လုပ်စား အေဂျင်စီများကို ကိုယ်တွယ်ထိန်းချုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအဖွဲ့များနှင့် တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - Andy Hall)
5K
ထိုင်း-မြန်မာ နှစ်ဘက်စလုံးမှာ လုပ်စားနေတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ ရှိနေတာကို သိထားပြီး အတတ်နိုင်ဆုံး ကိုင်တွယ် ထိန်းချုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းရှိ မြန်မအလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ ဇွန် ၂၅ ရက်က ဘန်ကောက်ရှိ မြန်မာသံရုံးတွေ့ဆုံပွဲမှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
‘‘အေဂျင်စီတွေကို အတတ်နိုင်ဆုံး အရေးယူပါမယ်။ လုပ်စားနေကြတာပဲလေ။ အဲဒီလိုပြောရမှာပဲ။ အတတ်နိုင်ဆုံး ကျမတို့ ထိန်းချုပ်ပါမယ်။ အရေးယူသင့်တာတွေကို အရေးယူပါမယ်။ ထိုင်းနိုင်ငံမှာ လုပ်နေတဲ့ အေဂျင်စီတွေလည်းရှိတယ်။ မြန်မာဘက် မှာလုပ်နေတဲ့ အေဂျင်စီတွေ လည်းရှိတယ်။ နှစ်ဖက်စလုံးမှာ ရှိပါတယ်။’’
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့က ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကိုလည်း လက်ခံ ဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးကို အထူးဦးစားပေး ဆွေးနွေးလုပ်ဆောင်ခဲ့ပါတယ်။