Home မြန်မာသတင်း နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
နော်နိုရင်း
·
September 15, 2011
assk copy assk မြန်မာနိုင်ငံမှာ “အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေ ရောက်နေပြီ”လို့ မြန်မာ့ဒီမိုကရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဒီနေ့ ပထမဆုံးစတင်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြေကြားလိုက်ပါတယ်။
ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်က ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောကြားလိုက်တာပါ။
“အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ကျမကလည်း လူသိရှင်ကြား ပြောပြီးသား ဖြစ်ပါတယ် ... အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေ ရောက် နေပြီလို့ ကျမယုံကြည်တယ်။
“ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်။ တချို့ကျတော့ ပုံစံမပြောင်းနိုင်ဘူး၊ ဒီပုံစံ ဒီပုံစံပဲ။ ဒီအခြေအနေလည်း ဒီပုံစံပဲ၊ ဟိုအခြေအနေလည်း ဒီပုံစံပဲ လုပ်မယ်ဆို တာ မဖြစ်နိုင်ပါဘူး။ ဒါဟာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနည်း တာလို့ပဲ ပြောရမှာပဲ။”
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လိုအပ်ချက်ကြောင့် အဖွဲ့ချုပ်ဟာ အနှစ် ၂၀ ကြံ့ကြံ့ခံ ချီတက်ခဲ့တယ်ဆိုပေမယ့် ဒီမိုကရေစီအနှစ်သာရကို နားမလည်ကြသူတွေ ရှိနေတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
“ဒီလောက်ကြာကြာ ချီတက်ပြီးတဲ့အချိန်ထိတောင်မှ တချို့က တကယ်တော့ ဒီမို ကရေစီရဲ့ အနှစ်သာရကို သိပ်နားမလည်သေးဘူး။ ဒါပေမယ့် တခုတော့ရှိတယ်နော်၊ သင် ယူချင်တဲ့လူဆိုရင်ဘယ်အချိန်မဆို သင်ယူလို့ရတယ်။ အသက်အကန့်အသတ်မရှိပါဘူး။ အချိန်အကန့်အသတ်မရှိပါဘူး။ နောက်ဆုံးကျတော့ ဆန္ဒပါပဲ။”
“ဒီလိုနေ့မျိုးမှာ ကျမတို့က သံန္နိဋ္ဌာန်ချရမှာက ကျမတို့က ဒီမိုကရေစီရဖို့ဆိုပြီး လုပ်ခဲ့တဲ့ အဖွဲ့ဖြစ်တယ်။ ဒီမိုကရေစီရတဲ့အထိ ကျမတို့ဟာ ခိုင်ခိုင်မာမာနဲ့ မှန်ကန်တဲ့စိတ် ဓာတ်နဲ့ လုပ်သွားမယ်။ မှန်ကန်တဲ့ စိတ်ဓာတ်ဆိုတာဟာ တာဝန်သိစိတ်ကို အခြေခံတယ်။ တာဝန်သိစိတ် မရှိလို့ဆိုလို့ရှိရင် ဘယ်လိုမှ ကိုယ်လုပ်တဲ့အလုပ်ဟာ မှန်ကန်နိုင်မှာ မဟုတ် ပါဘူး။ ကိုယ့်တာဝန်ဟာ ဘာလဲဆိုတာ သေသေချာချာ လေ့လာသုံးသပ်တတ်တဲ့၊ သုံးသပ် နိုင်တဲ့ အရည်အချင်းလည်း ရှိဖို့လိုပါတယ်။”
ဒီမိုကရေစီနေ့အခမ်းအနားကို မန္တလေးနဲ့ ဒီ့ပြင်မြို့တွေမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာ ကျင်းပကြပါတယ်။
မြန်မာအစိုးရက ဒီအခမ်းအနားကို မြန်မာနိုင်ငံမှာ ဒီနေ့ တရားဝင် စတင်ကျင်းပပါတယ်။
ဆက်စပ်သတင်းများ