Home မြန်မာသတင်း စစ်မှန်သည့်အပြောင်းအလဲ လက်တွေ့လုပ်ရန်လိုဟု မြန်မာအစိုးရကို အမေရိကန်သံတမန်ပြော
စစ်မှန်သည့်အပြောင်းအလဲ လက်တွေ့လုပ်ရန်လိုဟု မြန်မာအစိုးရကို အမေရိကန်သံတမန်ပြော
derek-mitchell မြန်မာအစိုးရအနေနဲ့ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ အရေးကြီး ကြောင်း အမေရိကန်အထူးကိုယ်စားလှယ်၊ မူဝါဒညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်က မြန်မာနိုင်ငံ ၅ ရက်ခရီးစဉ်အဆုံးမှာ ပြောကြားသွားပါတယ်။
မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ အမေရိကန်မူဝါဟာလည်း ပြောင်းလဲမှာမဟုတ်သေးကြောင်း ပြောသွားပါတယ်။
အမေရိကန်အထူးကိုယ်စားလှယ်က မြန်မာပြည်က ဒီမနက် မထွက်ခွာမီ ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားရာမှာ အစိုးရအနေဲ့ နိုင်ငံရေးအကျဉ်း သားအားလုံးကို လွှတ်ရေး အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေကို လက်တွေ့လုပ်ဆောင် ရေးဟာ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးပါတယ်လို့ ပြောကြားသွားပါတယ်။
“နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်တာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအတိုက်အခံတွေနဲ့ အဓိပ္ပာယ်ရှိရှိ တွေ့ဆုံဆွေးနွေးတာ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်မယ့်အစား တွေ့ဆုံဆွေးနွေးတာ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးမှာ အချိန်မီ ဆောင်ရွက်တာ တွေနဲ့ ရိုးသားစစ်မှန်တာကိုပြသဖို့၊ တိုင်းရင်းသားဒေသတွေမှာ မတရားပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရကိုတိုက်တွန်း ခဲ့ကြောင်း” ဒဲရက်မစ်ချယ်က ပြောကြားသွားတာပါ။
“နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ ဒီအချက်တွေမှာ တိုးတက်မှုရှိဖို့ မဖြစ်မနေ အရေးကြီးကြောင်း၊ ဒါတွေကို မြန်မာအစိုးရက လက်ဆုပ်လက်ကိုင်ပြနိုင်လောက်အောင် အရေးယူဆောင်ရွက်ရင် အမေရိကန်ကလည်း အလားတူတုံ့ပြန်မှာပါ”လို့ အစိုးရကို ပြောခဲ့ တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်က မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ မူဝါဒသဘောထားကတော့ မပြောင်းလဲကြောင်း အမေရိကန် အထူးကိုယ်စားလှယ်က ပြောကြားသွားပါတယ်။
“ကျနော်တို့ပေါ်လစီ မပြောင်းလဲသေးပါဘူး။ ကျနော့်ခရီးစဉ်ဟာ ဒီပေါ်လစီနဲ့အညီပါပဲ။ ပိတ်ဆို့ဒဏ်ခတ်အရေးယူထားမှုဟာ နဂိုအတိုင်း ရှိပါတယ်။”
ဒါ့အပြင် မစ္စတာမစ်ချယ်က လက်နက်မပြန့်ပွားရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြဌာန်းထားတဲ့ သဘောတူညီချက်အားလုံးကို လိုက်နာဖို့ အစိုးရကို တိုက်တွန်းသွားပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကိုလည်း စိုးရိမ်ကြောင်းလည်း ပြောသွားပါတယ်။
“ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ အစိုးရရဲ့ စစ်ရေးဆက်သွယ်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု သိပ်မရှိတာတွေအပေါ် စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း တင်ပြခဲ့ပါတယ်။”
လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်လို့လည်း ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ နိုင်ငံရေး အကျဉ်းသားလွှတ်ရေးနဲ့ ပတ်သက်လို့ တိကျတဲ့အဖြေမသိရကြောင်း ဒဲရက်မစ်ချယ်က ပြောသွားပါတယ်။
“နေပြည်တော်က အကြီးအကဲတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရပါတယ်။ ဘာဆုံးဖြတ်ချက်မှ မချပါဘူး။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တော့ ပေါ်ထွက်မလာခဲ့ပါဘူး။”
ဆက်စပ်သတင်းများ