Home
မေးမြန်းခန်း
ရေနံဓာတ်ငွေ့ကို ပြည်သူလူထုသုံးစွဲမှု တွင်ကျယ်လာအောင် ဆောင်ရွက်ရမယ် - ဦးကျော်မျိုးနိုင်
DVB
·
June 24, 2016
ရေနံဓာတ်ငွေ့ LPG ကို ပြည်သူလူထုသုံးစွဲမှု တွင်ကျယ်လာအောင် ဆောင်ရွက်ရမယ်၊ LPG သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းတယ်၊ ရာသီဥတု အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်တယ်လို့ မြ၀တီနယ်စပ်ဒေသ ရေနံဓာတ်ငွေ့ရည် (L.P.G) လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က ပြောပါတယ်။ အသင်းဖွဲ့စည်းခဲ့ရတဲ့ အခြေအနေ၊ လက်ရှိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ဂက်စ် တင်သွင်းနေမှု အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး ဦးကျော်မျိုးနိုင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ပထမဆုံးအနေနဲ့ အစ်ကို့ရဲ့ လုပ်ငန်းရှင်အသင်းကို မိတ်ဆက်ပေးပါဦးခင်ဗျ။ ဖြေ - ကျနော် မြ၀တီနယ်စပ်ဒေသ LPG လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင် ဖြစ်ပါတယ်။ မေး - ရေနံဓာတ်ငွေ့ LPG လုပ်ငန်းရှင်များအသင်းကို ဘယ်နှခုနှစ်က စတင်ဖွဲ့စည်းခဲ့ပါသလဲ။ ဖြေ - အသင်းစတင်ဖွဲ့စည်းရတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ အများကြီးရှိပါတယ်။ ဒါပေမယ့် အသင်းကို တရားဝင် စတင်ဖွဲ့စည်းနိုင်တာကတော့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဖြစ်ပါတယ်။ အဲဒါကတော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်နဲ့ ဒါကိုဖွဲ့စည်းပါဆိုတဲ့ အတိုင်းအတာမှာ မြ၀တီမှာရှိတဲ့ ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ အသင်းဝင်လုပ်ငန်းရှင်တွေနဲ့ ပေါင်းစပ်ပြီးတော့ ပြန်လည်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မေး - အသင်းရဲ့ရည်ရွယ်ချက် နည်းနည်းလေး ရှင်းပြပါလားခင်ဗျ။ ဖြေ - ကျနော်တို့အသင်းရဲ့ ရည်ရွယ်ချက်က ရေနံဓာတ်ငွေ့ LPG ကို ပြည်သူလူထုသုံးစွဲမှု တွင်ကျယ်လာအောင် ဆောင်ရွက်ရမယ်။ နောက်ပြီးတော့ LPG သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းတယ်။ လူမှုဘ၀ တိုးတက်စေတဲ့ အသိပညာ ပေးရမယ်။ အဲလိုလုပ်မှသာလျှင် ကျနော်တို့ ရာသီဥတု အပါအ၀င်ပေါ့နော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်သလို အခုလက်ရှိ ကျနော်တို့ တွေ့ကြုံနေရတဲ့ အပူချိန်မြင့်တက်တာတွေ၊ ရေကြီးတာတွေ၊ ဒါတွေလည်း တဘက်တလမ်းက အထောက်အကူပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒါကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောက်တခုကတော့ LPG နဲ့ ပတ်သက်လို့ လူထုသုံးစွဲတဲ့အခါမှာ ဈေးနှုန်းသင့်တော်ပြီးတော့ တည်တည်ငြိမ်ငြိမ် ရှိရမယ်။ နောက်တခုက LPG စနစ်တကျ ထိန်းညှိတင်သွင်းမှုက ရရှိလာတဲ့ အကျိုးအမြတ်တွေကို နယ်မြေဒေသအကျိုး သယ်ပိုးဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မေး - ဂက်စ်ဆိုတာ ထိုင်းနိုင်ငံက တင်သွင်းတယ်ပေါ့နော်။ တင်သွင်းတဲ့နေရာမှာ ဘာတွေလုပ်ဆောင်ရသလဲ။ ဖြေ - အဓိကကတော့ ဂက်စ်တင်သွင်းမှုနဲ့ ပတ်သက်လို့ကတော့ ပြောရရင်တော့ အရှည်ကြီးပဲဗျ။ လက်ရှိဖြစ်လာတဲ့ အခြေအနေရဲ့အသေးစိတ်ကို ပြောပြရရင်တော့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ထိုင်းစစ်အစိုးရ အာဏာသိမ်းမှု နောက်ဆုံးအကြိမ် ဖြစ်ပွားတယ်။ ဖြစ်ပွားတဲ့ကာလမှာ ကနဦးက လက်ရှိတင်သွင်းနေတဲ့ ပုံစံအတိုင်းဖြစ်တဲ့ ထိုင်းနိုင်ငံကနေ ဖြန့်ဖြူထားတဲ့ ပြည်တွင်းသုံး LPG ကို ကျနော်တို့ ဒီဘက်က ကုန်သည်တွေက သွားဝယ်ပြီးတော့ ဒီဘက်ကို တင်သွင်းလာမှုကို သူတို့ ပိတ်သိမ်းလိုက်တယ်။ ပိတ်သိမ်းလိုက်တဲ့အခါမှာ ကျနော်တို့ဆီမှာ သုံးစွဲမှုပမာဏက တန် ၄၀၀၀ ၀န်းကျင်ရှိနေတယ်။ ပြည်သူလူထုအတွက်ကို စွမ်းအင်ဝန်ကြီးဌာနက ဖြည့်ဆည်းပေးတဲ့ဟာက တန် ၁၅၀၀ ၀န်းကျင်လောက် ရှိနေပါတယ်။ မလုံလောက်မှုကို ပထမကတော့ ဒီဘက်က တင်သွင်းမှုနဲ့ ဖြေရှင်းပေးထားရတယ်။ သူတို့ဖြေရှင်းပေးထားတဲ့ ကိစ္စကို ရုတ်တရက် ရပ်တန့်လိုက်တဲ့အခါမှာ ဈေးနှုန်း အဆမတန်ကြီးမြင့်မှုတွေ ဖြစ်သွားတယ်။ ဖြစ်သွားတဲ့အခါမှာ ကျနော်တို့ လက်ရှိ ကေအန်ယူ၊ ကေအန်အယ်လ်အေ တပ်မဟာ ၇ က ဒု-တပ်မဟာမှူး ဗိုလ်မှူးကြီးစောဖောဒိုကနေပြီးတော့ LPG ကရင်ပြည်နယ်ဒေသမှာ တအားဈေးကြီးကုန်တယ်။ ပြည်သူလူထုသုံးစွဲမှုကလည်း အရမ်း အခက်အခဲ ဖြစ်သွားတယ်။ အဲဒီအတွက် ပြည်နယ်အစိုးရကို လက်ရှိ သူ့ရဲ့ ကေအန်ယူတပ်မဟာ ၇ ရဲ့ စီးပွားရေးကုမ္ပဏီဖြစ်တဲ့ သောင်ရင်းအောင်မြေ ကုမ္ပဏီလီမိတက်ကနေပြီးတော့ ရေနံဓာတ်ငွေ့တင်သွင်းမှုကို ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်လိုပါတယ်ဆိုပြီးတော့ စာတင်တဲ့အခါကျတော့ ပြည်နယ်အစိုးရကနေပြီးတော့ ထောက်ခံချက်ပေးလိုက်ပြီးတော့ အဲဒီထောက်ခံချက်အရ ၂၇-၇-၂၀၁၄ ရက်စွဲပါ ထောက်ခံချက်အရ ကျနော်တို့ စွမ်းအင်ဝန်ကြီးဌာနကို သတင်းပို့၊ သတင်းပို့ပြီးတော့ တဘက် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနကို သွားရောက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်။ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် ဗိုလ်မှူးကြီးစောဖောဒိုရဲ့ ဆောင်ရွက်ပေးမှုကြောင့် ထိုင်းနိုင်ငံကနေပြီးတော့ သောင်ရင်းအောင်မြေ ကုမ္ပဏီလီမိတက်မှ ပြည်သူလူထုသို့ တင်သွင်းရောင်းချ ဖြန့်ဖြူးရန်ဆိုပြီး တလလျှင် တန် ၁၈၀၀ စတင်ရောင်းချရန်အတွက်ကို စာချုပ်ချုပ်ဆိုပေးလိုက်တယ်။ စာချုပ်ချုပ်ဆိုပေးလိုက်တဲ့ဟာကို ကျနော်တို့က လက်ရှိ တရားဝင် ဘောက်ဆာကားတွေ တံတားပေါ်ကနေ တက်လာတဲ့ အစအဆုံးရဲ့ ဇာစ်မြစ်အကြောင်းရင်းခံပေါ့နော်။ မေး - လက်ရှိမှာကော တလကို ဘယ်နှစ်တန်တင်သွင်းလဲ။ ဘယ်နှစ်စီးစာလဲ။ ဖြေ - လက်ရှိက ပြည်သူလူထု သုံးစွဲမှုပမာဏက တက်လာတာက ကျနော်တို့ လေ့လာကြည့်တဲ့ သုံးနှစ်အတွင်းမှာ တနှစ်တနှစ်မှာမှ တန် ၁၀၀၊ ၂၀၀၊ အများဆုံး ၃၀၀ ပေါ့။ အဲလောက်ထိပဲ၊ ပိုတိုးမလာဘူး။ သုံးစွဲမှုက တအားနည်းနေသေးတယ်။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ တန် ၄၀၀၀ ၀န်းကျင်လောက်ပဲ ဖြစ်နေတာပေါ့နော်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက လူဦးရေ ညီတူမျှတူလောက်ရှိတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာသုံးတဲ့ ပမာဏထက်ကို ကျနော်တို့က အဆ ၂၀ လောက် နည်းနေတယ်။ ထိုင်းနိုင်ငံက ကျနော်တို့ထက် အဆ ၂၀ လောက် ပိုသုံးတယ်ပေါ့။ လက်ရှိဆိုရင် ထိုင်းနိုင်ငံက တန် ၈ သောင်းနဲ့ ၁ သိန်းကြားမှာ သုံးနေပြီ။ ကျနော်တို့တိုင်းပြည်မှာ အခုချိန်ထိ တန် ၄၀၀၀ ၀န်းကျင်ပဲသုံးတဲ့ အနေအထား ဖြစ်နေတယ်။ အဲဒီမှာမှ လက်ရှိ ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ကိုယ်ပိုင်စက်ရုံတွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့စက်ရုံကော၊ ရေနံစိမ်းကနေထုတ်တဲ့ စက်ရုံတွေကော၊ ထွက်တာက တန်ချိန် ၁၂၀၀ ကနေ ၁၅၀၀ ကြားကို ထုတ်လုပ်ပေးနေတယ်။ အဲဒါတွေကိုလည်း ပြည်သူလူထုကို ပြန်ဖြန့်ပေးနေတယ်။ လိုအပ်တဲ့ LPG ကိုကျတော့ ကျနော်တို့ Main Importer အနေနဲ့ မြ၀တီနယ်စပ်ဒေသ LPG လုပ်ငန်းရှင်များအသင်းကနေ တင်သွင်းပေးနေတာပါ။ မေး - ဟုတ်ကဲ့ ထိုင်းနိုင်ငံကနေပြီးတော့ တင်သွင်းလာတဲ့ ဂက်စ်က ပြည်သူအတွက် ဘာတွေ အကျိုးရရှိမလဲ။ ဖြေ - အဓိကကတော့ ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ဂက်စ်က အမှန်တိုင်းပြောရရင် မြန်မာနိုင်ငံမှာ ဂက်စ်က သုံးမျိုးသုံးစားလောက် လက်ရှိမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြတယ်။ သုံးမျိုးသုံးစားဆိုတာက အဓိကကတော့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်လုပ်တဲ့ LPG ပရိုပိန်း၊ ဗျူတိန်း၊ စီသရီး၊ စီဖိုးပေါ့နော်။ အဲဒီဓာတ်ငွေ့ရည်နဲ့ လက်ရှိ ထိုင်းနိုင်ငံမှာ တင်သွင်းတဲ့ Mix LPG ခေါ်တဲ့ ပရိုပိန်း၊ ဗျူတိန်း အရောပေါ့။ အဲဒီ ဓာတ်ငွေ့ရည်ပေါ့။ နောက်တချက်ကတော့ ရံဖန်ရံခါပေါ့၊ တရုတ်ဘက်ကလည်း တင်သွင်းတဲ့ ဓာတ်ငွေ့ရည်ဆိုတာ ရှိပါတယ်။ ထိုင်းနိုင်ငံက တင်သွင်းတဲ့ သဘာဝဓာတ်ငွေ့တွေက ကျနော်တို့ ဟာဘီယာပါဝင်မှုနှုန်းက တအားနည်းတယ်။ ဘေးထွက်ဆိုးကျိုးလည်း နည်းတယ်ပေါ့နော်။ သုံးစွဲတဲ့အခါမှာ ကျနော်တို့ စီးပွားတွက်အရလည်း တွက်ခြေကိုက်တယ်။ ဘာလို့လဲဆိုတော့ လောင်ကျွမ်းမှုမှာ အရည်ကျန်တာတို့ ဘာတို့ နည်းတယ်။ မရှိဘူးပေါ့နော်။ အကုန်လုံး လောင်ကျွမ်းသွားတယ်။ အဲတော့ သုံးစွဲရတဲ့အခါမှာ မီးပမာဏ ချိန်ဆရတဲ့အခါမှာ မလိုအပ်ဘဲနဲ့ အော့ဖ်ဆိုက်တွေ ထွက်တာတွေ၊ ဟင်းချက်တဲ့ စားဖိုမှူးတွေ ရောဂါဖြစ်စေနိုင်တဲ့ဟာတွေ အကုန်လုံးကိုလည်း မရှိတော့ဘဲနဲ့ လောင်ကျွမ်းမှုဟာ အကုန်လုံး စံချိန်မီတယ်ပေါ့နော်။ Quality မှာ သူက Certificate နဲ့ လာတာကိုး။ PTT ဆိုရင်လည်း PTT ရဲ့ ကမ္ဘာ့စံချိန်စံညွှန်းနဲ့အညီ ဓာတ်ခွဲခန်းတွေရှိတယ်။ အဲဒါလည်း တပတ်တခါ သူတို့က စစ်တယ်။ ဒီမှာတင်သွင်းတယ်ဆိုရင် PTT က ဂက်စ်ရယ်၊ အခု ထိုင်းနိုင်ငံမှာဆိုရင် ဆီယမ်းဂက်စ်ရယ် နှစ်မျိုးတင်သွင်းနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က သီးခြားလာစပ်တယ်၊ ဈေးသက်သာတာရှိတယ်။ လက်ရှိ ကမ္ဘာ့ပေါက်ဈေးက ဒေါ်လာ ၃၀၀ ၀န်းကျင်ပဲ ရှိတာကိုး။ ဒါကို တင်သွင်းလာမယ်ဆိုရင် ဒီရောက်ရင် ဈေးသက်သာတာတွေရှိမယ်၊ ဒါပေမယ့် Quality Control မရှိဘူးဆိုရင် ကျနော်တို့ ပြည်သူလူထုမှာ အန္တရာယ်ဖြစ်မယ်။ မီးပရက်ရှာမညီဘဲနဲ့ ပေါက်ကွဲမှုဖြစ်မယ်ဆိုရင် အန္တရာယ်ရှိမယ်။ ဒါမျိုးတွေကို ကျနော်က ထိန်းသိမ်းရတဲ့အတွက် Certificate မရှိတဲ့ဟာကိုတော့ ကျနော်တို့ သွင်းဖို့ကတော့ ခက်ပါတယ်။ ထိုင်းနိုင်ငံက အခုလက်ရှိ ကျနော်တို့ တင်သွင်းပေးနေတဲ့ ဂက်စ်ကတော့ Certificate လည်းရှိတယ်။ ဒီဟာနဲ့ပတ်သက်လို့လည်း ကျနော် အပတ်စဉ် စွမ်းအင်ဝန်ကြီးဌာနကိုလည်း သတင်းပို့ရတယ်။ မေး - လက်ရှိအနေနဲ့ ဂက်စ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီမှာ တင်သွင်းတယ်ပေါ့နော်၊ အသင်းအနေနဲ့။ အခြားနယ်စပ်မှာကော။ ဖြေ - အခြားနယ်စပ်မှာက လက်ရှိ ကျနော်တို့အသင်းအနေနဲ့ တင်သွင်းမှု မရှိပါဘူး။ အခြား နယ်စပ်တင်သွင်းမှုကတော့ လက်ရှိ ဘုရားသုံးဆူမှာတော့ တင်သွင်းမှုရှိပါတယ်။ ဘုရားသုံးဆူဘက်မှာ ကျတော့လည်း ထိုင်းနိုင်ငံဘက်မှာ လာရတဲ့ ကုန်းလမ်းခရီးက မြန်မာနိုင်ငံထက် အများကြီး ကြမ်းတမ်းပါတယ်။ အကွေ့အကောက်တွေနဲ့ ဒီ ဘောက်ဆာကားကြီးလာဖို့က ခဲယဉ်းပါတယ်။ အဲဒီဘက်မှာ ကုန်ကျစရိတ်ဖြစ်ပါတယ်။ ဘန်ကောက်ကနေ မဲဆောက်ကိုလာတဲ့ လမ်းခရီးကျတော့ ဖြောင့်ဖြူးပါတယ်။ ဒီ့အပြင်ကိုလည်း ဗမာဘက်အခြမ်းမှာ ကျတော့လည်း ကျနော်တို့ လမ်းခရီးတွေက မပြီးသေးဘူး။ လက်ရှိ မြ၀တီဘက်ခြမ်း ကျပြန်တော့လည်း အာရှလမ်းကြီးတွေလည်း ပြီးသွားပြီဆိုတော့ လမ်းသာတာက ဒီဘက်က ဘယ်လိုမှ ယှဉ်လို့မရဘူး။ အတိုဆုံးနဲ့ အမြန်ဆုံးရောက်နိုင်တဲ့ လမ်းဖြစ်ပါတယ်။ ကျနော်တို့ ဒီနေ့မှာ လိုအပ်ချက်ရှိလို့ LPG ကို Offer ကောက်တင်လိုက်ရင် ဘန်ကောက်ကရှိတဲ့ ရယောင်းကမ်းခြေနားမှာရှိတဲ့ LPG သိုလှောင်ခန်းကနေ ဒီနေ့မှာတင်ရင် မနက်ဖြန်မနက် ၇ နာရီဆို မဲဆောက်ကို ရောက်နေပြီ။ ရောက်နေပြီဆိုရင် ကျနော်တို့ ဒီဂက်စ်ကို တင်သွင်းပြီးတော့ နေ့ချင်းပြန်ယူသွားရင် နောက်တနေ့မနက်မှာ ရန်ကုန်မြို့ဈေးကွက်ကို ရောက်နေပါပြီ။ မေး - မြန်မာပြည်မှာလည်း ဂက်စ်ထွက်တယ်ပေါ့နော်။ ဘာဖြစ်လို့ ထိုင်းနိုင်ငံက ဂက်စ်ဝယ်ရသလဲပေါ့။ ဖြေ - အဲဒါက ကျနော်ခုနကပြောသလို ဗဟုသုတအနေနဲ့ ရှင်းပြချင်ပါတယ်။ ကျနော်တို့တိုင်းပြည်က ထွက်တာက သဘာဝဓာတ်ငွေ့ပါ။ သဘာဝဓာတ်ငွေ့က ကျနော်တို့ဆီက ထွက်တဲ့ သဘာဝဓာတ်ငွေ့ထဲမှာ၊ ကုန်းတွင်းသဘာဝဓာတ်ငွေ့မှာ လက်ရှိ LPG ပါဝင်မှုနှုန်းက Percentage တအားနည်းနေတယ်။ အဲဒီ Percentage နည်းနေတဲ့ဟာကိုလည်း ကျနော်တို့ဆီမှာရှိတဲ့ လက်ရှိ ညောင်တုန်းစက်ရုံ၊ မင်းဘူးစက်ရုံတို့က ချက်လုပ်ပြီးတော့မှ ကျနော်တို့က သဘာဝဓာတ်ငွေ့ သက်သက်ကိုပဲ ရောင်းလိုက်တာ။ အဲဒါကို တချို့ပြည်သူလူထုက သဘာဝဓာတ်ငွေ့ရောင်းလိုက်တယ်။ LPG ကို ပြန်ချက်လာပြီးတော့ ပြန်သွင်းလာတယ်လို့ ပြောနေတာ။ အဲဒါ မှားနေတယ်။ ကျနော်တို့ ရောင်းလိုက်တာက သဘာဝဓာတ်ငွေ့သက်သက်။ ကျနော်တို့ဆီက ပို့လိုက်တဲ့ သဘာဝဓာတ်ငွေ့ကိုချက်ရင် သူတို့ဆီက LPG တွေ ခုလို ပြန်ရောင်းနိုင်အောင် စီးပွားဖြစ် မထွက်တော့ဘူး။ မေး - ဂက်စ်နဲ့ ပတ်သက်ပြီးတော့ အစိုးရကို ဘာတိုက်တွန်းစေချင်လဲ။ ဖြေ - ကျနော့်အမြင်အရ ပြောရရင်တော့ လက်ရှိလည်း ကျနော်တို့ ဆောင်ရွက်နေပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ဆောင်ရွက်နေတာက ကျနော်တို့ ဒီဘက်က ဂက်စ်တွေကို ပြည်သူလူထု များများသုံးနိုင်အောင်ဆိုတာက ဈေးသက်သာဖို့ကလည်း တခုလိုတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို သွားရောက်တွေ့ဆုံတယ်။ တွေ့ဆုံပြီးတော့ ၀န်ကြီးခင်ဗျ ဒါတွေက ကျနော်တို့ လက်ရှိအခြေအနေနဲ့ ကျနော်တို့ကို ဆောင်ရွက်ပေးနိုင်ရင် ဆောင်ရွက်ပေးပါ။ ပြည်သူလူထု လိုအပ်ချက်နဲ့ ဒီဟာတွေဟာ နည်းနည်းလေး ထိန်းညှိပေးတဲ့ကိစ္စတွေမှာ ဒါလေးတွေက အားနည်းချက်ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့ကို ကူညီနိုင်ရင် ကူညီပါလို့ ကျနော်တို့ သွားပြောပြတော့ ၀န်ကြီးကလည်း ကျနော် ဆောင်ရွက်ပေးပါ့မယ်ဆိုပြီးတော့ တတန်ကို လက်ရှိ ဒေါ်လာ ၆၀၀ နှုန်းနဲ့ စသတ်မှတ်ပေးထားတယ်။ ကျနော်ကလည်း ကျနော်တို့ကိုတော့ တဆင့်တဆင့်နဲ့ ကမ္ဘာ့ပေါက်ဈေးနဲ့အညီဖြစ်တဲ့ ဒေါ်လာ ၃၀၀ ၀န်းကျင်ကိုတော့ တဖြည်းဖြည်းချနိုင်အောင် ဆိုပြီးတော့ ကျနော်လည်း နည်းမျိုးစုံနဲ့ပေါ့နော် လူကြီးတွေကို ရှင်းလင်းတင်ပြပြီးတော့ တောင်းခံထားပါတယ်။ အဲဒါလေး ရရှိလာမယ်ဆိုရင် ကျနော်တို့ LPG လက်ရှိ ဂျူတီဆောင်နေရတဲ့ နှုန်းထားက ၄၈ ကေဂျီ တအိုးဆိုရင် ဗမာငွေနဲ့ဆိုရင် ၃၅၀၀ ပေါ့နော်။ စရိတ်စကတွေ၊ ကတ္တားခွန်ခတွေ၊ စည်ပင်ခွန်ခတွေ အပါအ၀င် အဲဒီလောက်ကျနေတယ်။ အကယ်၍သာ အဲလိုမျိုးချပေးမယ်ဆိုရင်တော့ LPG ၄၈ ကီလိုတအိုးက ကျပ်နှစ်ထောင်အောက်မှာပဲ ရှိမှာပေါ့။ ကျပ်နှစ်ထောင်အောက်မှာပဲ ရှိမယ်ဆိုရင် ကျနော်တို့က တကေဂျီအပေါ်မှာပဲ အနည်းဆုံး ကျပ်ငွေ ၅၀ ကျော် သက်သာသွားမယ်။ ပိုပြီး ဈေးလျှော့ပေးလို့ ရတာပေါ့။ နောက်တခုကလည်း လက်ရှိ Under Table သွားပြီးတော့ မသမာတဲ့နည်းလမ်းနဲ့ သယ်သွားတဲ့ နည်းလမ်းတွေကိုလည်း ကျနော်က တားဆီးလို့ ရတာပေါ့နော်။ အဲဒါဆိုရင် ကျနော်က ဂျူတီဆောင်ပြီးတော့ တခါတည်း ဆင်းမှာ။ အခုလက်ရှိဆိုရင် ကျနော်တို့မှာ အခက်အခဲဖြစ်နေတာက မော်လမြိုင်နဲ့ ဘားအံဒေသပေါ့။ ကျနော်တို့ ကရင်ပြည်နယ်နဲ့ ဆက်ဆံတဲ့ ဒေသသုံးဆိုပြီး ကျနော်က LPG ကို ရောင်းပေးရတယ်။ ရောင်းပေးရတဲ့အခါမှာ အဲဒီဒေသသုံးသည် ဒေသသုံးဆိုတဲ့ အခွင့်အရေးမှာ သူက နိုင်ငံတော်ဂျူတီ မဆောင်သွားဘူး။ ဒါပေမယ့် ဒီဒေသသုံးအနေနဲ့ သုံးလိုက်ခြင်းအားဖြင့် လက်ရှိ ဒီဒေသမှာ သုံးလိုက်တာ တန် ၁၀၀၊ ၂၀၀ ပဲ ပြဿနာမရှိဘူး။ ဒါပေမယ့် ပြဿနာက ဘယ်မှာသွားပြန်ရှိပြန်သလဲဆိုတော့ ဒီဒေသသုံးသမားသည် မော်လမြိုင်ကို သယ်သွားတယ်။ မော်လမြိုင်မှတဆင့် ကျနော်တို့ ရန်ကုန်မြို့ LPG ဈေးကွက်ပေါ် ယူတင်သွားတဲ့အခါကျတော့ ပြဿနာရှိလာပြီ။ ဒီဘက်က တရားဝင် ဂျူတီဆောင်ပြီး သွားတဲ့သူက ဂျူတီဆောင်ပြီးသွားတယ်။ ဟိုဘက်က တရားမ၀င်သွားလိုက်တဲ့သူက အရင်အခြေအနေတုန်းက မသွားနိုင်ဘူးပေါ့။ အရင်အခြေအနေတုန်းက မသွားနိုင်ဘူးဆိုတာက စစ်တောင်းမှာ Mobile Team ထိန်းသိမ်းထားတော့ သူတို့မသွားရဲဘူးပေါ့။ အခုချိန်မှာတော့ သူတို့က Mobile Team လည်း မရှိဘူးဆိုတော့ လွတ်လွတ်လပ်လပ် သွားနိုင်ပြီပေါ့။ အဲဒီကနေ သွားလိုက်တယ်။ သွားလိုက်တဲ့အခါကျတော့ ရန်ကုန်မှာရောက်တဲ့အခါကျတော့ ဂျူတီဆောင်သွားတဲ့သူ၊ ဂျူတီမဆောင်သွားတဲ့သူ၊ မန္တလေးရောက်ရင်လည်း ဂျူတီဆောင်သွားတဲ့သူ၊ ဂျူတီမဆောင်ဘဲသွားတဲ့သူရဲ့ ကွာဟချက်က ၄၈ ကေဂျီ တအိုးကို ကျပ်ငွေ ၁၅၀၀ လောက် ကွာနေတယ်ပေါ့။ ကားတစီးတစီးမှာ ဗမာငွေ သုံးသိန်းလောက်ကွာတော့ ကုန်သည်ရဲ့ လောဘအရ မဆောင်တဲ့သူကပဲ များလာတယ်။ များလာတဲ့အခါကျတော့ ကျနော်က ရေရှည်မှာ ပြဿနာဘာတွေ ဖြစ်လာနိုင်လဲဆိုတော့ နိုင်ငံတော်ပိုင်းကလည်း ကျနော်တို့ဘက်ကို ငြိုငြင်လာနိုင်တယ်။ ဒါတွေဟာ တရားဝင်တင်သွင်းခွင့် ပေးထားလျက်နဲ့ တရားဝင်မသွားကြဘူး။ ဖြစ်သလိုသွားတယ်ဆိုတာ ဖြစ်လာမယ်ပေါ့နော်။ ကျနော်ကလည်း တင်ပြတယ်။ တရားဝင်တင်သွင်းမှုကတော့ ပေးထားတာမှန်ပါတယ်။ ဒါပေမယ့် ဒေသသုံးတွေကလည်း ဒီလိုဖောက်ဖျက်နေပါတယ်။ ဖောက်ဖျက်တာလေးကိုလည်း ကျနော်က သူတို့ကလည်း Under Table ပေးပြီး သွားရင် ကျပ်နှစ်ထောင်နဲ့ သွားလို့ရနေတဲ့ ပစ္စည်းတခုကို ကျနော်တို့ဆီမှာ ဂျူတီ ၃၅၀၀ ပေးပြီး မဆောင်ချင်ဘူးလေ။ အဲတော့ ကျနော်တို့သည် တရားဝင်ဂျူတီကို ကမ္ဘာ့ပေါက်ဈေးနဲ့အညီ ၂၀၀၀ ဆိုရင် သူတို့လည်း ဆောင်သွားမှာပေါ့။ ဒီ Under Table ပေးပြီး ဘယ်သွားတော့မလဲ။ ကျနော်က အဲဒီစနစ်လေးကို လုပ်ပေးနေတယ်။ မေး - ဒီဂက်စ်အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျနော်မေးတာ မေးခွန်းကုန်သွားပြီပေါ့နော်။ နောက်ဆုံးအနေနဲ့ ဘာတွေဖြေကြားချင်တာ ရှိသေးလဲ။ ဖြေ - အဓိကကတော့ ကျနော်ပြောပြချင်တာ လက်ရှိမှာလည်း ကျနော်တို့ နယ်စပ်ဒေသမှာ ဒေသခံအချင်းချင်း၊ လုပ်ငန်းရှင်အချင်းချင်း၊ အဆင်မပြေမှုလေးတွေက ကျနော်တို့ ညှိနှိုင်းနေပါတယ်။ ထိန်းချုပ်မှုတွေ၊ ထိန်းညှိမှုတွေကလည်း တချို့ဟာတွေကလည်း လိုက်လျောသင့်တာ လိုက်လျောရမယ်။ တချို့ဟာလည်း ကျနော်တို့ ပြင်ဆင်ပြီးတော့ ညှိနှိုင်းပြီးလုပ်ရမယ်။ ဒါပေမယ့် ပေါင်းစပ်ပြီးတော့တော့ ဆက်လုပ်သွားမှာပါ။ ဖျက်ဆီးပစ်လို့တော့ မရဘူးပေါ့နော်။ အဲတော့ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်၊ အသင်းရဲ့ရည်ရွယ်ချက် ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက် အကောင်အထည်ဖော်သွားမယ်။ အခုလက်ရှိ ကျနော်တို့ မနေ့က အစည်းအဝေးမှာ ပြောသွားသလိုပေါ့၊ အားလုံး ဘယ်သူမှမလုပ်နဲ့ ဆိုပြီးတော့ စားပွဲဝိုင်း မှောက်လှန်ပစ်လိုက်တဲ့ ကိစ္စမျိုးကိုလည်း ဒါ ရေရှည်အတွက်ဆိုလည်း မကောင်းဘူးလေ။ ပြည်သူလူထုအတွက် ထိခိုက်မှု ဖြစ်လာနိုင်တယ်။ ပြည်သူလူထုအတွက် ထိခိုက်မှု ဖြစ်လာနိုင်တဲ့ အတိုင်းအတာမှာ ကျနော်တို့ မြ၀တီနယ်စပ်ဒေသ LPG လုပ်ငန်းရှင်များ အသင်းကျတော့ နိုင်ငံတော်ကလည်း တရားဝင် ဖွဲ့စည်းပေးထားတယ်။ တခုခု တစုံတရာ ပြည်သူလူထု လိုအပ်ချက် ဖြစ်လာတယ်၊ ဈေးနှုန်းကမောက်ကမ ဖြစ်လာတယ်ဆိုရင် ကျနော်တို့မှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့လူဖြစ်တဲ့အတွက် ကျနော်က ဒါကို ဖြေရှင်းပေးရမယ့် ကိစ္စဖြစ်တဲ့အတွက် ကျနော်က အမြန်ဆုံးဆောင်ရွက်မှာပါ။ တွေ့ဆုံမေးမြန်းသူ - စောဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024