ သိပ်အရေးကြီးတဲ့ ကိစ္စလည်း ဖြစ်တော့ ပြည်သူကို သိသင့်အောင်တော့ အထူးသဖြင့် အရင်တုန်းက မလုပ်တောင် အခု အစိုးရလက်ထက်မှာ လုပ်ကို လုပ်ရမယ့် ကိစ္စပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013