တရုတ်နှင့် ပိုင်နက်အငြင်းပွားနေသည့် ကျွန်းစုသို့ အင်ဒိုသမ္မတနှင့်အဖွဲ့ သွားရောက်

အင်ဒိုနီးရှားရေတပ်သင်္ဘောပေါ်မှ သမ္မတ ဂျိုကိုဝီဒိုဒို(လယ်) နှင့်အဖွဲ့။ (ဓာတ်ပုံ - ရိုက်တာ)
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်အစိုးရနဲ့ ပိုင်နက်အငြင်းပွားနေတဲ့ နာတူနာကျွန်းစုတွေဆီ ဇွန် ၂၃ ရက်နေ့က စစ်သင်္ဘောတစီးနဲ့ လည်ပတ်ခဲ့ပါတယ်။ တရုတ်အစိုးရက ကျွန်းစုဝန်းကျင်က ရေပြင်ကို သူတို့ပိုင်တယ်လို့ အခိုင်အမာ ကြေညာခဲ့အပြီး အင်ဒိုနီးရှားရဲ့ ရေပိုင်နက် အချုပ်အခြာကို အများလေးစားအောင် သက်သေထူတာလည်း ဖြစ်ပါတယ်။ ဝေးလံသီခေါင်တဲ့ကျွန်းစုဆီ သွားရောက်လည်ပတ်ရာမှာ သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့အတူ လုံခြုံရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ စစ်တပ်အကြီးအကဲတွေလည်း ပါပါတယ်။ ပိုင်နက်အရေးမှာ တရုတ်အစိုးရဆီ အပြင်းထန်ဆုံး သတင်းစကားပေးမှုအဖြစ် သွားကြတာပါ။ စစ်သင်္ဘောပေါ်မှာ သမ္မတက အစိုးရအစည်းအဝေးကို ကျင်းပပြီး ဒေသရဲ့ အချုပ်အခြာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရေးကို ဆွေးနွေးကြပါတယ်။ တရုတ်အစိုးရ အရာရှိတွေက နာတူနာကျွန်းစုနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားရဲ့ အချုပ်အခြာကို တရုတ်က မနှောင့်ယှက်ဘူး၊ ဒါပေမယ့် တောင်တရုတ်ပင်လယ်ရဲ့ တချို့ ရေပိုင်နက်ကတော့ ပင်လယ်ဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွား ကြေညာချက်တွေချင်း ထပ်နေတယ်လို့ ထပ်ပြောခဲ့ပြီး အင်ဒိုနီးရှား အစိုးရကတော့ တရုတ်ရဲ့ ကြေညာချက်ကို ပယ်ချလိုက်ပါတယ်။ ဘော်နီယိုကျွန်းမကြီးရဲ့ အနောက်မြောက်ဘက် ၂၁၂ မိုင်အကွာက နာတူနာကျွန်းတွေဟာ တရုတ်ရဲ့ ရေပိုင်နက်အဖြစ် ပြထားတဲ့ မြေပုံအရ မျဉ်းတို ၉ ခု မျဉ်းကြောင်းထဲမှာ ပါနေတာကို အင်ဒိုနီးရှားအစိုးရက ဆန့်ကျင်ခဲ့ပါတယ်။ အရင်အပတ်က တရုတ်အလံလွှင့်ထားတဲ့ ငါးဖမ်းသင်္ဘောတစီးကို အင်ဒိုနီးရှား ရေတပ်က ကြားဖြတ် ဖမ်းဆီးခဲ့လို့ တရုတ်အစိုးရက ကန့်ကွက်ခဲ့ပါသေးတယ်။ ဒါဟာ ဒီနှစ်အတွင်း ၂ နိုင်ငံကြား ဒီဒေသမှာ ထိပ်တိုက်တွေ့မှု တတိယအကြိမ် ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up