Home
ရင်ဖွင့်စာ/ပေးစာ
မူဝါဒ ဖြစ်စဉ်၊ အတိတ် နဲ့ ဗျူရိုကရေစီ ဇောင်းပေးသော မဟာဗျူဟာ
DVB
·
June 19, 2016
မိတ်ဆွေများ သို့ အိပ်ဖွင့်ပေးစာ (၃) တင်မောင်သန်း ဒေါက်တာတင့်ဆွေ သို့ မူဝါဒ ဖြစ်စဉ်၊ အတိတ် နဲ့ ဗျူရိုကရေစီ ဇောင်းပေးသော မဟာဗျူဟာ အစ်ကိုလေးရေ .. မူဝါဒချမှတ်တာ ဖြစ်စဉ်တခု ဖြစ်တာကို အရင်အပတ်က ကျနော် ပြောခဲ့တယ်နော်။  ပုံနဲ့လည်း ပြခဲ့ပါတယ်။ ယူကေ အစိုးရ ကူးသန်းရောင်းဝယ်ရေးဌာန က ထုတ်တဲ့ စာစဉ်တစ်ခုမှာ မူဝါဒ ချမှတ်တဲ့ ဖြစ်စဉ်ကို ခုလို အဓိပ္ပာယ်ဖွင့်တယ် အစ်ကိုလေးရ။  “နိုင်ငံရေး ရည်မှန်းချက် အတိုင်း လိုလားသော အပြောင်းအလဲများ တကယ် ဖြစ်ပေါ်လာစေရန် ယင်း ရည်မှန်းချက် ကို အစီအစဉ်များ နှင့် ရလဒ်များ ရရှိနိုင်မည့် ဆောင်ရွက်ချက်များ အဖြစ်သို့ ပြောင်းလဲကြရသည်။  ထိုသို့ ပြောင်းလဲသော ဖြစ်စဉ်ကို မူဝါဒ ချမှတ်သော ဖြစ်စဉ်ဟု ဖွင့်ဆိုသည်။” တဲ့။ ဒီသဘောအရ၊ မူဝါဒ ချမှတ်တဲ့ ဖြစ်စဉ်မှာ ဗျူရိုကရေစီ ကို ချန်ထားလို့ မရပေတော့ဘူး။ ကိုရီးယားမှာဆိုရင်၊ ဗျူရိုကရေစီက ရွေးကောက်ပွဲ အဖြေထွက်တာနဲ့ မဲနိုင်တဲ့ နိုင်ငံရေး ပါတီ ရဲ့ ကြေညာစာတမ်းကို ကြည့်ပြီး မူဝါဒနဲ့ အစီအစဉ်တွေရေး တက်လာမယ့် အစိုးရကို ပြကြရသတဲ့ဗျ။ တက်မယ့် အစိုးရက မကြိုက်ရင် ပြန်ရေးပေါ့ အစ်ကိုလေးရာ။  အလားတူပဲ မူဝါဒလေ့လာရေးအဖွဲ့ (think tank) တွေကိုလည်း ဘယ်လို ပြောင်းရင် ကောင်းမယ်ဆိုတဲ့ ထင်မြင်ချက်တွေကို အနိုင်ရပါတီက တောင်းတတ်သတဲ့။ မူဝါဒပညာရှင်တွေကလည်း အနိုင်ရပါတီ ရဲ့ ကြေညာစာတမ်းကို ကြည့်ပြီး ရေးသားပေးပို့ကြတယ်တဲ့။ အဲဒီ အရာရှိတွေနဲ့ ပညာရှင်တွေကို ဆိတ်ရဲ့ ဟိုအစေ့လို့ ဘယ်သူကမှ မစွပ်စွဲကြပါဘူးတဲ့။ ဒါကိုက သူတို့ အလုပ်ပေပဲကိုး အစ်ကိုလေးရဲ့။ အဲဒီသဘောတွေအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဗျူရိုကရေစီကို အဓိကထား ဆောင်ရွက်နေသလား ဆိုတာ ကျနော် မကြာမကြာ တွေးမိတတ်တယ် အစ်ကိုလေး။  ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ အနာဂတ်အမြင်က ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အဲဒီကို ရောက်အောင်သွားဖို့ ဖြစ်တယ်။  တရားဥပဒေ စိုးမိုးရေးနဲ့ အုပ်ချုပ်မှုကောင်းကို ထူထောင်ချင်တယ်။  ဒါတွေ ဖြစ်လာဖို့ ဗျူရိုကရေစီနဲ့ ယုံကြည်မှု ထူထောင်ရေးက သော့ချက်ဖြစ်တယ်လို့ ယူဆပုံရတယ်။ လူထု အခြေခံပေါ်မှာ အားလုံးပါဝင်ရေးမူကို ကျင့်သုံးမယ်လို့ မြင်ကြတယ်။ မကြာခဏဆိုသလို မိန့်ခွန်းတွေမှာ၊ လုပ်ဆောင်ချက်တွေမှာ ဒီအချက်တွေကို တွေ့ကြရမှာပါ။ အဲဒီအချက်တွေက အကြောင်းမဲ့ ပေါ်လာတာ မဟုတ်ပါဘူး။  ကျနော်တို့ ဖြတ်သန်းခဲ့ကြရ၊ ဖြတ်သန်းနေကြရတဲ့ ဘ၀ နဲ့ ဆက်စပ်နေပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ဘ၀က ပဋိပက္ခတွေနဲ့ ပြွမ်းတီးနေတဲ့ ဘ၀ပါ အစ်ကိုလေး။ သဘောတရားကို သန်တယ်။ အဖြူအမည်းပဲ ကြည့်တတ်တယ်။ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နည်းနာပိုင်းအပေါ် လေးနက်မှု သိပ်မရှိလှဘူး။ ချရင် ကြိုက်တယ်။ ကြမ်းတယ်။  ရမ်းလည်း ရမ်းချင်တယ်။ ယုံကြည်မှုကလည်း အလွန့်ကို နည်းတယ်။ အကွဲ၊ အဟ ကြီးမားလှတဲ့ လူ့အဖွဲ့အစည်းပါ။ ဒီကနေ ကျနော်တို့ ပြန်ထနိုင်အောင် ကြိုးစားနေကြရတာ မဟုတ်လား အစ်ကိုလေး။ မူဝါဒအကြောင်း ပြောပြီဆိုတဲ့အခါ၊ အရင်အပတ်က ပြောခဲ့တဲ့ အကြောင်းအချက်တွေ အပြင်၊ ကျနော်တို့ ဖြတ်သန်းခဲ့ကြရတဲ့ ဘ၀ကိုလည်း မေ့ထားလို့ မဖြစ်ဘူးလို့ ကျနော် ထင်တယ် အစ်ကိုလေး။  ရုတ်တရက် ကြည့်လိုက်ရင် စောစောက ပြောခဲ့တဲ့အချက်တွေက နိုင်ငံရေးနဲ့ ပို စပ်ဆိုင်ပြီး အုပ်ချုပ်ရေး ကဏ္ဍနဲ့ မသက်ဆိုင်သလို ထင်ရပါတယ်။  အကွဲအဟ ကြီးမားတာနဲ့ ယုံကြည်မှု နည်းတာက လူ့အဖွဲ့အစည်းထဲမှာ ရှိနေပြီ ဆိုကတည်းက အုပ်ချုပ်ရေး ကဏ္ဍမှာလည်း ရှိနေတော့မယ်ဆိုတာ နားလည်လို့ ရမှာပါ။  ရင်ကြားစေ့ရေး နဲ့ ယုံကြည်မှု ထူထောင်ရေးဆိုတာ ဗျူရိုကရေစီမှာလည်း ရှိပေတာပေါ့ အစ်ကိုလေးရယ်။ နိုင်ငံရေးအဆင့်နဲ့ ဗျူရိုကရေစီလို့ အင်္ဂလိပ်လို ခေါ်တဲ့ ပြည်သူ့ဝန်ထမ်း စနစ်ကြားမှာ အဟ ရှိတယ်လေ အစ်ကိုလေး။ အထူးသဖြင့် ညွှန်ကြားရေးမှူး နဲ့ အထက် ခန့်မှန်း ၅၀ ရာခိုင်နှုန်း ၀န်းကျင်က စစ်တပ်က ပြောင်းလာကြတဲ့သူတွေဆိုတော့ အပြန်အလှန် အထင်လွဲတာတွေနဲ့ စိုးရိမ်တာတွေ ရှိနေကြတယ်လေ။  ၀န်ထမ်းတွေကြားထဲမှာ စစ်ဘက် နဲ့ အရပ်ဘက် ဆိုတဲ့ အဟ က ရှိနေဆဲပါပဲ။ မကြာသေးခင်ကဆိုရင် ဒေါက်တာ ရန်မျိုးသိမ်းက အတွင်းဝန်တွေကို ယခင် အစိုးရရဲ့ ဒေါက်တိုင်တွေလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့သေးတာ မဟုတ်လား။  ‘ဒေါက်တိုင်’ ဆိုတဲ့ အသုံးအနှုန်းမှာ နိုင်ငံရေး သမိုင်းကြောင်း ရှိနေတယ်ဆိုတာ ဆရာ ရန်မျိုးသိမ်း ပညာရှိသတိဖြစ်ခဲ ဖြစ်သွားပုံရပါတယ်။  တပ်ကလာကြတဲ့ အရာရှိကြီးတွေကတော့ အဲဒီ ‘ဒေါက်တိုင်’ အသုံးအနှုန်း ရဲ့ နောက်မှာ ‘ဖြုတ်၊ ထုတ်၊ သတ်’ သမိုင်းကြောင်း နဲ့ ဆက်နေတာကို မေ့ကြလိမ့်မယ် မထင်ဘူး အစ်ကိုလေးရ။ ဒီအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် သတိပြုမိတယ်လို့ ကျနော် ထင်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ သမိုင်းသင်ခန်းစာကို ယူထားပြီး ဖြစ်ကောင်းလည်း ဖြစ်ပါလိမ့်မယ်။ လွတ်လပ်ရေး ရပြီးတဲ့အခါ၊ တက်လာတဲ့ ဖဆပလ ခေါင်းဆောင်တွေက အစိုးရ အရာရှိကြီးတွေ ကို နယ်ချဲ့အင်္ဂလိပ် လက်ပါးစေလို့ ထင်မြင်ခဲ့ကြသေးတာကိုး အစ်ကိုလေးရ။  “ပါလီမန် ဒီမိုကရေစီ မှာ အမြဲတမ်း၊ သီးခြားလွတ်လပ်၊ စည်းကမ်းလိုက်နာသေ၀ပ်တဲ့ ပြည်သူ့ဝန်ထမ်းစနစ် ရှိရပါမယ်။  ဘယ်နိုင်ငံရေးပါတီပဲ အာဏာရလာ၊ ရလာ .. ပြည်သူ့ဝန်ထမ်းတွေက အစိုးရရဲ့ အဓိကလုပ်ငန်း ဆောင်တာတွေကို ဆောင်ရွက်ကြပါလိမ့်မယ်။” တဲ့။  အစ်ကိုလေး ရေ..။  ဒီစကားကို ၀န်ကြီးချုပ် ဦးနု ပြောခဲ့တာပါ။ “ကျနော်တို့ အာဏာရခဲ့တဲ့ ၁၀ နှစ်တာအတွင်း၊ ပြည်သူ့ဝန်ထမ်းစနစ်ရဲ့ ဒီ မရှိမဖြစ် အင်္ဂါရပ်တွေကို လက်ခံအသိအမှတ်ပြုဖို့ ကျနော်တို့ ပျက်ကွက်ခဲ့မိပါတယ်” လို့ ဦးနုက ဆိုတယ်ဗျ။  “ပြည်သူ့ဝန်ထမ်းစနစ်ကို ပါတီဝန်ထမ်းစနစ်အဖြစ် တကယ် မပြောင်းလဲခဲ့ပေမယ့် ပြည်သူ့ဝန်ထမ်းတွေရဲ့ သီးခြားလွတ်လပ်တဲ့ သဘောသဘာဝကို ပျက်ပြားစေသော သဘော သက်ရောက်နိုင်မယ့် သဘောထားမျိုးတွေ၊ လုပ်ရပ်မျိုးတွေကို ကျနော်တို့ လုပ်ခဲ့မိကြပါတယ်” လို့ ဦးနုက ၁၉၆၀ ပြည့်နှစ် ဧပြီ ၅ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ မူဝါဒ ကြေညာချက်မှာ ၀န်ခံခဲ့ပေတာပေါ့ အစ်ကိုလေး။  ၁၉၅၉ ဦးသာဒင်နဲ့ သမ၀ါယမ နဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးရေး ၀န်ကြီးဌာန အတွင်းဝန်တို့ ရဲ့အမှုမှာ “မြန်မာနိုင်ငံ အစိုးရ နဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးဟာ သခင် နဲ့ ကျွန် သာမာန် ဆက်ဆံရေးမျိုးထက် ပိုလည်း မပိုခဲ့ဘူး၊ လျော့လည်း မလျော့ခဲ့ဘူး” လို့ တရားလွှတ်တော်ချုပ်က ဆိုခဲ့ပါသေးသတဲ့ အစ်ကိုလေးရေ။ ၁၉၆၁ မှာ ထုတ်ခဲ့တဲ့ Report of the Public Services Enquiry Commission ကို ကိုးကားပြီး ကျနော် ပြောနေတာပါ။ ဒါက ပါလီမန် ဒီမိုကရေစီခေတ်နော် အစ်ကိုလေး။  အဲဒီနောက် တော်လှန်ရေးကောင်စီ လက်ထက်ကနေ နှစ်ပေါင်း ၅၄ နှစ် ကြာ ၂၀၁၆ ခုနှစ်အထိ ပြည်သူ့ဝန်ထမ်းစနစ်ရဲ့ အခြေအနေကို အစ်ကိုလေး မှန်းဆသာ ကြည့်လိုက်ပါတော့။  အစိုးရသစ် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဒီ သမိုင်းနောက်ခံနဲ့လည်း နားလည်ဖို့ မလိုပေဘူးလား အစ်ကိုလေး။ အစ်ကိုလေးရေ .. ။ အလေ့အလာ ကောင်းလှဆိုတဲ့ ပညာရှင်ဆိုသူတွေက အဲဒီ သမိုင်းကြောင်းကို အလေးအနက် ထားရကောင်းမှန်း သိပုံမရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရအသစ်က အလေးအနက် ထားပုံရတာပါပဲ။ အတွင်းဝန်တွေနဲ့ ညွှန်ကြားရေမှူးချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက ဒေါက်တိုင်တွေလို့ သုံးနှုန်းပြောဆိုတာ အစ်ကိုလေး ကြားဖူးရဲ့လား။ ၀န်ထမ်းတွေကို ဖြုတ်မှာ မစိုးရိမ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သေးတယ် မဟုတ်လား။  စာရေးတဲ့ ကိုမှူးဇော်ဗျာ။  သမ္မတရုံးရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဗျာ။ ပြောရေးဆိုခွင့် ရှိသူအဖြစ်တောင် ခန့်ထားလိုက်သေး မဟုတ်လား။  အရင် အစိုးရအဖွဲ့ရဲ့ ထိပ်တန်းဝန်ကြီးတစ်ယောက်က .. မင်းကို ဖြုတ်မှာပဲ။  မင်းကြိုက်တဲ့နေရာကို တောင်းပြီး ခုကတည်းက ပြောင်းထားဖို့ အစိုးရအသစ် မတက်ခင်မှာ အကြံပေးပါသတဲ့။  ဒီတော့ ကိုမှူးဇော်က ကျနော်က ပြည်သူ့ဝန်ထမ်းပါ။  တက်လာတဲ့ အစိုးရက ထုတ်ပြန်တဲ့ အမိန့်အတိုင်း လုပ်ရမှာက ပြည်သူ့ဝန်ထမ်းရဲ့ အလုပ်ပဲ ဆိုပြီး၊ ပို့တဲ့နေရာ ကျနော် သွားမယ် .. ဘယ်ကိုမှ ကြိုမပြောင်းခဲ့ဘူးတဲ့ အစ်ကိုလေးရ။  အရင်က ကိုမှူးဇော် လုပ်ခဲ့တာတွေ မှာ တိမ်းညွတ်မှုတွေ ရှိခဲ့မှာပါပဲ။  ဒါပေမယ့် သူလည်း ရွေ့ဖို့ ကြိုးစားနေတာပဲ မဟုတ်လား။  ဦးနု ပြောခဲ့တဲ့ “အမြဲတမ်း၊ သီးခြားလွတ်လပ်၊ စည်းကမ်းလိုက်နာသေ၀ပ်တဲ့ ပြည်သူ့ဝန်ထမ်း” ဖြစ်ဖို့ကို မှူးဇော်မှ မဟုတ်ပါဘူး ဘယ်ဝန်ထမ်းမဆို ဖြစ်ချင်ကြတာပါပဲ။ ဘယ်သူမှ အတိတ်နဲ့ မကင်းနိုင်ကြတဲ့ အခြေအနေမှာ လူတိုင်း အပြောင်းအလဲထဲမှာ ပါဖို့ အခွင့်အလမ်း ရှိသင့်ပေတာပေါ့။  အဲဒီလို အခွင့်အလမ်းမျိုးတွေကို သေချာဖွင့်ပေးကြရတာပါ။ နိုင်ငံသစ်ကို သွားတဲ့ခရီးမှာ အဲဒီလို အခွင့်အလမ်းတွေ အများကြီးရှိဖို့ မလိုပေဘူးလား။ မူဝါဒနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလို အခွင့်အလမ်း မဖွင့်သင့်ဘူးလား အစ်ကိုလေး။ အစိုးရအသစ်က အတွင်းဝန်တွေနဲ့ ထိပ်ပိုင်းအရာရှိကြီးတွေကို အားကိုးမယ့် အရိပ်အယောင် တွေ့ရတော့  ဘ၀င်မကျဖြစ်ကြတာကို ကျနော် နားလည်နိုင်ပါတယ်။  အတိတ်ရဲ့ အရိပ်တွေက ရှိနေဦးမှာပဲလေ အစ်ကိုလေးရဲ့။ အဲဒီ အရိပ်ထဲကနေ အစိုးရ အသစ်ကို ဝေဖန်ကြတာလည်း ကျနော် နားလည်နိုင်ပါတယ်။  သာမာန်လူတွေပဲကိုး။  ဒါပေမယ့် နိုင်ငံသစ်ကို တည်ကြမယ့် ခေါင်းဆောင်တွေကတော့ အဲဒီ အတိတ်ရဲ့အရိပ်ကို ကျော်ကြည့်နိုင်ကြတယ် အစ်ကိုလေးရ။  ၀န်ကြီးချုပ် ဦးနု နဲ့ လွတ်လပ်ရေး ရပြီးခါစ ခေါင်းဆောင်တွေတောင် အဲဒီလို ကျော် ကြည့်ဖို့ ခက်ခဲခဲ့ပေသကိုး လို့ ကော်မရှင် အစီရင်ခံစာကို ဖတ်မိတဲ့ အချိန်ကတည်းက ကျနော် တွေးခဲ့မိဖူးပေတာပေါ့။  ၁၉၆၁ မေ ၁၈ ရက်နေ့စွဲ နဲ့ ၀န်ကြီးချုပ်ကို တင်သွင်းတဲ့ ကော်မရှင် အစီရင်ခံစာ ရဲ့ နိဒါန်းပိုင်းမှာ ခုလို တင်ပြခဲ့တယ် အစ်ကိုလေး။ “[လွတ်လပ်ရေး ရပြီးတဲ့နောက်] အုပ်ချုပ်သူ အသစ်များမှာ စိတ်အားထက်သန်စိတ်၊ ယုံကြည်စိတ် တချောင်းတည်းသော စိတ်ဖြင့် လုပ်ငန်းလုပ်ကိုင်မည်ဟူသော မစ်ရှင် စိတ်ဓာတ်များဖြင့် ပြည့်လျှမ်းနေခဲ့ပါသည်။ ခေါင်းဆောင်များမှာ တိုင်းပြည်ကို လွတ်လပ်အောင် ဦးဆောင်ခဲ့သည့်အတိုင်း၊ မြန်မာပြည်သစ် ဟူသော အနာဂတ်အမြင်ကို တကယ့် ပကတိဘ၀ အဖြစ်သို့ လျင်လျင်မြန်မြန် ပြောင်းလဲ မြင်ချင်သောဆန္ဒ ပြင်းပြခဲ့ကြပေသည်။ တချိန်တည်းမှာပင် ယခင်က အုပ်ချုပ်သူများနှင့် ပတ်သက်ခဲ့သော အတိတ်အကြောင်းကြောင့် ပြည်သူ့ဝန်ထမ်းများ အပေါ် သူတို့က သံသယ ရှိခဲ့ကြပေ၏။ သူတို့၏ အစီအစဉ်များကို ပြည်သူ့ဝန်ထမ်းများက စီမံဆောင်ရွက်ပေးရာတွင် အပြည့်အ၀ ယုံကြည်မှုထားဖို့ တုံ့ဆိုင်းခဲ့ကြပေ၏။  အုပ်ချုပ်သူ အသစ်များမှာ ပြည်သူ့ဝန်ထမ်းများ လိုပင်၊ မဟာ့မဟာ အလုပ်ကြီးများ ဖြစ်ကြသည့် ပုံမှန်ဘ၀ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၊ စုစည်းကျစ်လျစ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်များအတွက် ကျွမ်းကျင်မှု နှင့် နည်းနာယန္တရားများ လုံလုံလောက်လောက် ရှိကြသည်တော့ မဟုတ်ပေ။ စိတ်ထဲမှာ ရှိသည့် ထိုသို့သော ဧရာမ အစီအစဉ်များ တကယ်ဖြစ်လာဖို့ အချိန်လိုအပ်သည် ဆိုသော အချက်ကိုတော့ ခေါင်းဆောင်များမှာ သူတို့၏ စိတ်အားထက်သန်မှုများကြောင့် မမြင်နိုင် ဖြစ်ခဲ့ကြပေသည်။ ပုံမှန်အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများအတွက် သဘာဝအတိုင်း လိုအပ်သော အချိန်ကို သူတို့ စိတ်ပျက်ကြလေ၏။  ယင်းကို ပြည်သူ့ဝန်ထမ်းများဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့်ဟု သူတို့က ဆိုကြလေ၏။ အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများ လိုအပ်ချက် နှင့် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို ပြည့်ပြည့်၀၀ သူတို့ နားလည်သဘောမပေါက်နိုင်ခဲ့ကြပေ။ မလိုအပ်သော ကြိုးနီစနစ် ဟု ထင်မြင်သောကြောင့် ဖြတ်တောက်လိုက်သည်။  သို့သော် တကယ့်အဖြစ်ကတော့ အုပ်ချုပ်ရေး ပျက်ပြားသွားခြင်းသာ ဖြစ်ပေ၏။  မရှောင်မလွှဲသာသော ရလဒ်ကတော့ တာဝန်ယူမှု နဲ့ လုပ်ပိုင်ခွင့် ပြတ်ပြတ်သားသား မရှိတော့ခြင်းပင် ဖြစ်ပါသည်။” အစ်ကိုလေးရေ ..။  ဒါ က စနစ် ရှိတယ်ဆိုခဲ့တဲ့ ပါလီမန် ဒီမိုကရေစီ ခေတ်မှာ ဖြစ်ခဲ့တာပါ။  ဒီဘက်ခေတ်မှာ ဘယ်လို အခြေအနေ ဖြစ်ခဲ့၊ ဖြစ်နေသလဲ ဆိုတာ ကျနော် ပြောစရာ လိုမယ် မထင်ပါဘူး။  အဲဒီ အခြေအနေကနေ အရည်အသွေးရှိမယ့် ဗျူရိုကရေစီကို ဦးတည်သွားကြရမှာ က အစိုးရ အသစ်ရဲ့ တာဝန်ဖြစ်ပါတယ်။  သမိုင်းကို တခါ ထပ်မကြော့သင်ပေတော့ဘူး။ အစ်ကိုလေးရေ .. မူဝါဒ ကို ချဉ်းကပ်တဲ့အခါ၊ ဗျူရိုကရေစီရဲ့ အခန်းကဏ္ဍကို မပေးဘဲ ချဉ်းကပ်လို့ရသလို၊ ဗျူရိုကရေစီ နဲ့ အတူ မူဝါဒ ဖော်ဆောင်မယ်လို့လည်း ချဉ်းကပ်လို့ ရပါတယ်။  အထက်က ပြောခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ ပြည်သူ့ဝန်ဆောင်မှုစနစ် ဆိုင်ရာ ပြဿနာတွေကိုပါ ထည့်သွင်း စဉ်းစားမယ်ဆိုရင်တော့ ဒုတိယ ချဉ်းကပ်ပုံအတိုင်း ကျနော်တို့ သွားကြရမှာပါ။  မူဝါဒ ကို ချပေးတယ်ဆိုတာက စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံ မဟုတ်ဘူးလား။ ဒါကြောင့်လည်း အတွင်းဝန်တွေနဲ့ ဗျူရိုကရေစီကို နေရာပေးမယ့် အလားအလာတွေ တွေ့လာရတာ၊ မူဝါဒကို အလျင်စလို မလုပ်ဘဲ၊ ရက် ၁၀၀ အစီအစဉ်တောင် ဆိုင်ရာဌာနတွေကို အဓိကထား ရေးဆွဲစေလာတာတွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချဉ်းကပ်ပုံက ပိုမို ကျယ်ပြန့်တဲ့ ထောင့်ကနေ ချဉ်းကပ်နေတာ ဖြစ်ပုံရတယ်လို့ ကျနော် ပြောရင်၊ ကျနော် ပိုတယ်လို့ ဆိုမလား အစ်ကိုလေး။ တင်မောင်သန်း၊ နေ့ ၁း၅၈၊ ဇွန် ၆ ၂၀၁၆

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024