Home
မြန်မာသတင်း
မြန်မာ့စွမ်းအင်လိုအပ်ချက် ပြန်ပြည့်မြဲစွမ်းအင်စနစ် သုံးစွဲရန်လိုအပ်
ထွန်းထွန်းသိန်း
·
June 24, 2016
မြန်မာနိုင်ငံမှာ စွမ်းအင်လိုအပ်ချက်အတွက် ဆိုလာနည်းပညာလို ပြန်ပြည့်မြဲ စွမ်းအင်စနစ်တွေ သုံးစွဲဖို့လိုတယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ဆည်တမံတွေ ဆောက်လုပ်တာ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တာက ဒေသခံပြည်သူတွေအတွက် ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်ပေါ်စေလို့ ပြန်ပြည့်မြဲစွမ်းအင်စနစ်တွေ ပိုမိုသုံးစွဲဖို့ လိုနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စိမ်းလန်းအမိမြေအဖွဲ့နဲ့ ပြင်သစ်နိုင်ငံ Green Lotus အဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်မြို့မှာ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ “WWF ကလည်း မကြာသေးခင်က သူတို့ရဲ့ လေ့လာမှုအရဆိုရင် ဗမာပြည်ဟာ ၁၀၀ ရာခိုင်နှုန်း သန့်စင်စွမ်းအင်ကို သွားလို့ရတယ်ပေါ့။ ၂၀၃၀၊ ၂၀၆၀ ပေါ့နော်။ ကျနော်တို့ရဲ့ လိုအပ်ချက်ကို ပြုလုပ်လို့ရတယ်။ ဒါပေမယ့်လည်း သူ့ရဲ့အားနည်းချက်က ဘာလဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုက တအားကြီးတယ်။ ရင်းနှီးမြှုပ်နှံမှုကကြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ ဆရာတို့က သူတို့လာနိုင်တဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးဖို့လိုတယ်။ အဲဒါကတော့ လိုအပ်ချက်တခုပေါ့” လို့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ ဆိုလာနဲ့ လေစွမ်းအင် အသုံးပြုတဲ့ ပြန်ပြည့်မြဲစွမ်းအင်စက်ရုံစနစ်က အောင်မြင်နေပြီး မြန်မာနိုင်ငံမှာလည်း အသုံးပြုနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ပြင်သစ်နိုင်ငံက စွမ်းအင်ရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမယ့်လည်း နေရာင်ခြည်ကနေ လျှပ်စစ်ဓာတ်အား သုံးတဲ့စနစ်က ကုန်ကျစရိတ် များပြားလွန်းတဲ့အတွက် ဝေဖန်သုံးသပ်မှုတွေတော့ ရှိနေပါတယ်။ “မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် စွမ်းအင်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုများပါတယ်။ အခုလို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲဖို့ကလည်း လုပ်ဆောင်သင့်တဲ့ကိစ္စလို့ ကျနော်မြင်ပါတယ်” လို့ Green Lotus အဖွဲ့ ဒါရိုက်တာ Jean-Marc က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က မြင့်မားနေဆဲဖြစ်ပြီး ကိန်ဂဏန်းတွေအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်းသာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်သေးပြီး အိမ်ထောင်စုပေါင်း ၆ ဒသမ ၈ သန်းက လျှပ်စစ်ဓာတ်အားရရှိခြင်း မရှိသေးပါဘူး။ ၂၀၁၅-၂၀၁၆ ခုနှစ် နိုင်ငံတ၀န်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက ရေအားလျှပ်စစ် ၃၁၈၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ကနေ ၁၈၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးကနေ ၁၂၀ မဂ္ဂါဝပ်နဲ့ ဒီဇယ်ကနေ ၁၀၁ မဂ္ဂါဝပ် ရှိလာပြီး စုစုပေါင်း စက်တပ်ဆင်အား ၅၂၃၅ မဂ္ဂါဝပ် ရှိလာပြီဖြစ်တယ်လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024