အသင်းကြီးတွေအားလုံး နောက်တဆင့်တက်တဲ့ ယူရို ၂၀၁၆

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စုတွင်းပွဲစဉ်တွေ ပြီးဆုံးသွားပြီဖြစ်ပြီး ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေ အပါအ၀င် အသင်းကြီးတွေအားလုံး နောက်တဆင့် ရှုံးထွက်ပွဲတွေကို တက်လာနိုင်ခဲ့ကြပါတယ်။ ဇွန် ၁၀ ရက်မှာ စတင်ခဲ့တဲ့ ဥရောပဘောလုံးပြိုင်ပွဲတွေကို ဒီနေ့နဲ့ မနက်ဖြန် ၂ ရက် ရပ်နားမှာဖြစ်ပြီး လာမယ့် ဇွန် ၂၅ မှာ ရှုံးထွက်ပွဲတွေ ပြန်လည် စတင်ကစားမှာ ဖြစ်ပါတယ်။ ရှုံးထွက်ပွဲတွေမှာ အိမ်ရှင် ပြင်သစ်က အိုင်ယာလန်၊ ဂျာမနီက ဆလိုဗက်ကီးယား၊ အင်္ဂလန်က အိုက်စ်လန် စတဲ့ မျက်နှာသစ် အသင်းငယ်တွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ စပိန်အသင်းကတော့ နာမည်ကြီး အီတလီအသင်းနဲ့ ကစားရမှာဖြစ်လို့ ပွဲကျပ် ကစားရတော့မှာပါ။ ဒီနှစ်သင်းမှာ အနိုင်ရတဲ့ အသင်းဟာလည်း ကွာတားဖိုင်နယ်အဆင့်မှာ ဂျာမနီနဲ့တွေ့ဖို့ များတာကြောင့် ကွာတားအဆင့်မှာတင် အသင်းကြီးတွေ အိမ်ပြန်ကြရဖို့ ရှိနေပါတယ်။ တခါ အိမ်ရှင်ပြင်သစ်နဲ့ နာမည်ကြီး အင်္ဂလန်တို့ ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ကြရင် ကွာတားမှာ ဒီနှစ်သင်းတွေ့ဖို့ ရှိနေပြန်ပါတယ်။ ဒါကြောင့် အသင်းတွေရဲ့ တွေ့ဆုံမှုတွေအရ ဗိုလ်စွဲဖို့ ရေပန်းမစားတဲ့အသင်းတွေ ဒီတကြိမ် ယူရိုပွဲမှာ ဗိုလ်လုပွဲ တက်လာနိုင်စရာအကြောင်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up