ငြိမ်းချမ်းရေးညီလာခံနှင့် အနာဂတ် အလားအလာ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည်နယ် ပင်လုံမြို့ကလေးတွင် ကျင်းပခဲ့သော အစည်းအဝေးတရပ်က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသော ပင်လုံစာချုပ်မှာ ယခုအခါ သက်တမ်း ၇၀ ပြည့်ရန် ၈ လမျှသာ လိုတော့သည်။ ထိုစာချုပ်ဖြင့် မြန်မာနိုင်ငံမှာ တောင်တန်းဒေသ၊ နယ်စပ်ဒေသများ ပါဝင်လျက် တစည်းတလုံးတည်းဖြင့် အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရယူနိုင်ခဲ့ကြသည်။ ထိုအစည်းအဝေးကို မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ၂ နှစ်ပြည့်ရန် ၈ လလိုသေးသည့် အရွယ်သာ ရှိသေးသော ဒေါ်အောင်ဆန်းစုကြည်ပင် ယခုအခါ အသက် ၇၀ ပြည့်တော့မည်။ အသက် ၇၀ ကျမှ ဖခင်ဖော်ဆောင်ခဲ့သော ပင်လုံနှင့် အမည်ချင်းတူမည့် ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ဆိုကျင်းပခွင့် ရပေတော့သည်။ ဆိုရလျှင် ပင်လုံစာချုပ်သက်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သက်တမ်းတမျှ ဖြစ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမှာလည်း လွတ်လပ်ရေးသက်တမ်းနှင့် အတူတူပင်ဖြစ်သဖြင့် မတိမ်းမယိမ်းပင်ဖြစ်သည်ဟု ဆိုရမည်။ အမှန်တကယ်အားဖြင့် ၂၁ ရာစု ပင်လုံညီလာခံဆိုသည်မှာ ဦးသိန်းစိန်အစိုးရ လက်ထက်က စတင်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တင်စားခေါ်ဝေါ်သည့် အခြားအမည်တခုပင် ဖြစ်သည်။ နှစ်ပေါင်း ၇၀ မျှ ကာလခြားသွားပြီဖြစ်၍ ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ ပြည်သူလူထု၏ စိတ်ခံစားမှုများလည်း ခြားနားသွားပြီ။ သို့သော် တိုင်းရင်းသားအချင်းချင်း တဦးအပေါ်တဦး နိုင်ငံရေးအရ ယုံကြည်မှုမရှိ ဖြစ်နေခြင်းက ဒုံရင်းဒုံရင်း ဖြစ်နေပေရာ ဖြေရှင်းရမည့် ပြဿနာ၏ အဓိက အခြေခံအကြောင်းရင်းလည်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ကျင်းပစဉ်က အဓိက ဆွေးနွေးခဲ့ရသော အကြောင်းအရာမှာ အင်္ဂလိပ်လက်အောက်မှ အတူတကွ လွတ်လပ်ရေးယူ၊ မယူ ဆိုသည့်ပြဿနာဖြစ်သည်။ လွတ်လပ်ရေးပေးမည့်သူမှာ နိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီပြုထားသည့် အင်္ဂလိပ်နယ်ချဲ့သမားဖြစ်ပြီး လွတ်လပ်ရေးကို တောင်းဆိုသော ဖ-ဆ-ပ-လ အဖွဲ့ခေါင်းဆောင်မှာ ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုကို ရရှိထားသော ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ၁၉၄၇ ခုနှစ်မတိုင်မီ ဖက်ဆစ်ဂျပန်များကို အင်္ဂလိပ်စစ်တပ်နှင့်အတူ ရွပ်ရွပ်ချွံချွံ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်မှာလည်း (လွတ်လပ်ရေးမရသေးစေကာမူ) ဗိုလ်ချုပ်အောင်ဆန်း၏ သြဇာအရိပ်အောက်တွင် ထားရာနေ၊ စေရာသွား အနေအထား ရှိသည်။ ထိုသို့သော အခြေအနေအောက်တွင် အဓိက ညှိနှိုင်းရသည်မှာ ပဒေသရာဇ် ရှမ်းစော်ဘွားများ၊ ကချင်ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်များတို့နှင့်ဖြစ်ပြီး လွတ်လပ်ရေးကို အတူတကွ ရယူရုံသာ မဟုတ်သေး၊ လွတ်လပ်ရေးရရှိပြီးနောက် အနာဂတ်နိုင်ငံတော်ကို မည်သို့တည်ဆောက်ကြမည်ဆိုသည့် ကတိကဝတ်ကိစ္စလည်း အဓိကအနေဖြင့် ပါဝင်သည်။ အပြန်အလှန် မယုံကြည်မှုများအကြားမှ ခက်ခက်ခဲခဲ ဆွေးနွေးကာ သဘောတူစာချုပ်တရပ် ချုပ်ဆိုနိုင်ခဲ့ကြသည်။ စာချုပ်တွင်ပါရှိသည့် အဓိက ကတိကဝတ်မှာ နယ်စပ်ဒေသနေ ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံရန် ဖြစ်လေသည်။ နိုင်ငံရေးစကားလုံးအရ အလွယ်ပြောရလျှင် ဖက်ဒရယ်မူပင်ဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုခြင်း၏ ရည်ရွယ်ချက်ကိုယ်၌က ပေါင်းစည်းရေးဖြစ်သဖြင့် ခွဲထွက်ရေးကို အာမခံသည့်အချက် မပါဝင်ချေ။ ထိုသို့ အတူတကွ ပေါင်းစည်း၍ လွတ်လပ်ရေးယူရန် ရည်ရွယ်ချက်သာ မအောင်မြင်ပါက ပင်လုံစာချုပ်ဆိုသည်လည်း ပေါ်ပေါက်လာရန် အကြောင်းမရှိပေ။ ပင်လုံစာချုပ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် အပြောင်းအလဲများ သို့သော်လည်း ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရကာ ကျဆုံးသွားပြီး မကြာမီ အတည်ပြုလိုက်သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ၁၀ နှစ်ပြည့်က ခွဲထွက်လိုက ခွဲထွက်ခွင့်ကို ထည့်သွင်းပြဋ္ဌာန်းခဲ့ကြသည်။ ဤအချက်ထည့်သွင်းခြင်းက  နောက်ပိုင်းတွင် တပ်မတော်မှ အာဏာသိမ်းရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ပုံရလေသည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် ထိုအခြေခံဥပဒေကို သာမက စော်ဘွားများ၊ နယ်စားများ၏ ပဒေသရာဇ် အုပ်ချုပ်မှုစနစ်ကိုပါ ဖျက်သိမ်းပစ်လိုက်သည်။ ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်မှာ ခေတ်နောက်ကျ၍ ပြည်သူလူထုကို သားစဉ်မြေးဆက် သွေးစုပ်ခြယ်လှယ်သော စနစ်ဖြစ်သည် မှန်သော်လည်း ပယ်ဖျက်ပြီးသည့် နောက်တွင်  ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်သော အုပ်ချုပ်ရေးစနစ်ဖြင့် အစားမထိုးနိုင်ခဲ့ဘဲ မဆလ (တပ်မတော်) တပါတီ ဗျူရိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့်သာ အစားထိုးခဲ့သည်။ သို့ဖြစ်ရာ ၄၇ ခုနှစ် အခြေခံဥပဒေပါ ခွဲထွက်ခွင့်ကိုသာမက ပင်လုံစာချုပ် ကတိကဝတ်တွင် ပါရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပါ ပယ်ဖျက်လိုက်သလို ဖြစ်သွားခဲ့သဖြင့် တိုင်းရင်းသား အသီးသီးတို့၏ လက်နက်စွဲကိုင် ဆူပူအုံကြွမှုများမှာ ထိုအချိန်က စတင်၍ တနေ့တခြား တိုးများလာလေသည်။ အရှေ့မြောက် တရုတ်-မြန်မာ နယ်စပ်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများ ပိုမိုအားကောင်းလာစေသည့်အချက်မှာ ၁၉၆၇ ခုနှစ် တရုတ်-ဗမာ အရေးအခင်း (ထိုစဉ်က တရုတ်ပြည်၏ မှားယွင်းသော နိုင်ငံခြားရေးပေါ်လစီ အကျိုးသက်ရောက်မှုအဖြစ် အရှေ့တောင်အာရှ နိုင်ငံအချို့တွင် ဖြစ်ပွားခဲ့သည်။) အပြီး တရုတ်ပြည်၏ ဗမာပြည် လက်တုံ့ပြန်ရေး အစီအစဉ်အရ ၁၉၆၈ ခုနှစ်တွင် အရှေ့မြောက် နယ်စပ်ဒေသ၌ ဗကပကို မွေးဖွားစေခဲ့ခြင်း ဖြစ်သည်။ တပ်မတော်က ပဲခူးရိုးမရှိ ဗကပ (ဗဟို) နှင့် အခြားဒေသများတွင်ရှိသော ဗကပ ပြောက်ကျားများကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့၍ အမြစ်ပြတ်ခါနီးအချိန်တွင် အရှေ့မြောက် နယ်စပ်ဒေသက တစခန်းထခဲ့ခြင်း ဖြစ်လေသည်။ ဗကပသည် မြန်မာ့ပြည်တွင်းလက်နက်ကိုင် သမိုင်းတလျှောက်တွင် နိုင်ငံခြားအကူအညီ အများဆုံးရခဲ့သည့် အဖွဲ့အစည်းဖြစ်ကာ ၎င်းမှတဆင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ လက်နက်ခဲယမ်းမီးကျောက်နှင့် ဘဏ္ဍာရေးအကူအညီများ အများအပြား ပေးခဲ့သည်။ ဗကပ အရှေ့မြောက်ဒေသ စတင်ပေါက်ဖွားသည့် ၁၉၆၈ မှ ဗကပပြိုကွဲသည့် ၁၉၈၉ ခုနှစ်ထိ ၂၁ နှစ်ကျော်ကာလအတွင်း ဗကပ၏ အင်အားကြီးထွားလာသည့်နည်းတူ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တို့၏ အင်အားလည်း ကြီးထွားလာခဲ့သည်။ အရှေ့မြောက် ဗကပ သက်တမ်းတလျှောက် တရုတ်ပြည် ကွန်မြူနစ်ပါတီနှင့် အစိုးရသည် ဗကပကိုကျော်လွန်၍ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်မျှ တိုက်ရိုက်ဆက်ဆံမှု မပြုခဲ့ဘဲ ဗကပမှတဆင့်သာ ဆက်ဆံခဲ့ခြင်းဖြင့် ဗကပ၏သြဇာကို ထူထောင်ပေးခဲ့သည်။ အထူးသဖြင့် ကေအိုင်အေ၏ မူလ အစွန်းရောက်ခွဲထွက်ရေးဝါဒကို အားမပေးလိုသဖြင့် ဆက်ဆံမှုမပြုခဲ့ဘဲ ဗကပမှတဆင့်သာ စစ်ရေးအကူအညီပေးရင်း နိုင်ငံရေးအရ ဗကပ၏ စည်းရုံးသိမ်းသွင်းမှုကို လက်ခံစေခဲ့သည်။ သို့ဖြစ်၍ ၁၉၇၅ ခုနှစ်လောက်မှစတင်ကာ ကေအန်ယူ အပါအဝင် ကေအိုင်အေ၊ အက်စ်အက်စ်အေ၊ ရလလဖ၊ ကလလတ စသည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ ခွဲထွက်ရေးလမ်းစဉ်ကို စွန့်ပစ်ကြပြီး တန်းတူရေး၊ သွေးစည်းရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုသည့် ဗကပ၏ တိုင်းရင်းသားရေးရာ ပေါ်လစီကို လက်ခံလာကြသည်။  ဗကပက ညွှန်ပြခဲ့သော တန်းတူရေး၊ သွေးစည်းရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည်မှာ တရုတ်ပြည်တွင် ကျင့်သုံးနေသော ကွန်မြူနစ် တပါတီခေါင်းဆောင်မှုအောက်မှ ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံမျိုးဖြစ်ရာ ပါတီစုံဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးနေကြသော ဖက်ဒရယ် ပြည်ထောင်စုစနစ်မျိုး မဟုတ်ချေ။ ၁၉၈၉ ခုနှစ်မှစ၍ (တရုတ်ပြည်က မထောက်ခံတော့သည့်အတွက်) အရှေ့မြောက်ဒေသတွင် ဗကပလှုပ်ရှားမှု မရှိတော့သော်လည်း ဗကပ၏ အဓိကအင်အားသည် ယူဒဗလျူအက်စ်အေ ‘ဝ’ တပ်ဖွဲ့အဖြစ် ဆက်လက်ကျန်ရစ်ခဲ့သည်။ ယူဒဗလျူအက်စ်အေ ‘ဝ’ တပ်ဖွဲ့အနေဖြင့် ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးလေ့ရှိကြသည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ် (တနည်းအားဖြင့်) ပါတီစုံဒီမိုကရေစီစနစ်မျိုးကို ကြိုက်၊ မကြိုက် မသေချာပေ။ ဆိုလိုသည်မှာ ၎င်းတို့ဒေသတွင် အခြားသော ပါတီစုံနိုင်ငံရေး လှုပ်ရှားမှုများကို လက်ခံခွင့်ပြုလိုခြင်း ရှိ၊ မရှိ ဆိုသည်မှာ မသေချာပေ။ လောလောဆယ်အားဖြင့် ယူဒဗလျူအက်စ်အေက လိုလားနေသည်မှာ ဝပြည်နယ် ရရှိ အသိအမှတ်ပြုခံရရေး ဖြစ်သည်။ ကေအန်ယူ၊ ကေအိုင်အေ၊ အက်စ်အက်စ်အေ စသော လက်နက်ကိုင်အဖွဲ့ကြီးများမှာ ခွဲထွက်ရေးကို မတောင်းဆိုကြတော့ဘဲ အမေရိကန်ပုံစံ ဖက်ဒရယ်စနစ် (ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဗဟိုဘဏ် အပါအဝင် ငွေရေးကြေးရေး ကဏ္ဍလေးရပ်ကိုသာ ဗဟိုအစိုးရက ချုပ်ကိုင်ထားသည့်) ကိုသာ လိုလားပုံပြကြလေသည်။ ထို့ပြင် “နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်လာတာဖြစ်တယ်” ဆိုသည့် မော်စီတုန်း၏ အဆိုအမိန့်အတိုင်း မိမိတို့ တိုင်းရင်းသား၏ တန်းတူအခွင့်အရေး အာမခံချက်ကို စိတ်မချရမချင်း လက်နက်ကို စွန့်ပစ်ရန်မသင့်ဟု အခိုင်အမာ ယုံကြည်လက်ခံထားကြလေသည်။ တပ်မတော်ဘက်မှ အခြေအနေ ၁၉၆၂ ခုနှစ် တပ်မတော်မှာ အာဏာသိမ်းပြီးသည့်နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို တည်ထောင်ပြီး တပါတီ အာဏာရှင်စနစ် ကျင့်သုံးခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေး မထူထောင်နိုင်မှုကြောင့် နယ်စပ်ဒေသ လက်နက်ကိုင်ပုန်ကန်မှုများမှာ ကြာလေ ပိုမိုပြင်းထန်လေ ဖြစ်လာခဲ့ပြီး စစ်ရေးနည်းသက်သက်ဖြင့် ဖြေရှင်း၍ မရကြောင်း ထင်ရှားလာနေသည်။ မဆလ တပါတီဆိုရှယ်လစ်စနစ်၊ ဗဟိုချုပ်ကိုင်သော စီးပွားရေးမူဝါဒ၏ ချို့ယွင်းအားနည်းမှုများနှင့် ပြည်တွင်းစစ်ကို ရေရှည်တိုက်ခိုက်နေရသော အကြောင်းများကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားရသော မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားသော လူထုအုံကြွမှုကြီးအတွင်း တပါတီစနစ် တစခန်းရပ်သွားရလေသည်။ တပ်မတော်သည် အတိတ်က ချို့ယွင်းအားနည်းချက်များကို သုံးသပ်လျက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အချိန်ယူ ရေးဆွဲခဲ့လေရာ ၁၄ နှစ်မျှ ကြာခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်မှ အတည်ပြုနိုင်ခဲ့လေသည်။ အတိတ်တစ္ဆေ ခြောက်ခံရသည့်အထဲတွင် ခွဲထွက်ခွင့်သာမက၊ ဗဟိုချုပ်ကိုင်သော စီမံကိန်း စီးပွားရေးစနစ် ကျင့်သုံးမှုလည်း ပါဝင်နေလေရာ နိုင်ငံတော်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခွဲထွက်ခွင့်မပြုသည့် ပြဋ္ဌာန်းချက်သာမက ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန် ပြဋ္ဌာန်းချက်ကိုပင်လျှင် အခြေခံဥပဒေတွင် ထည့်သွင်း၍ ပြဋ္ဌာန်းထားခဲ့သည်။ တိုင်းဒေသကြီး ၇ ခုနှင့် အဆင့်အတန်းတူညီသည့် ပြည်နယ် ၇ ပြည်နယ်တို့တွင် ဥပဒေပြု လွှတ်တော်များ၊ အစိုးရအဖွဲ့များ ဖွဲ့စည်းအုပ်ချုပ်ခွင့် ပြုထားပြီး ဥပဒေပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်အာဏာတို့ကိုလည်း အထိုက်အလျောက် ပေးထားသည်။ သို့သော်လည်း ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ကို လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခွင့်၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခွင့်၊ ရောင်းချခွင့်၊ အခွန်ကောက်ခံခွင့်များနဲ့ ပတ်သက်၍ မျှတသည့် စီမံခန့်ခွဲခွင့် မပါရှိချေ။ ပို၍ အရေးကြီးသည့် အချက်တရပ်မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ပြည်သူလူထုမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့် မရခြင်း ဖြစ်သည်။ ယခင် ကိုလိုနီခေတ်က တည်ရှိခဲ့သည့် ပဒေသရာဇ်နယ်စား၊ စော်ဘွားအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းလိုက်ခြင်း၊ အဆိုပါစနစ်ကို ဗျူရိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးလိုက်ခြင်းတို့က လက်နက်ကိုင်တော်လှန်မှု၏ အဓိကအကြောင်းတရပ် ဖြစ်ခဲ့သည်ကို မမေ့အပ်ပေ။ ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲလိုလျှင် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများကို ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်၍ ဥပဒေနဲ့အညီ အုပ်ချုပ်ပိုင်ခွင့်ကို ပေးရမည် ဖြစ်လေသည်။ ထို့ပြင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော မြို့နယ်အုပ်ချုပ်ရေးမှူးများကို မြို့နယ်၏ စည်ပင်သာယာရေးလုပ်ငန်းများ စီမံခန့်ခွဲခွင့်ကိုပါ ပူးတွဲပေးအပ်ရမည် ဖြစ်သည်။ ယခုအခါ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းတာဝန်များကို ဝန်ထမ်းများက တာဝန်ယူ ထမ်းဆောင်နေရာ အလေအလွင့်များစွာ ရှိနေပြီး မြို့နယ်အလိုက် ပြိုင်ဆိုင်မှု မရှိသဖြင့် ဖွံ့ဖြိုးတိုးတက် သာယာလှပမှုလည်း ရှိသင့်သလောက် မရှိချေ။ သို့သော်လည်း တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဥပဒေပြုခွင့်နှင့် အုပ်ချုပ်ခွင့်များကို တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များနှင့် အစိုးရအဖွဲ့များသို့ ခွဲဝေပေးထားသဖြင့် ဖက်ဒရယ်ပုံစံတမျိုးပင် ဖြစ်သည်ဟု ခံယူထားပြီး ပြင်ဆင်ရန်မလိုဟု ရပ်ခံလျက် ရှိပါသည်။ ထို့ပြင် မိမိတို့ စိတ်ကြိုက်အချိန်ယူ ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်း ပါဝင်နေရာ ယူထားပြီး အခြေခံဥပဒေကို အလွယ်တကူ မပြင်ဆင်နိုင်ရန် သို့တည်းမဟုတ် တပ်မတော်၏ သဘောတူညီချက်မရလျှင် အခြေခံဥပဒေကို မပြင်ဆင်နိုင်ရန် ထိန်းချုပ်ထားလေသည်။ ဒိုင်လူကြီးသဖွယ် ဆောင်ရွက်ရမည့် အန်အယ်လ်ဒီအစိုးရ ၂၀၁၂ ခုနှစ် မတိုင်မီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ ဆန့်ကျင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော အန်အယ်လ်ဒီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှစ၍ ခြွင်းချက်ဖြင့် လက်ခံလာသည်ဟု ဆိုရပေမည်။ ခြွင်းချက်ဆိုသည်မှာ ၂၀၀၈ အခြေခံဥပဒေမှ မိမိတို့မကြိုက်သည့် ပြဋ္ဌာန်းချက်များကို ပေးထားသည့် ဘောင်အတွင်းမှပင် ပြင်ဆင်ရန် ကြိုးပမ်းသွားမည်ဆိုသည့်မူပင် ဖြစ်သည်။ ထိုအဓိပ္ပာယ်ကို အခြားတနည်းဖြင့် လက်တွေ့ကျကျ သုံးသပ်ပြောဆိုရမည်ဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်က နားလည်လက်ခံလာအောင် စည်းရုံးဆောင်ရွက်သွားမည်ဆိုသည့် သဘောပင် ဖြစ်သည်။ ထိုသို့ ဖြစ်လာနိုင်စေရန်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာရန် (တနည်းအားဖြင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရန်) လိုအပ်ကြောင်း အန်အယ်လ်ဒီက ကောင်းစွာ နားလည်ပေသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော အန်အယ်လ်ဒီသည် ထိုသို့ဆောင်ရွက်ရန် အခွင့်အရေးတရပ် ယခုအခါ ရရှိနေပြီဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၏ ဘုံအကျိုးစီးပွားဖြစ်သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြည်သူ့ကိုယ်စားပြု အန်အယ်လ်ဒီအစိုးရက ခေါင်းဆောင်လျက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဓိကဇာတ်ကောင်များအဖြစ် ဆုံးဖြတ်ဖြေရှင်းရမည့် ပြဿနာဖြစ်ပေသည်။ ရွေးကောက်ပွဲတွင် အနိုင်ရသော အန်အယ်လ်ဒီသည် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု အခြေခံဥပဒေက ဆိုထားသည့်အတွက် အန်အယ်လ်ဒီအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အကြား သဘောတူညီချက်ရရုံနှင့် မပြီးပေ။ ထို့ပြင် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်များလည်း ပါရှိလာနိုင်လေရာ တပ်မတော်က သဘောမတူလျှင် ပြင်ဆင်ရန် မလွယ်ကူသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော် ကိုယ်စားလှယ်များ မုချပါဝင်ရန် လိုအပ်ပေသည်။ ထိုသို့သော လက်တွေ့အခြေအနေ၏ တောင်းဆိုချက်များအရ လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေကြသော တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြားတွင် သင့်တင့်မျှတသော အဖြေတခုရရှိရန် အန်အယ်လ်ဒီအစိုးရက ကြားဝင်ဖျန်ဖြေပေးရမည့် ဒိုင်လူကြီးနေရာတွင် ရောက်ရှိနေပေလိမ့်မည်။ အနာဂတ်အလားအလာ အားလုံး၏ကြားတွင် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ထားနိုင်ခဲ့လျှင် တပြည်လုံး အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးညှိနှိုင်းရသည်မှာ မခက်ခဲသော်လည်း ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးသဘောတူညီချက်များ ရရှိအောင် ညှိနှိုင်းရေးမှာ လွယ်ကူမည် မဟုတ်ချေ။ အကြောင်းမှာ အဆိုပါ ဆွေးနွေးပွဲများတွင် အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက်များ ပါဝင်လာနိုင်၍ ဖြစ်ပေသည်။ အန်အယ်လ်ဒီကလည်း တိုင်းရင်းသားများနည်းတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုသည် ဆိုသော်လည်း အာရုံစူးစိုက်ပုံချင်း မတူညီကြပေ။ သို့သော်လည်း အန်အယ်လ်ဒီက ရပ်ခံထားသည်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးဖြစ်သဖြင့် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လျက် ဗဟိုချုပ်ကိုင်မှုများ လျှော့ချထားသော ဖက်ဒရယ်စနစ် ပိုမိုပီပြင်သည့် ပုံစံမျိုးကို အဆိုပြုနိုင်ပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော တပ်မတော်ကပါ လက်ခံနိုင်သည့် အနေအထား ဖြစ်ပေလိမ့်မည်။ ဆွေးနွေးသည့် အဆင့်အသီးသီးတွင် ရရှိလာသော ဖြစ်ပေါ်တိုးတက်မှုများအပေါ် မူတည်၍ ဒိုင်လူကြီးသဖွယ်ဖြစ်သည့် အန်အယ်လ်ဒီအစိုးရသည် နှစ်ဘက်အကြား မျှတသော အဖြေတခုကို ထုတ်ပေးပြီး နှစ်ဘက် လက်ခံလာအောင် ဆောင်ရွက်နိုင်ခဲ့လျှင် ထာဝရငြိမ်းချမ်းရေးအတွက် အားတက်ဖွယ် ဖြစ်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါဘဲ တဘက်ဘက်က အလွန်အကျွံ သဘောထား တင်းမာနေခဲ့လျှင်  အန်အယ်လ်ဒီအစိုးရသည် ပျော့ပျောင်းညင်သာသည့်ဘက်နဲ့ တသဘောတည်း ဖြစ်သွားနိုင်သော်လည်း ဆွေးနွေးပွဲ ပျက်သွားနိုင်သည်။ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သဘောထားပျော့ပျောင်း၍ အန်အယ်လ်ဒီအစိုးရနှင့် တသဘောတည်းရှိခဲ့ပြီး တပ်မတော်က သဘောထား တင်းမာနေခဲ့လျှင် တပ်မတော်မှာ ယခင်စစ်ခေါင်းဆောင်များကြောင့် ကျဆင်းခဲ့ရသော ပြည်သူ့မေတ္တာကို ပြန်လည်ရရှိနိုင်ခွင့် ဆုံးရှုံးလိမ့်မည်။ အကယ်၍ တပ်မတော်က အန်အယ်လ်ဒီအစိုးရနှင့် တသဘောတည်း လိုက်လျောနိုင်ခဲ့လျှင် ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်နိုင်သကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားခဲ့လျှင်တောင်မှ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော ပြည်သူလူထု၏ မေတ္တာကို ပြန်လည်ရရှိနိုင်ချေ ရှိပေသည်။ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွင်း အချင်းချင်းအကြား တသဘောတည်း ညှိနှိုင်းမရဘဲ ခေါင်းမာစွာ သီးခြားကွဲထွက်နေပါကလည်း ညှိနှိုင်း၍ရသော အဖွဲ့များနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နေစဉ်အတွင်း တင်းမာသူများကို စစ်ရေးဖြင့် အပြတ်ချေမှုန်း တိုက်ခိုက်ခံရမှုများ ဆက်လက် မြင်တွေ့ရလိမ့်မည်ဟု ထင်မြင်မိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ ရဲထွန်း (သီပေါ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up