အမေရိကန်အထူးသံတမန်နှင့် တိုင်းရင်းသားကိုယ်စားလှယ်အချို့ တွေ့ဆုံ
နော်နိုရင်း
·
September 15, 2011
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်ဟာ မနေ့က မြန်မာနိုင်ငံခရီးစဉ်ကအပြန် ညနေပိုင်းမှာ တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တချို့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ယူအန်အက်ဖ်စီ (ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)၊ ENC (တိုင်းရင်းသား လူမျိုးများကောင်စီ) တို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ မစ္စတာမစ် ချယ်က ယူအန်အက်ဖ်စီရဲ့ မူဝါဒ သဘောထား၊ မြန်မာအစိုးရက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် မူဝါဒအပေါ် အမြင်သဘောထားတွေကို မေးမြန်းသွားတယ်လို့ ယူအန်အက်ဖ်စီ နိုင်ငံခြားရေးဌာန ဒု-တာဝန်ခံ ဒေါက်တာခင်မောင်က ပြောပါတယ်။
“ကျနော်တို့သဘောထားကတော့ ပြည်နယ်အခြေခံတဲ့ ဆွေးနွေးမှုအပေါ်မှာ လက်မခံဘူး မူအားဖြင့်။ ဗဟိုပြည်ထောင်စုအစိုးရနဲ့ပဲ ကျနော်တို့ ယူအန်အက်ဖ်စီက နိုင်ငံရေးစကားပြောမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကျနော်တို့ အားလုံး ဆုံးဖြတ်ထားပါတယ်။”
“ပြည်နယ်တွေနဲ့ ပတ်သက်လာရင် သက်ဆိုင်ရာ ပြည်နယ်ကိုယ်စားလှယ်တွေကို ကျနော်တို့ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေက တွေ့ဆုံနိုင်တယ်။ ယူအန်အက်ဖ်စီရဲ့ မူလမ်းတွေကို တင်ပြနိုင်တယ်။ ဒီလောက်အဆင့်ပဲ ယူအန်အက်ဖ်စီမှာ ခွင့်ပြုချက် ရှိတာ။ တကယ့် နိုင်ငံရေးအရ ဆွေးနွေးမယ်၊ အစည်းအဝေးတွေ လုပ်မယ်ဆိုရင် ယူအန်အက်ဖ်စီနဲ့ လုပ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ကျနော်တို့ ချထားပါတယ်။”
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပါက ယူအန်အက်ဖ်စီအနေနဲ့ တိုင်းရင်းသားအဖွဲ့ကို ကိုယ်စားပြုထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် တသံတည်းဖြစ်ဖို့ လိုအပ်ကြောင်း ဒဲရက်မစ်ချယ်က ပြန်လည်ပြောဆိုခဲ့တယ်လို့ ဒေါက်တာခင်မောင်က ပြောပါတယ်။
ယူအန်အက်ဖ်စီအနေနဲ့လည်း တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ရည်မှန်းချက် တခု၊ ရပ်တည်ချက်တခုကို ချမှတ်နိုင်အောင်လို့ ကြိုးစားနေတဲ့အကြောင်း မစ္စတာ မစ်ချယ်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်ဖွဲ့တဲ့ ငြိမ်းချမ်းရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့မယ်ဆိုရင် ဘယ်လိုသဘောထားမလဲလို့ မစ်ချယ်ရဲ့ မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်စုကြည်လို ဒီမိုကရေစီခေါင်းဆောင်တဦး ပါဝင်ခဲ့ရင် ယူအန်အက်ဖ်စီအနေဲ့ ကြိုဆိုကြောင်း ဖြေကြားခဲ့တယ်လို့ ဒေါက်တာ ခင်မောင်က ပြောပါတယ်။
ယူအန်အက်စီအနေနဲ့ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံရေးစကားဝိုင်း ဖြစ်လာနိုင်ရေး ဝိုင်းဝန်ကူညီဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဒေါက်တာခင်မောင်က ပြောပါတယ်။
“လောလောဆယ် စစ်ရေးတို့ ဘာတို့ လုပ်သည့်တိုင်အောင် နိုင်ငံရေးစကားဝိုင်းဆိုတာက မှန်ကန်တဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာနိုင်မှ ကျနော်တို့ စကားဝိုင်းက ဖြစ်လာမယ်။ နိုင်ငံရေး အခြေအနေတွေကို အပြန်အလှန် ဆွေးနွေးနိုင်မယ်။ ဒီလို နိုင်ငံရေး စားပွဲဝိုင်းတွေ ဖြစ်ပေါ်လာရေးအတွက်တော့ ဝိုင်းဝန်း အကူအညီပေးကြပါလို့တော့ ကျနော်တို့ မေတ္တာရပ်ခံလိုက်ပါတယ်။”