အိုင်အက်စ်ထိန်းချုပ်မြို့ကို အီရတ်စစ်တပ် ပြန်လည်သိမ်းပိုက်

အီရတ်စစ်တပ်က  အိုင်အက်စ်ထိန်းချုပ် ဖာလူဂျာမြို့တွင်းကို ၀င်ရောက်နိုင်ပြီလို့ စစ်တပ်က ဇွန် ၁၇ ရက်နေ့မှာ ပြောပါတယ်။ အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့ကို ပြန်သိမ်းဖို့အတွက် အီရတ်စစ်တပ်ဟာ အမေရိကန် စစ်ကူတွေနဲ့အတူ လေးပတ်ကြာ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဇွန် ၁၇ နေ့မှာတော့ မြို့တွင်းကို သိမ်းပိုက်လိုက်ပြီလို့ အီရတ်ဝန်ကြီးချုပ် အယ် အဘာဒီက ကြေညာပါတယ်။ အစိုးရစစ်တပ်တွေဟာ စစ်သွေးကြွတွေ သိမ်းထားတဲ့ မြို့တွင်းက တခြား အစိတ်အပိုင်းတွေကိုလည်း သိမ်းပိုက်ဖို့ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။ နာရီပိုင်းအတွင်းမှာပဲ မြို့သိမ်းတိုက်ပွဲ ပြီးဆုံးတော့မယ်လို့ ၀န်ကြီးချုပ်က နိုင်ငံပိုင် ရုပ်မြင်သံကြားက တဆင့် မိန့်ခွန်းပြောပါတယ်။ ဖာလူဂျာမြို့ဟာ အိုင်အက်စ်အဖွဲ့က အစောဆုံး သိမ်းပိုက်ခဲ့တဲ့ မြိုဖြစ်ပြီး မြို့တော် ဘဂ္ဂဒတ်ကနေ နာရီဝက် ကားမောင်းသွားရင် ရောက်ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ လေကြောင်းပစ်ကူတွေနဲ့အတူ အီရတ်တပ်ဖွဲ့က မြို့ကို ပြန်သိမ်းပိုက်လိုက်ပြီး အီရတ်နိုင်ငံအလံကိုလည်း အစိုးရ အဆောက်အအုံတွေပေါ်မှာ ပြန်လည် လွှင့်ထူထားလိုက်ပြီလို့ စစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်စ် ကာတာကလည်း အီရတ် တပ်ဖွဲ့တွေ မြို့ကို သိမ်းပိုက်လိုက်တဲ့အကြောင်း၊ တချို့အပိုင်းတွေကို ပြန်သိမ်းရဦးမှာဖြစ်လို့ စစ်ဆင်ရေး မပြီးသေးဘူးလို့ ကြေညာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up