A d v e r t i s e m e n t With Us

နိုင်ငံ​ရေး​သမား​များ​ကို လွှတ်​ပေး​ရန် လူ့​အခွင့်​အ​ရေး​အဖွဲ့​ သမ္မတကို စာပို့

မြန်မာအစိုး​ရက စစ်မှန်တဲ့​ အ​ပြောင်း​အလဲ​တွေကို တကယ်လုပ်ပြချင်တယ်ဆိုရင် နိုင်ငံ​ရေး​အကျဉ်း​သား​တွေအား​လုံး​ကို ခြွင်း​ချက်မရှိ လွှတ်​ပေး​သင့်​တယ်လို့​ လူ့​အခွင့်​အ​ရေး​ ​စောင့်​ကြည့်​ရေး​အဖွဲ့​က ​တောင်း​ဆိုလိုက်ပါတယ်။ လူ ၃၀၀၀ ​ကျော် လက်မှတ်ထိုး​ထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ ​တောင်း​ဆိုလွှာကို နယူး​ယောက်အ​ခြေစိုက် လူ့​အခွင့်​အ​ရေး​ ​စောင့်​ကြည့်​ရေး​အဖွဲ့​က သမ္မတဦး​သိန်း​စိန်ဆီကို မ​နေ့​က ​ပေး​ပို့​ထား​တယ်လို့​ အဖွဲ့​က ဆိုပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀၀ နီး​ပါး​ကို လွှတ်မလွှတ်ဆိုတာဟာ အစိုး​ရရဲ့​ ရိုး​သား​ဖြောင့်​မတ်မှုကို တိုင်း​တာမယ့်​ မှတ်​ကျောက်ပဲလို့​ အဖွဲ့​က ဆိုပါတယ်။ ဦး​သိန်း​စိန်ဆီကို ​ပေး​ပို့​ထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ ​တောင်း​ဆိုလွှာကို ကုလသမဂ္ဂ၊​ အာဆီယံ၊​ အ​မေရိကန်အစိုး​ရ၊​ ဥ​ရောပသမဂ္ဂ၊​ တရုတ်နဲ့​ အိန္ဒိယနိုင်ငံတို့​ကိုလည်း​ ​ပေး​ပို့​သွား​မယ်လို့​ ​ပြောပါတယ်။ မြန်မာအစိုး​ရကို ​ပြောတဲ့​အတိုင်း​ လုပ်လာ​အောင် ကုလသမဂ္ဂနဲ့​ အာဆီယံအဖွဲ့​၊​ သက်ဆိုင်တဲ့​ နိုင်ငံ​တွေအား​လုံး​က တိုက်တွန်း​ဖို့​ကိုလည်း​ လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​အဖွဲ့​က ​တောင်း​ဆိုလိုက်ပါတယ်။ ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဘန်ကီမွန်း​နဲ့​ ကမ္ဘား​တလွှာက အစိုး​ရ​တွေက နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဖို့​ ​တောင်း​ဆို​နေ​ပေမယ့်​ အစိုး​ရက လျစ်လျူရှုထား​ပါတယ်။ ဘန်ကီမွန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ဆက်လက်ဖမ်း​ဆီး​ထား​မယ်ဆိုရင် အစိုး​ရရဲ့​ ကြိုး​ပမ်း​မှု​တွေမှာ အရိပ်မည်း​ထိုး​နေမယ်လို့​ ဩဂုတ် ၅ ရက်​နေ့​က သတိ​ပေး​ခဲ့​ပါတယ်။ ဩဂုတ်လထဲမှာပဲ မြန်မာပြည်ကို သွား​ရောက်ခဲ့​တဲ့​ ကုလသမဂ္ဂရဲ့​ လူ့​အခွင့်​အ​ရေး​စုံစမ်း​ရေး​မှူး​ ​သောမတ်အို​ဟေး​ကင်တာနား​ကလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ဟာ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ရဲ့​ အဓိကကျတဲ့​ လိုအပ်ချက်တခုအဖြစ် ​ထောက်ပြခဲ့​ပါတယ်။ အစိုး​ရသစ်တက်လာပြီး​ ပြုပြင်​ပြောင်း​လဲ​ရေး​တွေလုပ်မယ်လို့​ ကတိ​ပေး​ခဲ့​ပြီး​နောက်ပိုင်း​ ပြီး​ခဲ့​တဲ့​မေလ ၁၆ ရက်​နေ့​က အစိုး​ရ၏လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမည်ခံ ​ထောင်ဒဏ် တနှစ်​လျှော့​ပေါ့​ပေး​တဲ့​ အစီအစဉ်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၇၇ ဦး​ ပြန်လည်လွတ်​မြောက်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up