မြစ်ဆုံစီမံကိန်းကို ပြန်စဉ်းစားဖို့ ဒေါက်တာ ဦးမြင့် တိုက်တွန်း
နေသွင်
·
September 17, 2011

မြစ်ဆုံရေကာတာစီမံကိန်းကို လွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ပြီးမှ ဆက်လုပ်သင့်မသင့် စဉ်းစားသင့်တယ်လို့ သမ္မတ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က တိုက်တွန်းလိုက်ပါတယ်။
[caption id="attachment_15643" align="alignleft" width="310" caption="ဒေါက်တာဦးမြင့်နှင့် ကချင်ခေါင်းဆောင်ဟိုဝါးဒူဝါဇော်ဂမ် တွေ့ဆုံစဉ် "]
[/caption]
"မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေး၊ လူမှုရေး သက်ရောက်မှုတွေကို ဘက်မလိုက်ဘဲ၊ လွတ်လပ်တဲ့ လေ့လာသုံးသပ်မှုတွေ ပြုလုပ်သင်တယ်လို့ ပညာရှင် တယောက်အနေနဲ့ ကျနော် အလေးအနက်ခံယူပါတယ်" လို့ ဒီဗွီဘီက လက်ခံရရှိတဲ့ ဦးမြင့်ရဲ့ စာမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ တနှစ်ကျော်က မြစ်ကြီးနားမြို့မှာ သူကိုယ်တိုင်က လေးစားရတဲ့ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်နဲ့ တွေ့ဆုံစဉ်မှာ ဒူဝါကြီးက မြစ်ဆုံရေကာတာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်နေတယ်လို့ ဆွေးနွေးခဲ့တာကို ဦးမြင့်ရဲ့ မှတ်ချက်နဲ့တကွ ပူးတွဲ ဖော်ပြထားပါတယ်။
ပင်လုံစာချုပ်လက်မှတ်ထိုးဖို့ကိစ္စမှာ ဦးဆောင်ခဲ့တဲ့ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ရဲ့ သား၊ ကချင်ခေါင်းဆောင်ဟိုဝါးဒူဝါဇော်ဂမ်ရဲ့ ဆွေးနွေးချက်ဖြစ်တဲ့ "ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ်ထင်တယ်။ ပထမရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကိုကြိုးကိုင်ဖို့၊ လုံခြုံရေးထိမ်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံးထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေသေမှာကို ကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့(တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေမယ့်ကိစ္စ ဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်" ဆိုတာကိုလည်း ဦးမြင့်ရဲ့ သဘောထားမှတ်ချက်နဲ့တကွ စာထဲမှာဖော်ပြထားပါတယ်။
ဦးမြင့်က မြစ်ဆုံရေကာတာကိစ္စ အရေးတကြီး ဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ သူ့အနေနဲ့ ဒူဝါရဲ့ ဆွေးနွေးချက်နဲ့ ခံစားချက်တွေကို ပြည်တွင်းပြည်ပက မြန်မာတွေအားလုံးကို မျှဝေသင့်တယ်လို့ ယူဆလို့ ပြန်လည် ဖော်ထုတ်ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဦးမြင့်က "မြစ်ဆုံစီမံကိန်းဟာ ဧရာဝတီမြစ်ကြောင်းတလျှောက်လုံးမှာ အကျိုးသက်ရောက်မှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) အဖွဲ့လို ဂုဏ်သိက္ခာနှင့် ကျွမ်းကျင်မှုရှိတဲ့ လေးစားလောက်တဲ့ အဖွဲ့ရဲ့ စုံစမ်းမှုမျိုးလိုတယ်၊ ဒီလိုစုံစမ်းမှုတွေလုပ်ပြီး၊ အဘက်ဘက်က စိုးရိမ်မှုတွေကို သေချာသုံးသပ်ပြီးတော့မှ စီမံကိန်းကို ဆက်လုပ်သင့်မလုပ်သင့် စဉ်းစားသင့်တယ်"လို့ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မဲခေါင်မြစ်ကော်မရှင်ကို ၁၉၉၅ ခုနှစ်တုန်းက မြစ်ခေါင်မြစ်ဝှမ်းဒေသက မြစ်ကြောင်းထိန်းသိမ်းရေး စောင့်ရှောက်ဖို့ ရည်ရွယ်ပြီး၊ ကမ္ဘောဒီယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့တနှစ်ကျော်က ဒူဝါဇော်ဂမ်နဲ့ ဆွေးနွေးခဲ့စဉ်က ယုံကြည်ချက်အတိုင်းပဲ အခုလည်း လက်ခံယုံကြည်တဲ့အလျောက် သူ့အမြင်နဲ့ အကြံပြုချက်ကို သမ္မတရဲ့ စီးပွားရေး အကြံပေးခေါင်းဆောင် အနေနဲ့ အစိုးရ အဆင့်မြင့်အရာရှိတွေကို တင်ပြထားပြီလို့လည်း ဦးမြင့်က ဆိုပါတယ်။
မြစ်ဆုံရေကာတာကို မဆောက်ဘဲနဲ့ မြစ်ညာပိုင်းမှာ ရေကာတာငယ်လေး ၂ ခု ဆောက်ပြီး တူညီတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မယ်ဆိုရင် စီးပွားရေးအကျိုးကျေးဇူးက တူညီပြီး စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးနယ်ပယ်နဲ့ လူတွေရဲ့ ခံစားမှုတွေကို ထိခိုက်မှု နည်းပါးနိုင်လို့ ဒီကိစ္စကို စဉ်းစားသင့်တယ်လို့ ဦးမြင့်က အကြံပြုထားပါတယ်။
ဧရာဝတီမြစ် ပျက်စီးမှာကို စိုးရိမ်တဲ့ ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူတွေက ကန့်ကွက်နေကြပေမယ့် အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းက ဒီစီမံကိန်းကို ဘယ်လိုကန့်ကွက်မှုတွေပဲ ရှိရှိ မဖြစ်မနေ လုပ်မယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကလည်း မြစ်ဆုံစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား ၁၈,၀၀၀ ထွက်ရှိမယ်၊ မြစ်ရေရဲ့ ၇ ရာခိုင်နှုန်းကိုပဲ သုံးမှာဖြစ်လို့ စနစ်တကျတွက်ချက်ပြီးမှ ဆောင်ရွက်တာလို့ ကြာသပတေးနေ့က ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ ထပ်မံ ပြောကြားသွားပါတယ်။
ဧရာဝတီမြစ်ဖျား မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရက တရုတ်အစိုးရရဲ့ အကူအညီနဲ့ လုပ်နေတာဖြစ်ပြီး ဒီကထွက်တဲ့ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို ရောင်းချမှာ ဖြစ်ပါတယ်။
--------------------------------------------------------------------------------------------------------
(ဒေါက်တာဦးမြင့်နှင့်တွေ့ဆုံစဉ် ကချင်ခေါင်းဆောင်ဟိုဝါးဒူဝါဇော်ဂမ်၏ ဆွေးနွေးချက်များ)

နေ့စွဲ - ၂၂ ရက် ဇူလိုင်လ ၂၀၁၀ ခု
ကြာသပတေးနေ့၊ နံနက်ပိုင်း ၉း၁၅
Howa Duma Zau Gam နေအိမ်
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
ပင်လုံစာချုပ်အတွက်ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား၊ ကချင်ခေါင်းဆောင်ဟိုဝါးဒူဝါဇော်ဂမ် နှင့် ဆရာဦးမြင့်တို့တွေ့ဆုံစဉ်က မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ Duwa Zau Gam ၏အမြင်နှင့် ပြောဆိုချက်။ ၁၉၈၇ တုန်းကအလုပ်လုပ်နေတုန်းညဖက်မှာအသံတွေကြားတော့ ဘာမှန်းလဲမသိ ထွက် ပြေးမယ်လုပ်ပြီးအပြင်ကိုကြည့်လိုက်တော့မှ ရေတွေနဲ့ အတူတူ ညောင်ပင်ကြီးတွေ သစ်ပင်ကြီးတွေ မျှော်ပါလာတာတွေ့ရတယ်။ နားလုံလယ် တပြင်လုံးလည်း၊ သဲကန္တာရလို သဲတွေဖုံးကျန်ခဲ့ပြီးတော့ တော်တော်နဲ့ ပြန်ပြီးစိုက်ပျိုးစားလို့ မရတော့ဘူး။ ဗန်းမော်၊ စိန်လုံဖက်မှာလည်း တောင်ကြီးတွေ မြေပြိုကျပြီး ရေတွေသစ်ပင်တွေ မျှောပါလာတာ ကြုံတွေ့ဖူးတယ်။ “မော်ရို” ဆိုတာ ကချင်စကား ၊ တောင်တွေကွဲပြီးပြိုကျတာကိုပြောတာ။ ၂၀၀၄ ခုနှစ် ရေကြီးတုန်းကလဲ “ကျိန်ခရမ်” ရေအားလျှပ်စစ်မှ ခြောက်နေရာတောင် တောင်ကွဲပြီးပြိုကျတာ ရေတံခွန်လိုပဲ ရေလုံးကြီးတွေတောင်ပေါ်က “ဝုန်း”ကနဲ ပြိုကျတာ၊ သစ်ပင်ကြီးတွေပါ ပါလာတယ်။ ဘာမှလုပ်ချိန် မရလိုက်ဘူး။ မကြာခင်မှာပဲ “တန်ဖရဲ” ချောင်းဘေးနားက အိမ်တွေ အကုန်ရေထဲမျောပါသွားပြီ။ ဒါတွေကိုမြင်ဖူး၊ ကြုံဖူးတော့ ဘဝမှာဒါတွေဟာ မီးမောင်းထိုးပြသလို၊ ကြောက်စိတ်တွေ၊ ဒဏ်ရာတွေအဖြစ် ကျန်ခဲ့တယ်။ ညကိုးနာရီကျော်ကျော်မှာ “ဘူဒိုဇာ” နဲ့ ထိုးချလိုက်သလိုပဲ၊ အသံအကျယ်ကြီးတွေ ကြားရပြီး ဟိုဖက်နားက ကပ်ပြီး ကျော်သွားတယ်။ ငလျင်လှုပ်သလိုပဲ ခံစားရတယ်။ ကမ္ဘာကြီး ပျက်သွားတဲ့ အတိုင်းပဲ၊ အဲဒီတုန်းကမြင်ကွင်းနဲ့ ခံစားချက်တွေဟာ ခုထက်ထိ စိတ်ထဲမှာ ဒဏ်ရာ ဖြစ်နေတယ်။ ရေဟာခြေသလုံးလောက်ပဲ၊ ဒါပေမယ့် ရပ်လို့လုံးဝမရဘူး။ရေစီးက တအားမြန်တယ်။ ရိုးရိုးရေကြီးရင် ပြေးချိန်ရတယ်။ တာတမံကျိုးကျရင် ပြေးချိန်မရဘူး။ ဘဝမှာကြုံဖူးတော့ ဒါတွေကိုတွေးရင်တောင် ကြောက်တယ်။ ဒီတမံကြီး မကျိုးဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ? တရုပ်ခေါင်းဆောင်တွေလား? ဗမာခေါင်းဆောင်တွေလား? နေရာတိုင်း၊ အလုပ်တိုင်းမှာ အကျိုးနဲ့အပြစ် ဆိုတာ ရှိပါတယ်။ ဆိုးကျိုး၊ကောင်းကျိုးတွေပေါ့။ ဒီရေကာတာလုပ်လို့ရတဲ့ ကောင်းကျိုးက “လျှပ်စစ်” ဘယ်သူရမှာလဲ? သူတို့ယူသွားမှာ၊ ဆိုးကျိုး ဖြစ်လာရင် ဘယ်သူတွေ ခံရမှာလဲ? ငွေရှိလို့ ပြန်လည်ထူထောင်နိုင်တယ်ဆိုရင်တောင် အိုးအိမ်တွေပဲ ပြန်ဆောက်လို့ရမယ်။ စိတ်မှာဖြစ်သွားတဲ့ စိတ်ဒုက္ခ၊ စိတ်ဒဏ်ရာတွေက တော်တော်နဲ့ ပြန်ထူထောင်ဖို့ မလွယ်ဘူး။ သူတို့တိုင်းပြည်မှာ ဒါတွေကြုံပြီးပြီ၊ သင်ခန်းစာတွေ တပုံကြီးနဲ့၊ စိတ်ဓာတ်ကျ၊ ကြောက်စိတ်ဝင်သွားတဲ့ လူတွေရဲ့ ကျဆင်းသွားတဲ့ စိတ်ဓာတ်ခွန်အား၊ လုပ်အား အားလုံးဟာ တိုင်းပြည်နဲ့ချီပြီး နစ်နာတယ်။ ဆိုတော့က.........နိုင်ငံတော်ကရမယ့် ဝင်ငွေမှာ ဒီလိုမျိုး လူမှုရေးနစ်နာနိုင်တာတွေကို ကာဗာဖြစ်ဖို့ ထည့်စဉ်းစားထားသလား? ဒီလိုမဖြစ်စေရပါဘူးလို့ ဘယ်သူက အာမခံနိုင်သလဲ၊ ကိုယ့်အတွက် ကောင်းကျိုးက အလွန်ပြီး ဆိုးကျိုးများနေတဲ့ ကိစ္စကို ဗမာ၊ ရှမ်း၊ ကချင်၊ ကရင်.... အားလုံး ဝိုင်းကန့်ကွက်ဖို့လိုတယ်။ ဒီကနေဆီးပြီး ရေကာတာ ပိတ်လိုက်ရင် တောတောင်တွေထဲက သယ်ဆောင်လာတဲ့ မြေဩဇာတွေ အားလုံး ဒီရေကာတာထဲမှာ ကျန်ခဲ့မယ်။ အောက်ပိုင်းကလူတွေ စိုက်ပျိုးရေး စိုက်စား၊ ပျိုးစားလို့ကောင်းမှာ မဟုတ်တော့ဘူး။ ဟိုးအောက်ဆုံးပိုင်းက ဧရာဝတီအထိပဲ၊ တတိုင်းပြည်လုံး ဒုက္ခရောက်မယ့်ကိစ္စ အားလုံးနဲ့ ဆိုင်တယ်။ တရုတ်စကားပုံရှိတယ် “သေဖို့မကြောက်ဘူး၊ ငတ်ဖို့(မစားရမှာ)ပဲကြောက်တယ်။” အသက်ရှင် နေစဉ် ကောင်းကောင်းစား၊ ဝဝစားနေချင်တဲ့စိတ်ဓာတ်၊ နောင်အတွက် မစဉ်းစားဘူး။ ညီအကို သားအဖစိတ်တောင် မထားကြဘူး။ တော်တော်ကြောက်ဖို့ ကောင်းတယ်။ ဒီရေကာတာကိစ္စက ရည်ရွယ်ချက်နှစ်ခုရှိတယ် ထင်တယ်။ ပထမရည်ရွယ်ချက်က ရေအားလျှပ်စစ်ရဖို့၊ ဒုတိယရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေးထိမ်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံးထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေသေမှာကို ကြောက်တဲ့ခေါင်းဆောင်တွေက သူတို့(တရုတ်)ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေမယ့် ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့အကျိုးက နည်းပြီး၊ သူတို့အကျိုးက များနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။ ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ အားလုံးဝိုင်းဝန်းတိုင်ပင် စဉ်းစားဆုံးဖြတ်ကြပါ။ ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ ရေးထားတာရှိတယ်။ “တိုင်ပင်ခြင်းမရှိတဲ့ အလုပ်(စီမံကိန်း)ဟာ ပျက်စီး တတ်တယ်။” များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံး ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးနိုင်မှ အကျိုးများများ ရနိုင်တယ်။ ဒါတွေအားလုံး သူတို့ကို သိစေချင်တယ်။ သဘာဝဘေးဒဏ် (ဆည်ကျိုးပေါက်မယ့်ကိစ္စ၊ ရေများလာလို့၊ ငလျှင်လှုပ်လို့......အခြား...) သဘာဝဘေးဒဏ်ဆိုတာ * မဖြစ်နိုင်ဘူးလို့ပြောလို့ မရဘူး * ကြိုပြီးတားထားလို့ မရဘူး * ဖြစ်ရင်လဲတားဆီးလို့ မရ * ဘယ်လောက် အတိုင်းအတာထိလဲဆိုတာ တွက်ချက်လို့ မရ ဒါကြောင့်မို့ ဒီလုပ်ငန်း(Project)ကို အသက်နဲ့လဲပြီး စီးပွားရှာဖို့ အရေးတကြီး လိုမယ်လို့ မထင်ဘူး။ လက်ရှိ တိုင်းပြည်အစိုးရအနေနဲ့ အဖက်ဖက်မှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒီရေကာတာကြောင့် နေ့စဉ်စားမဝင် အိပ်မပျော်ဘဲ အသက်ရှင်နေရတယ်။