မသန်စွမ်းကလေးတွေ ကျောင်းနေနိုင်ဖို့ နိုင်ငံတော်အဆင့် ပညာရေးမူဝါဒတွေနဲ့ ညွှန်ကြားချက်တွေရှိဖို့ လိုပါတယ် – ဦးရဲဝင်း

ဓာတ်ပုံ - ရဲဝင်း
အခုနှစ် ပညာသင်နှစ် ကျောင်းအပ်နှံရေးရာသီကာလမှာ မသန်စွမ်းကလေးငယ်တွေ ကျောင်းဝင်ခွင့် ငြင်းပယ်ခံနေရတယ်လို့ သိရပါတယ်။ ဒါဟာ တိကျသေချာတဲ့ မူဝါဒရေးရာ လမ်းညွှန်ချက် မရှိတဲ့အတွက် ဆရာနဲ့ ဆရာမတွေအနေနဲ့ မသန်စွမ်းကလေးကို ငြင်းပယ်နိုင်ခွင့်ရနေတာဖြစ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) က မသန်စွမ်းသူတဦးဖြစ်တဲ့ ဦးရဲဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - ကျောင်းအပ်နှံရာသီမှာ မသန်စွမ်းကလေးတွေ ကျောင်းဝင်ခွင့် ငြင်းပယ်ခံရတာ ဘာကြောင့်လဲ။ ဖြေ - ကျောင်းအုပ်တွေ၊ ဆရာနဲ့ ဆရာမတွေဆီက အကြောင်းပြချက်မျိုးစုံနဲ့ မသန်စွမ်းကလေးတွေကို ကျောင်းဝင်ခွင့် ငြင်းပယ်နေတဲ့ အကြောင်းများကတော့…. ၁။ ကျောင်းတွေမှာ မသန်စွမ်းကလေးများ ပညာသင်ကြားခွင့် ရဖို့အတွက် နိုင်ငံတော်အဆင့်အနေနဲ့ မူဝါဒရေးရာ လမ်းညွှန်ချက် မရှိတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့အတွင်းရှိ မသန်စွမ်းကလေးများနဲ့ လူတိုင်း အကျုံးဝင်ပညာရေး၊ ဧဒင် မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံမှ VSO နဲ့ ပူးပေါင်းပြုလုပ်ခဲ့သော သုတေသန အစီရင်ခံစာ၊ မတ်လ၊ ၂၀၁၅ က သုတေသန တွေ့ရှိချက်ကို ဖော်ပြချင်ပါတယ်။ “လူတိုင်းအတွက်ပညာရေး ပြန်လည်ဆန်းစစ်ခြင်း အစီရင်ခံစာတွင် "မသန်စွမ်းကလေးများကို အခြေခံပညာရေးကျောင်းများတွင် လက်ခံသင်ကြားပေးနေသည်" (MOE 2014) ဟု ဖော်ပြထားပါသည်။ သို့ရာတွင် ယခုပြုလုပ်ခဲ့သော သုတေသနအရ အထက်ဖော်ပြချက်နဲ့ ကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရှိခဲ့ပါသည်။ ဤသုတေသနတွင် မသန်စွမ်းကလေးများအား ပင်မ အစိုးရအတန်းကျောင်းများတွင် လက်မခံဆိုသည်မှာ ကျောင်းအုပ်တဦးချင်းစီ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ကြောင်း အထောက်အထား တွေ့ရှိရပါသည်။ မသန်စွမ်းကလေးများ ကျောင်းဝင်ခွင့် ငြင်းပယ်ခံနေရသည်ဆိုသော အထောက်အထားကို တွေ့ရှိခဲ့ရပါသည်။ ကျောင်းအုပ်များမှ မီးမောင်းထိုးပြ ပြောဆိုချက်မှာ မသန်စွမ်းကလေးများ ပင်မ အစိုးရကျောင်းများတွင် ကျောင်းဝင်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်လမ်းညွှန်မှု မရှိခြင်းကြောင့်ဟူ၍ ဖြစ်ပါသည်။” လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့် မသန်စွမ်းကလေးများ ကျောင်းဝင်ခွင့်ရရေးနဲ့ ပတ်သက်လို့ “မူမရှိ၊ လူပေါ်တွင် မူတည်တယ်။ ကျောင်းအုပ်ပေါ်တွင် မူတည်တယ်။” လို့ သုံးသပ်ချင်ပါတယ်။ နံပါတ် ၂ အချက်ကတော့ ကျောင်းတွေက ဆရာနဲ့ ဆရာမတွေက မသန်စွမ်း ကလေးတွေကို လက်ခံလိုက်ရင် ဝန်ပိမှာမို့လို့၊ အလုပ်ပိုရှုပ်မှာမို့လို့ ဆိုတဲ့အတွေးနဲ့ လက်မခံချင်ဘူး။ မူဝါဒရေးရာ လမ်းညွှန်ချက် သေချာစွာ မရှိတော့ ဆရာနဲ့ ဆရာမတွေက မသန်စွမ်းကလေးကို ငြင်းပယ်နိုင်စွမ်း ရှိနေပါတယ်။ သူတို့အကြောင်းပြတာက ကိုင်တွယ်သင်ကြားရတဲ့ ကျောင်းသားဦးရေ များတဲ့အတွက် မသန်စွမ်းကလေးတွေကို လက်ခံလိုက်ရင် သန်စွမ်းကလေးတွေကိုလည်း အာရုံစိုက်ရ၊ မသန်စွမ်းကလေးကိုလည်း အာရုံစိုက်ရနဲ့ သင်ကြားရေးမှာ ပိုဝန်ပိမှာ၊ အလုပ်ပိုရှုပ်မှာ ဆိုးတဲ့အတွက် ငြင်းပယ်နေရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ မေး - မသန်စွမ်းကလေးတွေအတွက် စာသင်နိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေ အစိုးရကျောင်းတွေမှာ ရှိလား။ ဖြေ - ယခုအချိန်အထိတော့ ပြည့်စုံစွာ မရှိသေးပါဘူး။ အကြားအာရုံ မသန်စွမ်းကလေးများအတွက် Sign Language (လက်သင်္ကေတဘာသာစကား) နဲ့ သင်ကြားနိုင်ရေးတို့၊ အမြင်အာရုံ မသန်စွမ်းကလေးများအတွက် Braille (လက်စမ်းစာ) နဲ့ သင်ကြားနိုင်ရေးအတွက် Braille Printer (လက်စမ်းစာပုံနှိပ်စက်) တွေ၊ Audio Book တွေ အသုံးပြုနိုင်ရေးတွေ လိုအပ်နေပါသေးတယ်။ မသန်စွမ်းကလေးရော၊ သန်စွမ်းကလေးရောအတွက် သင်ထောက်ကူပစ္စည်းတွေ အစိုးရကျောင်းတွေမှာ လိုအပ်လျက် ရှိနေပါတယ်။ မသန်စွမ်းကလေးတွေအတွက် စာသင်နိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေအပြင် ကျောင်းပတ်ဝန်းကျင် အဆောက်အဦတွေကလည်း အတားအဆီးတွေ ဖြစ်နေသေးလို့ ဒါတွေကို ပြုပြင်ဖို့ လိုအပ်လျက် ရှိနေပါတယ်။ မေး - ကျောင်းအပ်လက်မခံတဲ့ ဖြစ်စဉ်တွေ၊ ငြင်းပယ်ခံရတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ရလား။ ဘယ်လိုနေရာတွေမှာ ကြုံတွေ့ရလဲ။ ဖြေ - ကျောင်းအပ်လက်မခံတဲ့ ဖြစ်စဉ်တွေ၊ ငြင်းပယ်ခံရတဲ့ ဖြစ်စဉ်တွေကတော့ နှစ်တိုင်းလို ကြုံတွေ့နေရတာပါ။ ဒီနှစ်ဆိုရင် ကျနော်တို့ဆီ သတင်းပို့တဲ့ Case တွေက ၄၀ ထက်မနည်း ရှိနေပါတယ်။ ဒါတောင် ကျနော်တို့ သတင်းမရတာနဲ့၊ မိဘကိုယ်တိုင်က အကြောင်းမကြားတဲ့ Case တွေလည်း ရှိနေပါတယ်။ ဒါတွေကို ကျနော်တို့ လိုက်လံ စုံစမ်းနေပါတယ်။ ကြုံတွေ့ရတဲ့ နေရာတွေကတော့ တပြည်လုံးနီးပါးပါပဲ။ ရန်ကုန်မြို့ကြီးထဲတောင် ငြင်းပယ်ခံနေရတဲ့ ဖြစ်စဉ်တွေ တွေ့နေရပါတယ်။ ဗဟန်းမြို့နယ်လို မြို့လယ်ခေါင်က ကျောင်းတွေက လက်မခံလို့ မသန်စွမ်းကလေးတယောက် ကျောင်းလိုက်အပ်နေတာ ၅ ကျောင်း၊ ၆ ကျောင်းလောက် ရှိတော့မယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် ဒီလောက်ကြုံနေရရင် နယ်မြို့တွေမှာဆို ဘယ်လောက်ဆိုးမယ် ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ မေး - ကျောင်းမနေနိုင်တဲ့ မသန်စွမ်းကလေးတွေ ဘယ်လောက်ရှိမလဲ။ ဖြေ - ကျောင်းမနေနိုင်တဲ့ မသန်စွမ်းကလေးတွေ ဘယ်လောက်ရှိလဲဆိုတာကို ဖြေဖို့အတွက် ၂၀၁၀ တုန်းက လူမှုဝန်ထမ်းဌာနနဲ့ TLMI တို့ ကောက်ယူထားတဲ့ စစ်တမ်းတခုနဲ့ ဖြေချင်ပါတယ်။ တွေ့ရှိရတဲ့ အထောက်အထားအရ မသန်စွမ်းကလေး ၂ ဦးမှာ ၁ ဦးက ကျောင်းလုံးဝမတက်ဘူးဆိုတာ တွေ့ရပါတယ်။ ဒီ့ထက် ပိုရှင်းလင်းအောင် ပြောရရင် မသန်စွမ်းကလေးတ၀က်ဟာ ကျောင်းတခါမှ မနေဖူးဘူး။ စာလည်း မတတ်သလို၊ အတွက်အချက်လည်း မတတ်ဘူး ဆိုတာကို ပြနေပါတယ်။ ဘွဲ့ရတဲ့ မသန်စွမ်းဦးရေကတော့ အယောက် ၁၀၀ မှာ တယောက်ပဲ ရှိတယ်ဆိုတာ သုတေသနပြုချက်တွေကနေတဆင့် သိရပါတယ်။ မေး - မသန်စွမ်းအသင်းအဖွဲ့အစည်းအနေနဲ့ ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်မလဲ။ ဖြေ - ဒီလိုအခက်အခဲတွေ နှစ်စဉ်ကြုံနေရတော့ ကျနော်တို့ မသန်စွမ်းအဖွဲ့အစည်းတွေက တတ်နိုင်သလောက် ကလေးတွေ ကျောင်းနေလို့ရအောင် လိုက်လံ ဆောင်ရွက်ပေးနေရပါတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီကလေးတွေကို ကျောင်းတွေမှာ လက်ခံပြီး ပညာသင်ကြားနိုင်ဖို့ နိုင်ငံတော်အဆင့် ပညာရေးမူဝါဒတွေနဲ့ ညွှန်ကြားချက်တွေရှိဖို့ လိုပါတယ်။ ဒါကြောင့် ၂၀-၆-၂၀၁၆ မှာ မသန်စွမ်းအဖွဲ့တွေအနေနဲ့ အစည်းအဝေးတခု လုပ်ခဲ့ပါတယ်။ မသန်စွမ်းကလေးများ ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားမှုကော်မတီ (ယာယီ) ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ရည်ရွယ်ချက်က နှစ်တိုင်း ကျောင်းအပ်နှံရေးရာသီရောက်တိုင်း မသန်စွမ်းကလေးတွေကို ကျောင်းအပ်ခွင့် ငြင်းပယ်ခံနေရခြင်းကို လွှတ်တော်နဲ့ အစိုးရကို Advocacy လုပ်ဖို့ ရည်ရွယ်ပါတယ်။ ကျောင်းဝင်ခွင့် ငြင်းပယ်ခံနေရတာကိုလည်း Case Study လုပ်ဖို့ ဖြစ်စဉ်တွေကိုလည်း စုဆောင်းနေပါတယ်။ ပြီးတော့ လွှတ်တော်နဲ့ အစိုးရကို Advocacy Workshop တွေ လုပ်ပါမယ်။ နစ်နာနေတဲ့၊ ငြင်းပယ်ခံနေရတဲ့ ကလေးမိဘများကို ရန်ကုန် ခေါ်ယူပြီး သက်ဆိုင်တဲ့ အစိုးရအရာရှိတွေ၊ လွှတ်တော်အမတ်တွေကို ဖိတ်ကြားပြီး Advocacy Workshop တခုကို ကျောင်းအပ်ရာသီမကုန်မီ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ တကယ်ခံစားနေရတဲ့ ပြည်သူတွေရဲ့ အသံကို တာဝန်ရှိသူတွေ တိုက်ရိုက်ကြားနိုင်အောင် ကျနော်တို့ လုပ်ရပါမယ်။ မိဘတွေကိုကော၊ ပြည်သူတွေကိုကော မသန်စွမ်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် Awareness ပေးဖို့ Campaign တွေလည်း လုပ်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ မေး - လွှတ်တော်နဲ့ အစိုးရကို ဘာတွေဆောင်ရွက်ဖို့ တောင်းဆိုမှာလဲ။ ဖြေ - အဓိကကတော့ နိုင်ငံတော်အဆင့်အနေနဲ့ မသန်စွမ်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ဌာနဆိုင်ရာအသီးသီး ညှိနှိုင်းဆောင်ရွက်ကြဖို့ ညွှန်ကြားချက်တွေနဲ့ နည်းဥပဒေတွေ လိုပါတယ်။ ဒါတွေ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒုတိယအချက်ကတော့ ပညာရေးဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမရောက်လာတဲ့ ကလေးတွေကို ကျောင်းနေနိုင်ရန် ဆောင်ရွက်ပေးဖို့ပါ။ တတိယအချက်ကတော့ ဆရာ၊ ဆရာမတွေအနေနဲ့ မသန်စွမ်းကလေးတွေကို သင်ကြားနိုင်ရေးအတွက် မွမ်းမံသင်တန်းတွေ ပေးရပါမယ်။ စတုတ္ထအချက်က ကျောင်းသားတွေ သင်ယူနိုင်စွမ်းရှိတဲ့ သင်ရိုးတွေနဲ့ သင်ကြားနည်းတွေကို ပြောင်းလဲ ပြဋ္ဌာန်းရပါမယ်။ စာမေးပွဲစနစ်လည်း အပါအဝင်ပေါ့။ ပဉ္စမအချက်ကတော့ ကျောင်းတွေမှာ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေ ပြည့်စုံအောင် ဆောင်ရွက်ပေးရပါမယ်။ နောက်ဆုံးအချက်ကတော့ မသန်စွမ်းကလေးတွေ ကျောင်းတက်နိုင်ရေးအတွက် ကျောင်းအဆောက်အဦတွေ၊ စာသင်ခန်းပုံစံတွေကို အတားအဆီးကင်းလွတ်တဲ့ စာသင်ခန်းတွေ၊ ကျောင်းတွေဖြစ်လာဖို့ တည်ဆောက်ပေးရပါမယ်။ အိမ်သာတွေကော၊ လျှောက်လမ်းတွေကောပေါ့။ မေး - အခြား ဖြည့်စွက်ပြောလိုတာ ရှိလား။ ဖြေ - မသန်စွမ်းကလေးတွေ ကျောင်းမနေနိုင်လို့ ပညာမတတ်၊ ပညာမတတ်လို့ ဆင်းရဲဆိုတဲ့ သံသရာက လည်နေတုန်းပါပဲ။ မသန်စွမ်းသူတွေ ပညာမတတ်လို့ အလုပ်အကိုင်မရရင် မိသားစုကိုပဲ မှီခိုနေရပါတယ်။ နိုင်ငံတော်မှာလည်း ထောက်ပံ့ရမှာ ဖြစ်တဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေကိုပါ ဆုံးရှုံးနေရပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မဆုံးရှုံးအောင် မသန်စွမ်းသူတွေကို ပညာသင်ခွင့်ပေးရပါမယ်။ ကျနော်တို့ မသန်စွမ်းတွေအနေနဲ့ တိုင်းပြည်တိုးတက်ရေးမှာ အုတ်တချပ်၊ သဲတပွင့် ပါဝင်ဆောင်ရွက်နိုင်အောင် ပညာသင်ကြားခွင့်ပေးပါလို့ ပြောချင်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ စုစုပေါင်း ၂၃ သိန်းကျော်ရှိကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up