မြန်မာဒုက္ခသည်များ အိမ်ပြန်ရေး အီးယူအကြီးအကဲနှင့် မြန်မာဝန်ကြီးဆွေးနွေး
DVB
·
September 14, 2011

ကိုယ့်သဘောနဲ့ကိုယ်ပြန်လာတဲ့ ဒုက္ခသည်တွေအတွက် ငြိမ်းချမ်းရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ ပြင်ဆင်ထားမယ်လို့ ဝန်ကြီး ဒု-ဗိုလ်ချုပ်သိန်းဌေးက ပြောပါတယ်။
[caption id="attachment_15539" align="alignright" width="310" caption="ခရစ္စတာလီနာ ဂျော့ဂီဗာ"]
[/caption]
အီးယူ ကော်မစ်ရှင်နာ ခရစ္စတာလီနာဂျော့ဂီဗာ (Kristalina Georgieva) နဲ့ မြန်မာနယ်စပ်ရေးရာဝန်ကြီးဌာနနှင့်မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးတို့ စက်တင်ဘာ ၉ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံရာစဉ် ပြောသွားတယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းမှာ ဖော်ပြထားပါတယ်။
ဝန်ကြီးက အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးမှာ ဒုက္ခသည်တွေကိုယ်တိုင်ရဲ့ ဆန္ဒကိုပဲ အခြေခံမှာပါလို့ ပြောဆိုသွားတယ်လို့လည်း အီးယူကော်မရှင်နာက ပြောပါတယ်။
ကေအာရ်စီ ခေါ် ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ စောရောဘတ်ထွေးကတော့ ဒုက္ခသည်တွေ နေရပ် ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး ကေအာရ်စီ ခေါ် ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ စောရောဘတ်ထွေးက အခုလိုပြောပါတယ်။
"ပထမအချက်ကတော့ UNHCR (ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး) က ကျနော်တို့ကို ၂ နှစ် ၃ နှစ်လောက် ပံ့ပိုးရ မယ်။ မပံ့ပိုးနိုင်ရင် ကျနော်တို့ဘဝ ပြန်လည်ထူထောင်ရေးအတွက် သိပ်မလွယ်ဘူး။ ဟိုမှာပြန်နေရင် စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးလည်း လိုတယ်။ ဘဝလုံခြုံရေးကတော့ အဓိကပဲ။ သူများလာနှောင့်ယှက်ရင် ကျနော်တို့ဘယ်လို လုပ်မလဲ။ ဒီအာမခံချက်ရှိရင်တော့ ကိုယ့်ရွာ ကိုယ့်နယ်မြေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ချင်တာပေါ့။ ကျနော်တို့အတွက် လုံခြုံမှုမရှိရင်တော့ လူထုက ပြန်မနေရဲဘူးလေ။”
ဝန်ကြီး ဒု-ဗိုလ်ချုပ်သိန်းဌေးက အီးယူကော်မရှင်နာနဲ့ တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေးနဲ့ပတ်သက်နေတဲ့ ဒုက္ခသည်တွေအတွက် သူ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ ပြောသွားသလို ဒုက္ခသည်တွေ လုံခြုံမှုရရှိရေးကိစ္စကိုလည်း အာမခံပြောဆိုမသွားပါဘူး။
အီးယူကော်မရှင်နာကတော့ ပြည်တော်ပြန်မယ့် ဒုက္ခသည်တွေရဲ့ လုံခြုံမှုအာမခံနိုင်ရေး အတွက် UNHCR က ပါဝင်စီစဉ်ပေးဖို့ နေးရှင်းသတင်းစာကတဆင့် တိုက်တွန်းနှိုးဆော်သွားပါတယ်။
ထိုင်းနိုင်ငံ ပြည်ထဲရေးဌာန၊ ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးနဲ့TBBC (Thai-Burma Border Consortium) ခေါ် ဒုက္ခသည်စောင့်ရှောက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည် တသိန်းခွဲလောက် ရှိနေပါတယ်။
ထိုင်းနိုင်ငံ နယ်စပ် သစ်တောဒေသတွေမှာ နှစ် ၂၀ ကျော်ကြာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေ ရှင်းလင်းသွားရေးအတွက် ဒုက္ခသည်တွေ မိမိနေရင်းတိုင်းပြည်ကို ကောင်းကောင်းမွန်မွန် ပြန်သွားနိုင်ကြတာကို လိုလားကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
