Home
မြန်မာသတင်း
ဝ နှင့် မိုင်းလားတပ်ဖွဲ့ကို ပင်လုံညီလာခံတက်ရန် အစိုးရဖိတ်
DVB
·
June 19, 2016
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ၀ နဲ့ မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြပြီး အစိုးရက ၂၁ ရာစုပင်လုံညီလာခံတက်ဖို့ ဖိတ်တာကို တိုင်းရင်းသားတပ်ဖွဲ့တို့က လက်ခံတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြပါတယ်။ ဇွန်လ ၁၇ ရက်က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့ ဝ အထူးဒေသ ၂ ကိုယ်စားလှယ်အဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုင်းလင်းဦးဆောင်တဲ့ မိုင်းလားအထူးဒေသ (၄) ကိုယ်စားလှယ်အဖွဲ့တို့နဲ့ မိုင်းလားမှာ သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဦးခင်ဇော်ဦးက “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁-ရာစုပင်လုံ) အတွက် ဆွေးနွေးခဲ့ ကြပါတယ်။ အဖွဲ့အားလုံးဟာ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အပြုဆောင်တဲ့ ချဉ်းကပ်မှုများနဲ့ ရင်းနှီးပွင့်လင်းစွာ မိမိတို့ရဲ့ သဘောထားအမြင်များကို တင်ပြဆွေးနွေးကြတာ အားရစ ရာကောင်းပါတယ်။ “ကျနော်တို့အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ ပူးပေါင်းပါဝင်ရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁-ရာစုပင်လုံ) ကို တက်ရောက်ရန်နဲ့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်ကိုလာရောက်ပြီး နိုင်ငံတော်အကြီး အကဲများနဲ့ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့ပါတယ်။ ကျနော်တို့ ဖိတ်ကြားမှုကို တိုင်းရင်းသားခေါင်းဆောင်များက ဝမ်းမြောက်ဝမ်းသာလက်ခံကြပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၁  နဲ့ ကော်မတီ ၂ ဆိုပြီး ဖွဲ့ထားရာမှာ ကော်မတီ ၁ က လက်မှတ်ထိုးပြီးအဖွဲ့တွေနဲ့ ဆွေးနွေးမယ်၊ ကော်မတီ ၂ က အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တပ်ဖွဲ့တို့နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အခု ၀ နဲ့ မိုင်းလားတပ်ဖွဲ့တို့ကို သွားတွေ့တဲ့အဖွဲ့မှာတော့ ကော်မတီ နှစ်ရပ်စလုံးက ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေ လိုက်ပါသွားကြတာ တွေ့ရပါတယ်။ အစိုးရနဲ့ ၀ နဲ့ မိုင်းလားတပ်ဖွဲ့တို့ရဲ့ မိုင်းလားတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ဒီဗွီဘီက နှစ်ဘက်စလုံးက တာဝန်ရှိသူတွေထံ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024