ကေအန်ယူအဖွဲ့ဝင်နှစ်ဦး မူးယစ်ဆေးများဖြင့်ဖမ်းမိကြောင်း ထိုင်းသတင်းကို ငြင်းဆို
DVB
·
September 16, 2011

မန်နေဂျာအွန်လိုင်းမှာ ဖော်ပြထားတဲ့ “ကေအန်ယူအဖွဲ့ဝင် နှစ်ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းမိ” သတင်းဟာ သတင်းဖော်ပြချက် မှားယွင်းတယ်လို့ ကေအန်ယူက ငြင်းဆိုလိုက်ပါတယ်။
[caption id="attachment_15631" align="alignleft" width="310" caption="မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသူ (ထိုင်နေသူ)နှစ်ဦး ( Photo-Manager-online)"]
[/caption]
ထိုင်းနိုင်ငံ မန်နေဂျာအွန်လိုင်း သတင်းမှာ စက်တင်ဘာ ၉ ရက်နေ့က ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) စစ်ဗိုလ်နှစ်ဦး သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကမ်း မဲဆောက်မြို့ ရောက်ရှိစဉ်မှာ ထိုင်းမူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ၁၀ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
အဖမ်းခံရသူနှစ်ဦးဟာ ဗိုလ်ချဝါး အသက် ၃၅ နှစ်နဲ့ တပ်ကြပ်မောင်ဦး ၃၃ နှစ်တို့ ဖြစ်ပြီး သူတို့နဲ့အတူ ၉ မမ ခြောက်လုံးပြူး သေနတ်တလက်၊ ကျည်အတောင့် ၃၀၊ စကားပြောစက်တလုံး၊ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ မြင်းဆေး ၁၂ လုံး တွေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဖမ်းခံရသူတဦးဖြစ်တဲ့ ဗိုလ်ချဝါးက ထိုင်းနိုင်ငံကို ရိက္ခာဝယ်ဖို့ သက်သက်သာလာတာ ဖြစ်ကြောင်းနဲ့ သူတို့ဟာ ကေအန်ယူအဖွဲ့ဝင်တွေဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးအဖွဲ့ကို ဖြောင့်ချက်ပေးခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ကေအန်ယူတွဲဘက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေက ဖမ်းဆီးရမိသူတွေဟာ ကေအန်ယူ တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
“ဒီလူတွေဟာ ကျနော်တို့ ဘက်ကို ကူးလာတဲ့ ဘီဂျီအေအဖွဲ့ ထဲက လည်းမဟုတ်ဘူး၊ ဗိုလ်နှုတ်ခမ်းမွေးတို့ ဆီက လူလည်းမဟုတ်ဘူး။ သူတို့က ကေအန်ယူကတ် ကိုင်ထားတယ်လို့ ပြောတယ်။ ကေအန်ယူကတ် ဆိုတာက ကြိုက်တဲ့နေရာမှာ အချိန်မရွေး ရိုက်လို့ ရတာပဲဟာ။ ထိုင်း ထောက်လှမ်းရေးတွေက ကျနော်တို့လူ ဟုတ်မဟုတ်ဆိုတာ သူတို့ ကောင်းကောင်း သိနေတာပဲ။”
ဖမ်းဆီးရာမှာပါဝင်တဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးဝန်ထမ်းတဦးကိုယ်တိုင်လည်း ကေအန်ယူအဖွဲ့ဝင်တွေ မဟုတ်ဘူးဆိုတာ သိနေတဲ့အကြောင်း ပဒိုစောလှငွေက ပြောပါတယ်။
“သိနေတာပဲ ကေအန်ယူလူမဟုတ်ဘူး ဆိုတာ။ သို့သော်လည်း ဒီလူရဲ့ ပါးစပ်က ဖော်ပြောချက်အရကို ထိုင်းထဲမှာ လွှင့်လိုက်တဲ့ အခါကျတော့ ကျနော်တို့ကို ထင်ယောင်ထင်မှား ဖြစ်တာပေါ့။”
ထိုင်းအစိုးရသစ်ဟာ သက်ဆင်ရှင်န၀ပ် အစိုးရလက်ထက်က ကျင့်သုံးခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒကို ပြန်လည်ကျင့်သုံးနေတာပါ။
