Home
မြန်မာသတင်း
အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် တိုင်းဒေသကြီးအစိုးရ စစ်ဆေး ခွင့်ပြုမည်
ဇေယျာချမ်းအေး
·
June 24, 2016
ရန်ကုန်မှာ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့်တွေကို တိုင်းဒေသကြီး အစိုးရက သေသေချာချာ စစ်ဆေးပြီးမှ ခွင့်ပြုပေးတော့မယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ အရင်အစိုးရလက်ထက်က အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခွင့်တွေကို စည်ပင်ဥပဒေတွေနဲ့အညီ သေချာစစ်ဆေးမှု မရှိခဲ့တာတွေ၊ ကန်ထရိုက်တွေနဲ့ အင်ဂျင်နီယာတွေက စံချိန်စံညွှန်းမီ မဆောက်လုပ်ခဲ့တာတွေကြောင့် တိုက်ခန်းနေ ပြည်သူတွေ အခက်အခဲ ကြုံတွေ့နေရပါတယ်။ အဲဒါကြောင့် တိုင်းဒေသကြီးအစိုးရ အနေနဲ့ နောင်ဆောက်မယ့် အထပ်မြင့် အဆောက်အအုံတွေကိုတော့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမီမမီ သေချာစစ်ဆေးပြီးမှ ခွင့်ပြုချက်ပေးတော့မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောပါတယ်။ “အခုလာမယ့် တိုင်းအစိုးရကတော့ ဒီကန်ထရိုက်တာတွေနဲ့ ပတ်သက်ပြီးတော့ စည်းကမ်း တင်းကျပ်စွာ လုပ်နေပြီ။ ဘာလို့လဲဆိုတော့ ဒီမှာ မူတည်ပြီးတော့ ဖြစ်သွားတဲ့ ရလဒ်တွေက သူ့မှာ မှီခိုတဲ့သူတွေကော၊ အမှုတွဲတွေလည်း အများကြီးပဲ။ ကန်ထရိုက်တွေပေးတာ၊ တ၀က်တပျက်နဲ့ ထားခဲ့တာ အများကြီး အများကြီးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ ဒါမျိုးကို လုပ်မှကိုရမှာ။ အစိုးရအဖွဲ့က လုပ်ပါလိမ့်မယ်။" လက်ရှိအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ ၃၆ ခုကို ဆောက်လုပ်ခွင့် ရပ်ဆိုင်းထားပြီး အဲဒီအထဲက အခြေအနေဆိုးရွားတဲ့ အဆောက်အအုံ ၁၂ ခုကို တိုင်းဒေသကြီး အစိုးရက ဇွန်လ ၂၃ ရက်နေ့ကစပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ စစ်ဆေးမှုတွေကို ဇွန်လကုန် အပြီးစစ်ဆေးမှာဖြစ်ပြီး ရလဒ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင်ပြသွားမယ်လို့ သူက ဆက်ပြောပါတယ်။ “ဥပမာ လမ်းကျဉ်းနေတဲ့အခါကျရင် သူတို့ရဲ့ကားတွေ ထွက်ဖို့ အဆင်ပြေမပြေပေါ့နော်။ အဲဒါတွေကို ကျမတို့ကြည့်မယ်။ ပြီးတဲ့အခါကျရင် မီးသတ်ကား ၀င်လို့ရမရပေါ့နော်။ မီးသတ်ကား အခြေအနေ။ မီးတကယ်လို့လောင်ရင် သူ ရေအလုံအလောက် ရှိမရှိပေါ့နော်။ အဲဒါတွေ ကျမတို့ ကြည့်မယ်။ နောက်တခုက မီတာကိုပေါ့၊ မီးကို သူဘယ်လိုလုပ်ထားလဲပေါ့။ ကိုယ့်ထရန်စဖော်မာတွေနဲ့ ကိုယ်လုပ်တာတော့ များတယ်ပေါ့။ ဒါပေမယ့် ကျမတို့ သေချာကြည့်ဖို့ လိုတယ်ပေါ့နော်။ သူသုံးတဲ့အတွက် ရပ်ကွက်မီးကြိုးတွေ ဘယ်လိုဖြစ်မလဲပေါ့။ ဒါ ကျမတို့ဆိုက်ကတော့ အကုန်လုံးကို ကြည့်လိုက်တာပေါ့နော်။ "ကန်ထရိုက်တာတွေကို ကျမတို့ ပြောခဲ့တာက တကယ်တမ်း လုပ်နိုင်မယ့်ဟာလေးတွေကိုပဲ ကျမတို့ကို တင်ပြပေးပါ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျမတို့က ဒီအဆောက်အဦက ပြန်ဆောက်သင့်တယ်၊ မဆောက်သင့်ဘူးဆိုတာ ကျမတို့အနေနဲ့ မှန်မှန်ကန်ကန်ပဲ သုံးသပ်ပြီးတဲ့အခါကျတော့ ရလဒ်ကို ကျမတို့ တိုင်းအစိုးရအဖွဲ့ကို တင်ပြပေးမှာပါ။” အခုစစ်ဆေးမှုတွေပြုလုပ်ဖို့ တိုင်းဒေသကြီး အစိုးရက အထပ်မြင့် အဆောက်အအုံ စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး အဲဒီအဖွဲ့မှာ သက်ဆိုင်ရာမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာ၊ ရပ်မိရပ်ဖ၊ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အသင်းအဖွဲ့တွေ၊ ပညာရှင်တွေ ပါဝင်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024