Home
မေးမြန်းခန်း
ဥပဒေကို ကျူးလွန်ပြီး ပါမစ်မရှိဘဲ ဆောက်နေတဲ့ ဟာတွေကတော့ သွားနေဆဲပဲ - ဦးဌေးအောင်
မျိုးဇော်လင်း
·
June 18, 2016
ရန်ကုန်မြို့မှာ လက်ရှိ ဆောက်လုပ်ထားတဲ့ ကန်ထရိုက်တိုက်တွေ ခိုင်ခန့််မှုမရှိတာ၊ တချို့ပြိုကျတာတွေ တွေ့ရပါတယ်။ အဆောက်အဦဆောက်လုပ်မယ့် ကန်ထရိုက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လို စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းတွေ လုပ်သင့်တယ်၊ ရန်ကန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာန အနေနဲ့ အဆောက်အဦ အရည်အသွေးပိုင်း စစ်ဆေးမှုတွေ၊ စည်းမျဉ်းစည်းကမ်း ချမှတ်မှုတွေ ဘယ်လိုလုပ်သင့်တယ်၊ စတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ အထပ်မြင့်ကော်မတီ ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ ဦးဌေးအောင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အန်ကယ်က စည်ပင်သာယာရေးကော်မတီမှာ အထပ်မြင့်ကော်မတီဥက္ကဋ္ဌ လုပ်ခဲ့တယ်ဆိုတော့ အခုလက်ရှိ အဆောက်အဦတွေနဲ့ ပတ်သက်ပြီးတော့ တချို့နေအိမ်တွေမှာ ခိုင်ခံ့မှုမရှိဘူးဆိုတာ တွေ့ရတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ဆောင်ရွက်ခဲ့လဲ ရှင်းပြပေးပါဦး။ ဖြေ - အင်ဂျင်နီယာဌာန အဆောက်အအုံက ကိုင်တွယ်တဲ့ ရှစ်ထပ်ခွဲအောက် အဆောက်အဦကိစ္စတွေနဲ့ ပတ်သက်လို့ စံချိန်စံညွှန်းပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ နောက်ပြီးတော့ အဲဒီမှာ ကန်ထရိုက်ဆောက်နေတဲ့ လုပ်ငန်းတွေက တော်တော်များတယ်။ အထူးသဖြင့် ရန်ကုန်မြို့ရဲ့ ကန်ထရိုက် အဆောက်အဦတွေ တော်တော်များများက ရှစ်ထပ်ခွဲအောက် လေးထပ်၊ အဲဒီကြားထဲမှာရှိတဲ့ အထပ်တွေ တော်တော်များများက ကန်ထရိုက်တွေ ဆောက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကန်ထရိုက်တွေ ဆောက်တဲ့နေရာမှာ စံချိန်စံညွှန်း လိုအပ်ချက်တွေက တော်တော့်ကို များများရှိနေတယ်။ မေး - ဒီ စံချိန်စံညွှန်းမမီတဲ့ ကန်ထရိုက်တာတွေ၊ ကန်ထရိုက်တိုက်တွေ ပေါ်လာတဲ့အခါမှာ ဘာကြောင့် ဒီလိုပေါ်လာရလဲပေါ့။ ပြီးခဲ့တဲ့အစိုးရခေတ်၊ နောက် ခုချိန်ထိလည်း ရှိနေတုန်း ဆိုတော့။ ဖြေ - အဆောက်အဦဆောက်တဲ့ ကန်ထရိုက်အပိုင်းကလည်း အကျိုးအမြတ်တခုတည်းကို အဓိကထား ကြည့်တယ်ပေါ့။ ကန်ထရိုက်တွေ တော်တော်များများကလည်း အင်ဂျင်နီယာတွေ မဟုတ်ဘူး။ ဒါကို စီးပွားဖြစ်လုပ်စားတဲ့ ပုဂ္ဂိုလ်တွေ များတယ်။ အင်ဂျင်နီယာက ရာခိုင်နှုန်းနည်းတယ်။ အင်ဂျင်နီယာဆောက်တဲ့ အဆောက်အဦတွေကတော့ စံချိန်စံညွှန်း လျော့တဲ့အပိုင်း မရှိဘူး။ အင်ဂျင်နီယာ ဆိုတာကတော့ နားလည်ကျွမ်းကျင်တဲ့အတွက် ခိုတဲ့အပိုင်း၊ အဆောက်အဦ အန္တရာယ်ဖြစ်လောက်တဲ့ အပိုင်းမျိုးကို သူတို့က အဓိကထားပြီး လုပ်တဲ့အတွက် အန္တရာယ်သိပ်မရှိဘူး။ အင်ဂျင်နီယာမဟုတ်တဲ့သူတွေ ဆောက်တဲ့အပိုင်းမှာတော့ အမြတ်ရရေးကို ဦးစားပေးတယ်။ နောက်တခုရှိတာက အဲဒီနေရာမှာ ပညာမတတ်ဘဲနဲ့ ရိုးရိုး သာမန် လက်သမား၊ ပန်းရံ၊ သံချည်သံကွေးလို လူက တက်ပြီးတော့ ကန်ထရိုက်လုပ်တာမျိုးတွေရှိတယ်။ အဲဒီလိုဟာတွေက တော်တော်များများ တွေ့နေရတယ်။ ဒါကြောင့်မို့ အဲဒီအဆောက်အဦတွေ တော်တော်များများက အန္တရာယ်ရှိတယ်။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းဖို့ကလည်း လိုအပ်ချက်တွေ အများကြီးရှိတယ်။ စည်ပင်သာယာကလည်း၊ ပေးတဲ့ဌာနကလည်း စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းတွေနဲ့ ပေးတယ်ဆိုပေမယ့် တကယ်တမ်း မြေပြင်မှာ ဆောက်တဲ့အခါမှာ တိတိကျကျ အရေးယူဆောင်ရွက်တဲ့အပိုင်း လျော့နည်းတာတွေပါတယ်။ ဒီလိုအပိုင်းတွေကြောင့် ဒီအဆောက်အဦတွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်တွေ၊ ပြဿနာတွေ အများကြီးရှိနေတယ်။ မေး - ဥပမာအနေနဲ့ပြောရရင် အန်ကယ်တို့ ထမ်းဆောင်ခဲ့တဲ့ကာလမှာ ဘယ်လိုမျိုးတွေ တွေရှိရလဲ။ ဖြေ - တကယ်တော့ ရှစ်ထပ်နဲ့အောက်က ဦးအနေနဲ့ စစ်ဆေးပိုင်ခွင့် တာဝန်မရှိဘူး။ တာဝန်မရှိပေမယ့်လည်း ဦးက အရှေ့ပိုင်းခရိုင်ရဲ့ တာဝန်ခံတယောက်အနေနဲ့ အရှေ့ပိုင်းခရိုင်ထဲမှာ သွားလာရင်းနဲ့ ဒီလိုဆောက်နေတဲ့ အဆောက်အဦတွေကို ဦးကိုယ်တိုင် တွေ့တဲ့အခါမှာ စံချိန်စံညွှန်း မမီဘူးဆိုတာသိလို့ ဦးကိုယ်တိုင် ၀င်ပြီးစစ်တဲ့အခါမျိုးတွေ ရှိတယ်။ စစ်ပြီးတော့ သက်ဆိုင်ရာ အဆောက်အအုံဌာနကိုတော့ အကြောင်းကြားတာပေါ့လေ။ ကြားပေမယ့် ဒီဟာတွေက တကယ်တမ်းကျတော့ ထိထိရောက်ရောက် ဖြစ်မလာဘူး။ ဖြစ်မလာဘူးဆိုတဲ့ အပိုင်းကလည်း မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ စစ်ဆေးရေးအင်ဂျင်နီယာ တယောက်ကတော့ ရှိတယ်။ အဲတော့ အဲဒီအင်ဂျင်နီယာကိုလည်း ထိရောက်တဲ့ အရေးယူမှု  မရှိဘူး။ အဲဒီအင်ဂျင်နီယာကလည်း ဆောက်တဲ့သူတွေအပေါ်မှာ ထိရောက်တဲ့ အရေးယူမှု မရှိဘူး။ ဒီအင်ဂျင်နီယာကလည်း သိတယ်။ ဒီအဆောက်အဦ ဆောက်နေတာသည် လိုင်စင်အင်ဂျင်နီယာလည်း မဟုတ်ဘူး၊ လိုင်စင်ကန်ထရိုက်တာလည်း မဟုတ်ဘူး။ လက်မှတ်ဝယ်ပြီးတော့ ဆောက်နေတဲ့ လက်သမားခေါင်း၊ ပန်းရံခေါင်းက ဆောက်နေတယ်။ သို့မဟုတ်ရင်လည်း အပြင်ကန်ထရိုက်လုပ်စားတဲ့ သာမန်စီးပွားရေးတယောက်က သုံးလေးလုံး ဆောက်နေတယ်ဆိုတာ သူတို့သိတယ်။ သိတဲ့အခါမှာ ဒီအရည်သွေးပိုင်း ထိန်းသိမ်းရမယ့် တာဝန်ဟာ ဒါ စစ်ဆေးရေးအင်ဂျင်နီယာရဲ့ တာဝန်ဆိုတာ သူ့မှာ တာဝန်ရှိတယ်။ ဒီလိုတာဝန်ရှိပေမယ့် ဒါတွေကို တိတိကျကျ မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ ကန်ထရိုက်ကလည်း ငွေကြေးပေါ့၊ Corruption ခေါ်တာပေါ့။ ဒီလိုအပိုင်းတွေ တော်တော်များများနဲ့ပဲ အဆောက်အဦတွေကို ဆောက်လာတာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဒဏ်ကြေးတွေ မြင့်လာတယ်။ ဒဏ်ကြေးတွေ မြင့်လာတဲ့ အခါကျတော့ ဒဏ်ကြေးတွေကို ပေးနိုင်အောင်လို့ ကန်ထရိုက်ကလည်း အဆောက်အဦကို ခိုတာတွေ လုပ်လာတာပေါ့။ ဒါကြောင့်မို့လို့ အန္တရာယ်ရှိတဲ့ အဆောက်အဦတွေ များလာတယ်။ ဒဏ်ငွေဆောင်ရတဲ့ အပိုင်းမှာလည်း ပါမစ်ကျဖို့အတွက် အချိန်ပေးရတာတွေကြောင့် မြန်မြန်ဆောက်မှ မြန်မြန်ပိုက်ဆံရမှာကိုး။ ဒီဟာကိုလည်း မြန်မြန်ပြီးချင်တဲ့အခါကျတော့ ဒဏ်ငွေကိုဆောင်ပြီးတော့ တွန်းဆောက်ကြတာပေါ့။ အချိန်ကြောင့်ပေါ့နော်။ ပါမစ်တစောင်ရဖို့ ဆိုတာလည်း မှန်မှန်ကန်ကန် သူ့ Step က အများကြီးဖြစ်တဲ့အခါကျတော့ ဒါကို မစောင့်နိုင်ကြဘူး။ လုပ်ငန်းရှင်ဆိုတာက ငွေကြေး၊ အချိန်၊ ဒါ အင်မတန်တန်ဖိုးရှိတယ်။ အဲတော့ သူတို့က ဒဏ်ငွေဆောင်ရမယ်ဆိုရင်လည်း ဒဏ်ငွေနဲ့ ငွေကြေးနဲ့ အချိန်နဲ့ တွက်ပြီးတော့ ဒဏ်ငွေဆောင်ရမှာ သိပ်မများဘူး၊ သူတို့ရဲ့အကျိုးအမြတ်က အရေးကြီးတယ်။ မြန်မြန်ပြီးဖို့ အရေးကြီးတယ်။ ဒီလိုမျိုး တွက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ ဘယ်ဟာသာလဲပေါ့နော်။ ဘယ်ဟာရှုံးမလဲ၊ ဘယ်ဟာမြတ်မလဲပေါ့။ မြန်မြန်ပြီးပြီ၊ မြန်မြန်ငွေပေါ်မယ်။ တွက်ခြေလည်း ကိုက်မယ်ဆိုရင် ဒဏ်ဆောင်လို့ တွက်ခြေကိုက်ရင် ဒဏ်ဆောင်ပြီး ဆောက်တာပဲ။ ဒါ လုပ်ငန်းရှင်ရဲ့ သဘာဝလေ။ ဒီလိုမျိုးမဖြစ်အောင်လည်း ဌာနက မထိန်းသိမ်းနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဌာန စည်းမျဉ်းစည်းကမ်းအရ ပါမစ်တစောင်ရဖို့ဆိုတာ Step တွေက အများကြီးပဲ။ ကိုယ်တို့လည်း ဒီဟာကို လျှော့ချခဲ့တယ်။ ဒါကလည်း ဒီဇိုင်းစစ်ဆေးတဲ့အပိုင်းမှာ၊ ဒီဇိုင်းစစ်ဆေးတာ ကြာတယ်။ ကြာတဲ့အခါကျတော့ တကယ့်ဒီဇိုင်းတွက်တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာကြီးတွေ သူတို့ရဲ့ဒီဇိုင်းဆိုရင် မစစ်ဆေးဘူး၊ သူတို့အာမခံချက်နဲ့ဆိုရင် ခွင့်ပြုတယ်ဆိုတဲ့ အဆင့်အထိ၊ ၁၆ ယောက်လား ၁၈ ယောက်လား ပေးထားတာရှိတယ်။ သူတို့ဒီဇိုင်းတွေဆိုရင် ခွင့်ပြုတယ်ဆိုပြီးတော့ စစ်ဆေးတဲ့အဆင့် မလုပ်တော့ဘူး။ သူတို့ အာမခံရင် ကိုယ်တို့က အဲဒီအဆောက်အဦပါမစ်ကို မြန်မြန်ချပေးလိုက်တယ်။ ဒီလိုမျိုး မြန်အောင်တော့ လုပ်ပေးတဲ့ အဆင့်တွေ ကြိုးစားပြီးတော့ ပြောင်းလဲပြီးတော့ Step by Step လုပ်ပေးနေပေမယ့် လုပ်ငန်းရှင်ကတော့ မရဘူး။ လုပ်ငန်းရှင်က သူတို့ကတော့ မြန်မြန်ပြီးချင်တယ်။ မြန်မြန်မြတ်ချင်တယ်။ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံတဲ့ အပိုင်းကတော့ သွားနေဆဲပေါ့နော်။ ဥပဒေကို ကျူးလွန်ပြီးတော့ ပါမစ်မရှိဘဲနဲ့ ဆောက်နေတဲ့ ဟာတွေကတော့ သွားနေဆဲပဲ။ ဒဏ်ငွေတွေမြှင့်ရမယ်။ နောက်ပြီးတော့ ဒီလို မဆောက်အောင်လို့ ထိရောက်တဲ့ တားမြစ်မှုတွေ လုပ်ရမယ်။ ဒဏ်ငွေတသောင်းဆိုရင် ဆောင်နိုင်တယ်လေ။ တလလုံးမှ သုံးသိန်းလောက်ပဲ ကျတာဆိုတော့။ ဒီလိုမျိုးတွေပေါ့နော်။ ဒဏ်ငွေဆောင်ရင်လည်း ဆောင်လို့မရနိုင်အောင်။ အဆောက်အဦကိုလည်း ဆက်ဆောက်လို့မရအောင် တားမြစ်တဲ့ဟာတွေ တားမြစ်ရမှာပဲ။ ထိထိရောက်ရောက် လုပ်ရမှာပေါ့။ ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုရင်တော့ ဒီပြဿနာတွေက ဘယ်တော့မှလည်း အေးမှာမဟုတ်ဘူး။ လမ်းလေးက ပေ ၂၀ ရှိတဲ့လမ်းလေးမှာ ရှစ်ထပ်တိုက်တွေ ပေးလိုက်တယ်။ ရှိတာမှ လမ်းလေးက ပေ ၂၀။ အိမ်ကလည်း ခြံစည်းရိုး ကပ်ဆောက်ထားတယ်။ နောက်ကို အများကြီးခွာဆုတ် မဆောက်ဘူး။ နောက် မြေညီထပ်မှာလည်း ကားပါကင်မပေးဘူး။ ဆိုရင် ဒီနေရာတွေမှာ လမ်းသွယ်လေးတင်မှာကို ကားကြပ်တဲ့ပြဿနာ  ဖြစ်လာမှာ။ ဒီလိုဟာတွေ ဖြစ်လာမယ်ဆိုတာလည်း ဦးတို့ မသိတာမဟုတ်ဘူး၊ သိတယ်။ ဒါပေမယ့် ဒါတွေသည် မူတွေ၊ ဥပဒေတွေကို ပြောင်းလဲဖို့ ပြင်ဆင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲတယ်လေ။ ခက်ခဲတယ်ဆိုတာ အဖွဲ့အစည်းတခုတည်း ရောက်သွားတဲ့အခါမှာ တယောက်တည်းဆုံးဖြတ်လို့ မရဘူးလေ။ အတိုက်အခံတွေ ရှိတယ်လေ။ နောက်ပြီးတော့ သက်ဆိုင်ရာ စီးပွားရေးသမားတွေက အတိုက်အခံတွေ ရှိတယ်လေ။ ဒီလိုပြင်လိုက်တာနဲ့ စီးပွားရေးသမားတွေကလည်း အများကြီး ပြဿနာ လုပ်ကြတယ်လေ။ ဒါကြောင့်မို့ ဒီဟာတွေဟာ မပြင်နိုင်ခဲ့ဘူးပေါ့။ တကယ်တမ်းက ပြင်ရမှာပေါ့။ ပြင်သင့်တာပေါ့။ ခြောက်ထပ်တိုက်လောက် ဆောက်မယ်ဆိုရင်၊ ဒီလိုပဲ လေးထပ်နဲ့အထက် ဆောက်မယ်ဆိုရင်ပဲ မြေညီထပ်တွေမှာ ကားပါကင် ပေးကိုပေးရမယ်။ မပေးလို့မရဘူး။ ကားပါကင် သတ်မှတ်ထားတဲ့ နေရာတွေ ရှိရင်တော့ တမျိုးပေါ့။ စီးပွားဖြစ် ကားပါကင်တွေရှိတယ် ဆိုရင်တော့ ဒီကားပါကင်မှာ ကားထားမယ်။ ဒါကြောင့်မို့ ဒီဟာကို ဆောက်ခွင့်ပေးပါ ဆိုရင်တော့ တမျိုးပေါ့။ ဗမာပြည်မှာလည်း သီးခြား ကားပါကင် မရှိဘူးလေ။ မရှိတဲ့အခါကျတော့ ဒီကားပါကင်မှာ ကားထားပါမယ်ဆိုတဲ့ လက်မှတ်ကလည်း မရနိုင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်ဆောက်တဲ့ တိုက်အောက်မှာပဲ ကားထားတဲ့အဆင့်မျိုး သွားရမယ်။ ဒါပေမယ့် ရန်ကုန်တမျိုးလုံးက လက်ရှိ ရှိနေတဲ့ ဒီငါးနှစ်အတွင်းမှာ ချပေးလိုက်တဲ့ဟာ လေးထပ်နဲ့အထက် အဆောက်အဦဟာ ၈၀၀၀ ကျော်ရှိတယ်။ ဒီ ၈၀၀၀ ကျော်မှာ အခန်းပေါင်း ဘယ်လောက်ဖြစ်လာမလဲ။ အဲဒီအခန်းပေါင်း ဘယ်လောက်ကိုမှ ကားပေါင်းဘယ်လောက် လမ်းတိုင်းလမ်းတိုင်းမှာ ကြပ်လာမလဲ။ နောင်မှာ ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်။ ဒါကြောင့်မို့ စနစ်တခုဟာ မဖြစ်မနေလုပ်ရမယ်။ လုပ်မယ့်စနစ်ကိုလည်း ကိုယ်ကကြိုဆိုတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ဆိုတဲ့ဟာပေါ့။ စနစ်တကျ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ဗမာပြည်ရဲ့ စံချိန်စံညွှန်းတွေနဲ့ ဗမာပြည်ရဲ့ အနေအထားနဲ့ ဒါတွေကို ချိန်ရမှာပေါ့။ နိုင်ငံခြားရဲ့ စံချိန်စံညွှန်းတွေနဲ့ချည်းလည်း တွက်ပြီးတော့ လုပ်လို့မရဘူး။ ကိုယ်တို့တိုင်းပြည်ရဲ့ အနေအထားနဲ့ အခြေအနေတွေပေါ် မူတည်ပြီးတော့လည်း Adjust လုပ်ရမှာပေါ့။ မေး - အခု ကျနော်တို့ အစိုးရသစ်ကလည်း ရက်တရာစီမံကိန်း လုပ်နေတဲ့အခါကျတော့ ဒီလိုကိစ္စတွေကို ဘယ်လိုဖြေရှင်းဖို့ လိုအပ်မလဲခင်ဗျ။ ဖြေ - အခုလောလောလတ်လတ်ပေါ့နော်။ လေးထပ်နဲ့အထက် အထပ်မြင့်ဆောက်တဲ့ ကိစ္စတွေကို ခဏ ယာယီရပ်ဆိုင်းထားတယ်။ အစိုးရအဖွဲ့ကနေပြီးတော့ ရပ်ဆိုင်းထားတယ်လို့ သိရတယ်။ ကိုယ်တို့ တာဝန်ထမ်းဆောင်ပြီးတဲ့ နောက်ပိုင်းပေါ့နော်။ ဒီဟာကို ဘယ်လိုပုံစံနဲ့ ပြန်ပြီးတော့ ဆောက်လုပ်ခွင့်တွေ ပေးမလဲ။ ဘယ်လိုမူဝါဒတွေ ချမှတ်မလဲ။ ဒါတော့ ပြည်သူကို ချပြဖို့လိုတယ်။ ပြည်သူကိုချပြဖို့ လိုတယ်ဆိုတဲ့ နေရာမှာ တချို့ကိစ္စတွေက အာဆီယံ စံချိန်စံညွှန်းနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ချိန်ထိုးလို့မရတဲ့ ကိစ္စတွေရှိတယ်။ ဥပမာပြောရရင်တော့ ရန်ကုန်မြို့လယ်ခေါင်က အရမ်းကျပ်တည်းနေတယ်။ မြေဈေးကလည်း အရမ်းကြီးတယ်။ ဒါကြောင့်မို့ ဒီနေရာတွေမှာ ဆောက်မယ့်လူသည် လေးထပ်တည်းပဲ ပေးမယ်ဆိုရင် ဘယ်လိုမှ တွက်ခြေကိုက်စရာ မရှိဘူး။ တွက်ခြေကိုက်စရာ မရှိဘူးဆိုရင် ဒီနေရာမှာ မဆောက်တော့ဘူး။ ဘာဖြစ်လို့ မဆောက်တော့ဘူးလဲပြောရင် လုပ်ငန်းရှင်က ဆောက်မှာမဟုတ်ဘူး။ မကိုက်ဘူးဆိုရင် သူက ဒီနေရာမှာ လုံးဝမဆောက်ဘူး။ မဆောက်ရင် ဘာဖြစ်မလဲ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျလာမယ်။ ရန်ကုန်မြို့လယ်ခေါင်မဟုတ်တဲ့ တခြားနေရာမှာကော ဒီစံချိန်စံညွှန်းတွေက ဘယ်လောက်အထိ သတ်မှတ်မလဲ။ သတ်မှတ်မယ်ဆိုရင် ဥပမာဆိုပါစို့ စည်ပင်သာယာက သတ်မှတ်ထားတာရှိတယ်။ မြေအောက်မှာ ကားပါကင်တူးမယ်။ မြေအောက်ကိုတူးမယ့် ကားပါကင်သည် ခြောက်ပေအောက်တူးပြီဆိုတာနဲ့ စည်ပင်သာယာရဲ့ စံချိန်စံညွှန်း အင်ဂျင်နီယာ အသင်းပေါ့နော်၊ CQHPS စံချိန်စံညွှန်းအရ မြေအောက်ကို ခြောက်ပေအောက် တူးလိုက်ပြီဆိုတာနဲ့ ရီတိန်းနင်းဝေါလ် ကာရမယ်။ ရှိပိုင်သော်လည်းကောင်း ဘိုးပိုင်သော်လည်းကောင်း ရိုက်ပြီးတော့ မြေထိန်းနံရံတွေ လုပ်ရမယ်။ မြေထိန်းနံရံလုပ်ရတဲ့ ကော့စ်က အဆောက်အဦးတလုံး ဆောက်တဲ့ဟာရဲ့ တ၀က်နီးပါးလောက်ပေါ့နော်။ လေးထပ်လောက်ဆောက်မယ်ဆိုရင် အဲဒီအဆောက်အဦ တ၀က်နီးပါးလောက် ကော့စ်က ကျနေတယ်။ ကားပါကင်ကလည်း ထည့်ရဦးမယ် မြေအောက်မှာ။ လေးထပ်လောက်ပဲ ဆောက်ရမယ်ဆိုရင် ဒီလိုအဆောက်အဦမျိုးကျတော့ မကိုက်တော့ဘူး။ မကိုက်ရင် ဆောက်မှာမဟုတ်ဘူးလေ။ ဒီလို မြေအောက်တူးပြီးဆောက်ရမယ့် အဆောက်အဦသည် ကော့စ်များတဲ့အတွက် မြေပေါ်မှာ အထပ်များများ ရဖို့လိုတယ်။ များများမရနိုင်ဘူးဆိုရင် မြေအောက်ကားပါကင်ကို ထည့်ပြီးတော့ ဆောက်မယ်ဆိုရင် ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ အထပ်နိမ့်နိမ့်ပေးတဲ့အတွက် ဒီလိုမျိုးတွေပေါ့နော်။ ဒါကြောင့်မို့လို့ ဘယ်လိုနေရာတွေကို ပေးမလဲ။ ဘယ်လိုနေရာတွေမှာတော့ ဘယ်လောက်အထပ်ထိ ပေးမလဲဆိုတဲ့ဟာက ဥရောပတို့ ဘာတို့က စံချိန်စံညွှန်းတွေနဲ့ ချိန်ထိုးလို့တော့ မရဘူး။ ဥရောပမှာတော့ တမျိုးပဲ။ အနောက်နိုင်ငံတွေကတော့ တကယ့်ကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ သွားနေတာဆိုတော့။ သူတို့နိုင်ငံတွေရဲ့ စံချိန်စံညွှန်းနဲ့ တွက်မယ်ဆိုရင် အာဆီယံနိုင်ငံတွေမှာ အဲလိုသွားလို့ မရဘူး။ အာဆီယံနိုင်ငံမှာတော့ နည်းနည်းလေး မြင့်တယ်။ မြင့်တယ်ဆိုတာ အာဆီယံနိုင်ငံမှာ စီးပွားရေးဈေးကွက် ရှိတဲ့နေရာတွေမှာ လူနေသိပ်သည်းတယ်။ သိပ်သည်းတဲ့အတွက် ဒီနေရာတွေဟာ အမြဲတမ်းပဲ ဒန်စတီတွေက မြင့်တယ်။ ဒါကြောင့်မို့ ဒီဒန်စတီတွေကို ဥရောပ စံချိန်စံညွှန်းတွေနဲ့ ချိန်ထိုးပြီး ချမယ်ဆိုရင် ဘယ်လိုမှ ဆောက်လို့ရကြမှာ မဟုတ်တော့ဘူး။ ဒါလေးလည်း နည်းနည်းလေး ညှိနှိုင်းဖို့ လိုတာပေါ့နော်။ ပြည်သူတွေကို ချပြမယ်။ လုပ်ငန်းရှင်တွေကို ချပြမယ်။ ဒါတွေကို ညှိနှိုင်းပြီးတော့ ဘယ်လိုအနေအထားမျိုးမှာ သတ်မှတ်သင့်သလဲဆိုတာ လုပ်ဖို့သင့်တာပေါ့နော်။ ပညာရှင်တွေကချည်းပဲ သူတို့ရဲ့ လိုအပ်တဲ့ စံချိန်စံညွှန်းတွေနဲ့ချည်းပဲ သတ်မှတ်လို့မရဘူး။ ပညာရှင်တွေက သူတို့ရဲ့ လိုအပ်တဲ့ စံချိန်စံညွှန်းတခုတည်းကိုပဲ စဉ်းစားပြီး သတ်မှတ်မယ်ဆိုရင် တဘက်က လုပ်ငန်းရှင်တွေနဲ့ အတိုက်အခံ ဖြစ်လာမယ်။ အတိုက်အခံဖြစ်တာထက် လုပ်ငန်းရှင်တွေကလည်း စီးပွားရေးသမားတွေ ဖြစ်တဲ့အတွက် သူတို့က မကိုက်ရင် မဆောက်တော့ဘူးလေ။ မဆောက်တော့ဘူးဆိုရင် တိုက်ခန်းဈေးတွေ တက်လာနိုင်တယ်။ နောက်တချက်က အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်လာနိုင်တယ်။ ဒါ ချိန်ထိုးရမယ့်ဟာတွေ ပြောတာပါ။ ကုန်သည်ဘက်က လိုက်ပြောတာလည်း မဟုတ်ဘူး။ အစိုးရဘက်ကိုလည်း အတိုက်အခံလုပ်ပြောတာ မဟုတ်ဘူး။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကောင်းကျိုးတွေပေါ့။ ဦးကိုယ်တိုင်က စံချိန်စံညွှန်းကို ကြိုက်တဲ့သူ၊ စံချိန်စံညွှန်းအတိုင်း လုပ်ချင်တဲ့သူ။ သို့သော် လုပ်လို့မရနိုင်တဲ့ဟာတွေ ရှိတယ်လေ။ ဒါကြောင့်မို့ ဒါကို နှစ်ဘက်ပေါ့၊ စီးပွားရေးသမားတွေရဲ့ လိုအပ်ချက်ကို ဘယ်လိုနားလည်အောင် ပြောမလဲ၊ သူတို့ကိုလည်း ဘယ်လိုလိုက်နာလာအောင် ညှိနှိုင်းမလဲဆိုတဲ့ ညှိနှိုင်းမှုအနေနဲ့တော့ လုပ်ဖို့လိုတယ်။ ပညာရှင်တွေကချည်းပဲ သူတို့လိုချင်တဲ့ စံချိန်စံညွှန်း တခုတည်းကို မူချပြီးတော့ သတ်မှတ်လိုက်ရင် စီးပွားရေးလုပ်ငန်းရှင်က မကိုက်ဘူး၊ မကိုက်ရင် မဆောက်ဘူး၊ ရပ်ထားလိုက်မယ်။ ဒီလိုရပ်တဲ့ အဆောက်အဦတွေ များလာရင်၊ လုပ်ငန်းတွေများလာရင် နိုင်ငံတော်က ဒီအလုပ်သမားတွေအတွက် အလုပ်အကိုင်  အခွင့်အလမ်း ဖြေရှင်းပေးဖို့အတွက် နိုင်ငံတော်က ဆောက်ပေးတဲ့ ပရောဂျက်တွေ၊ နိုင်ငံတော်က တန်ဖိုးနည်းအိမ်ရာတွေ များများဆောက်ပေးရမယ်။ နိုင်ငံတော်က သူ့စံချိန်စံညွှန်းနဲ့ညီတဲ့ ပရောဂျက်တွေ များများဖန်တီးပေးရမယ်။ အဲလို များများဖန်တီးပေးမှ တဘက်က အလုပ်သမားတွေ အခွင့်အရေး ပေါ်လာမယ်။ တဘက်က စီးပွားရေးသမားက မကိုက်လို့ ရပ်သွားရင်လည်း ကိစ္စမရှိဘူး။ ဂရုစိုက်စရာမလိုဘူး။ ဒါ သူ့ဘာသူ စီးပွားရေးသမားက မကိုက်လို့မဆောက်တာ။ ရပ်ထား ကိစ္စမရှိဘူး။ တဘက်က အစိုးရက အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ ဒီလိုအဆောက်အဦတွေ၊ အစိုးရပရောဂျက်တွေ၊ အိမ်ရာစီမံကိန်းတွေ များများဆောက်ပေးရမယ်။ အဲလိုမဆောက်ပေးဘဲ Balance မလုပ်ဘူးဆိုရင် ပြဿနာရှိတယ်။ ပြဿနာရှိတယ်ဆိုတာ စီးပွားရေးသမားကတော့ ဘာပြဿနာမရှိဘူး။ မကိုက်ရင် မဆောက်ဘဲ ရပ်ထားလိုက်ရုံပဲ။ သူကတော့ ဘာဒုက္ခမှ မရောက်ဘူး။ ဒါပေမယ့် သူ့ကိုမှီခို ဆက်နွယ်နေတဲ့ ကျန်တဲ့လုပ်ငန်းတွေပေါ့။ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတွေ၊ လက်သမားလုပ်ငန်းတွေ၊ သံချည်သံကွေးလုပ်ငန်းတွေ၊ နောက်ဆုံးပြောရရင် နိုင်ငံခြားကသွင်းတဲ့ သံသွင်းတဲ့သူကအစ၊ ဘိလပ်မြေသွင်းတဲ့သူကအစ အဆောက်အဦ ဆောက်လုပ်တဲ့ လုပ်ငန်းတွေ ကျသွားတာနဲ့အမျှ သွင်းတဲ့သူကလည်း မကိုက်ရင် မသွင်းတော့ဘူး။ ဒါတွေ အရောင်းအ၀ယ်တွေကအစ ကျန်တဲ့ ခရိုက်တီးရီးယားတွေ အများကြီးပဲလေ။ ဒါတွေက နောက်ဆက်တွဲ ဖြစ်လာနိုင်တယ်ပေါ့။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024