Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းရောက် မြန်မာအလုပ်သမားများ တွေ့ဆုံမည်
နော်နိုရင်း
·
June 20, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီးချုပ်ပရာယုဒ် ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံကို ဇွန်လ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တရား ၀င်ခရီးလာရောက်မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီခရီးစဉ်အတွင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးမှောဖြစ်သလို ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ နယ်စပ်ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ “သူတရားဝင် အလည်အပတ်ခရီးစဉ်လာတာပါ။ မဟာချိုင်က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့မယ်။ ပြီးရင် ထမ်းဟင်ဒုက္ခသည်စခန်း သွားမယ်။ တရားဝင်အလည် အပတ်ခရီးစဉ်ကတော့ ထုံးစံ အတိုင်းပဲ။ ဒီဘက်မှာ အစိုးရအဖွဲ့တွေနဲ့ တွေ့မှာပေါ့။” ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၃ ရက်နေ့ မနက် ၁၁ နာရီမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိမှာဖြစ်ပြီး သံရုံးကနေ ညနေပိုင်းမှာတော့ မဟာချိုင်က မြန်မာအလုပ်သမားတွေနဲ့ သွားရောက် တွေ့ဆုံ သွားဖို့ ရှိပါတယ်။ အလုပ်သမားတွေနဲ့ တွေ့ဆုံမယ့်အစီစဉ်နဲ့ပတ်သက်ပြီး သံအမတ်ကြီးဟာ မြန်မာအလုပ်သမားအရေးလုပ်ဆောင်နေတဲ့ အဖွဲ့ ၁၃ ဖွဲ့နဲ့ သံရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်က ငါးပုစွန်ဈေးကြီးဖြစ်တဲ့ ထလေထိုင်းခန်းမကြီးမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဇွန်လ ၂၃ ရက်နေ့ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲအထိ ၂ နာရီကြာ လာရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ခန်းမမှာ လူ ၅၀၀ သာ ဆံ့တဲ့အတွက် အရင်ဦးဆုံးရောက်လာခဲ့ အလုပ်သမားတွေကို အရင်ဝင်ခွင့်ပေးမှာဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ ၀င်းအတွင်းမှာ ပရော်ဂျက်တာထိုး ထားပေးမှာပါ။ လုံခြုံရေးအတွက် ထိုင်းအာဏာပိုင်တွေက စီစဉ်စစ်ဆေးသွားမှာဖြစ်တဲ့အတွက် ခန်းမထဲ ၀င်မယ့် အလုပ်သမားတွေအနေနဲ့ ပန်းရောင်ကတ်၊ ပတ်စ်ပို့ စတာတွေ ယူဆောင်ပြသနိုင်ရမှာ ဖြစ်ပါ တယ်။ အရက်သေစာသောက်စားထားသူကိုလည်း ခန်းမအတွင်း ၀င်ခွင့်ပြုမှာမဟုတ်ပါဘူး။ ခန်းမထဲဝင်မယ့် အလုပ်သမားတွေအနေနဲ့ကလည်း အဖွဲ့အစည်းတွေကို ကိုယ်စားပြုခြင်းမရှိဘဲ တဦးချင်းအနေနဲ့ မေး၊ ဖြေကြဖို့ သံအမတ်က ပြောကြားခဲ့တယ်လို့ ဒီအစည်းအဝေးကို တက်ခဲ့တဲ့ National Catholic Commission on Migration ရဲ့ ပရိုဂရမ်မန်နေဂျာ ဒေါ်မီးလင်းဖြူက ပြောပါတယ်။ သူက “ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းမေးမယ့် ကိုယ်စားလှယ်တွေ သီးသန့်မရွေးချယ်ခိုင်း ဘူး။ အဲဒီ သူမိန့်ခွန်းပြောရင်းနဲ့ သူမေးချင်တဲ့သူ မေးပါစေတဲ့။ တကယ်လို့ အလုပ်သမား အဖွဲ့အစည်း တွေအနေနဲ့ မေးချင်ပြောချင် တင်ပြချင်တဲ့ အကြောင်းအရာရှိ မယ်ဆိုရင် အိတ်ဖွင့်ပေးစာ အနေနဲ့ အဲဒီနေ့ကျရင် သံရုံးကိုယ်စားလှယ်သို့ ပေးသွားလို့ရတယ် ပြောတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဒီကနေ့ သံရုံးမှာ အစည်းအဝေးတက်လာတဲ့အဖွဲ့ ၁၃ ဖွဲ့က ၁ ဖွဲ့ကို ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ပြီး လာရောက်ကြတဲ့အလုပ်သမားတွေ အဆင်ပြေချောမွေ့ရေးကို ၀ိုင်းဝန်းကူညီပေး ရမှာ ဖြစ်ပါတယ်။ မဟာချိုင်ဒေသက ငှက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုအောင်ကျော်ဦးက “ကျနော်တို့ ဒီမှာ တချိန်လုံးဖိနှိပ်ခံရတယ်၊ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်၊ အဲဒီ အတွက်ပေါ့လေ ကျနော်တို့မျှော်မှန်းထားတဲ့ အမေလာတယ်ဆိုတော့ ကျနော်တို့ အားရ၀မ်းသာနဲ့ ကြိုဆိုတယ်။ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဒီထက်ပိုပြီးတော့ နေမှု၊ ထိုင်မှုပေါ့နော် အဆင်ပြေဖို့ရယ်။ ကျနော်တို့လေ နောက်ထပ် ဒီမှာဘယ်လောက်ထိနေရမလဲ။ ပြီးရင် မြန်မာပြည်ကို ဘယ်အချိန်လောက် ပြန်ရမလဲဆိုတာ အဲဒါလေး မေးကြည့်ချင်တယ်ခင်ဗျ။” လို့ ပြောပါတယ်။ ဇွန် ၂၄ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ဒီကနေ့ထုတ် ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံအကြား အလုပ်သမားစာချုပ် ၂ ခုကို လက်မှတ်ရေးထိုးကြမယ်လို့ ဖော်ပြပါတယ်။ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သဘောတူစာချုပ်တွေကို နှစ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးတွေ လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာတော့ ထမ်ဟင်ဒုက္ခသည်စခန်းကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးတဲ့ သတင်းတရပ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တာ့ခ်ခရိုင် မဲဆောက်မြို့ကို သွားရောက်ဖို့ အစီအစဉ်ပါရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ် မေလကုန်ပိုင်းတုန်းကလာရောက်တဲ့ ပထမအကြိမ် ထိုင်းနိုင်ငံခရီးစဉ်တုန်းကလည်း မဟာချိုင်ဒေသမှာ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ သလို ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းတခုကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024