Home
မေးမြန်းခန်း
ထိုင်းရောက်မြန်မာလုပ်သား ၄ သန်းကို အစိုးရက စနစ်တကျကူညီသင့်တယ် - ဦးကျော်သောင်း
အေးနိုင်
·
June 17, 2016
အစိုးရသစ်အနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအရေးကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာကူညီပေးဖို့ လိုအပ်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်သံရုံးမှာ အလုပ်သမားသံအရာရှိထားပေးတယ်ဆိုပေမယ့် များပြားလှတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲပြဿနာတွေကို ပြေလည်ဖို့အတွက် ဒီထက်ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေး လုပ်ဆောင်မှုတွေ လုပ်ဖို့လိုနေပါတယ်။ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသ မ၅၉ သန်း တရားဝင် မှတ်ပုံတင်ပြီး နောက်ထပ် ၂ သန်းလောက်က မှတ်ပုံမတင်ကြဖူးလို့ သိရပါတယ်။ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းကို ဆက်သွယ် မေးမြန်းပါတယ်။ အစိုးရသစ်လက်ထက်မှာ ပြည်ပရောက်အလုပ်သမားတွေနဲ့ပတ်သက်လို့ ဆက်စပ်ကူညီ ဆောင်ရွက်လို့ရအောင် အမျိုးသားလွှတ်တော်က ကော်မတီတရပ် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးတို့ ဦးဆောင်လုပ်နေကြတယ်လို့သိရတယ်။ သူတို့နဲ့ ပြင်ပနိုင်ငံတွေရောက်နေတဲ့ ဦးကျော်သောင်းတို့လို့ အလုပ်သမားအဖွဲ့အစည်းတွေ ဘယ်လိုဆက်စပ်လုပ်နေကြလဲ။ “ဦးကျော်ထွေးနဲ့ ကျနော်နဲ့ တိုက်ရိုက်လူချင်းတော့ မတွေ့ဖူးဘူး။ ကော်မတီဖွဲ့ပြီးကတည်းက အီးမေးလ်နဲ့ အဆက်အစပ်ရှိပါတယ်။ ထိုင်းဘက်က အလုပ်သမားတွေ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ အစိုးရရဲ့ လိုအပ်ချက်တွေ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေကို ကျနော် စဉ်ဆက်မပြတ် ပြည်ပသတင်းအချက်အလက်တွေ သူ့ကိုပေးနေတာရှိပါတယ်။ သူကလည်း မေတ္တာရပ်ခံပြီးတော့ တောင်းခံတယ်၊ ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေကို ပေးပါဆိုပြီးတော့။ ဒီဘက်မှာ လိုအပ်ချက်တွေကိုလည်း ကျနော်တင်ပြတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်ထိတော့ အစိုးရသစ်လက်ထက်မှာ ဒီဘက်က အလုပ်သမားတွေအတွက် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် ဆိုတဲ့ပုံစံမျိုး အခုထက်ထိ စနစ်တကျပြောလာတာလည်း မရှိသလို အစီအစဉ်ခင်းကျင်းချထား လည်း မရှိသေးဘူးဗျ။” တလောက ထိုင်းဝန်ကြီးချုပ်ရဲ့အထူးသံတမန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ခရီးစဉ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က ထိုင်းရောက် မြန်မာနိုင်ငံသား တွေ အရေးကိစ္စကို အလေးပေးပြောဆိုခဲ့တယ်။ မကြာခင်လည်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံလာမယ်ဆိုတော့ မြန်မာအလုပ်သမားရေး ဘာဖြစ်စေ၊ ပြောစချင်လဲ။ “အဓိကကတော့ အခုဖြစ်ပျက်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ တရားဝင်နေထိုင်ခွင့် ပေါ်မှာ မတရားသဖြင့် ခေါင်းပုံဖြတ်နေတဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့လိုတယ်။ ဒုတိယ အချက်အနေနဲ့က ၀န်ထုပ်ဝန်ပိုးသဖွယ်ဖြစ်နေတဲ့ ဒီနေထိုင်ခွင့်ကိစ္စကို တိုရှင်းလိုရင်း သက်သာ မြန်ဆန်တဲ့ နည်းလမ်းနဲ့ သွားဖို့လိုတယ်။ ဖြစ်နိုင်လို့ရှိရင် ပြည်ဝင်ခွင့်ဗီဇာ အရမ်းခက်ခဲတဲ့ စင်ကာပူနိုင်ငံကို တလတာ နေထိုင်ခွင့် လည်ပတ်ခွင့် ခွင့်ပြုချက်ရနိုင်အောင် ဒေါ်စုရဲ့ အရည်အချင်းအရ လူတွေ မမျှော်လင့်တဲ့ကိစ္စတောင်မှ ညှိနှိုင်းတိုင်ပင်နိုင်တယ်။ ဥပမာ- ကျနော် မျှော်လင့်တာကတော့ သူများတွေတော့ မျှော်လင့်ချင်မှ မျှော်လင့်တာပေါ့။ ဒါပေမယ့်လို့ ဖြစ်လာခဲ့လို့ရှိရင်တော့ ကံပေါ့ဆိုပြီးတော့ ကျနော့်စိတ်ထဲမှာ ထူးထူးခြားခြားတခုတော့ရှိတယ်။ ဘာလဲဆိုတော့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်ပရာယွတ်နဲ့တွေ့တဲ့ အခါပဲဖြစ်စေ၊ ထိုင်းဘုရင်နဲ့တွေ့တဲ့ အခါပဲဖြစ်စေ ဥပမာ - ကျမတို့ရဲ့နိုင်ငံဟာ ဒီနေ့ဒီအခါမှာ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်နေတယ်၊ ထိုင်းနိုင်ငံက ချမ်းသာတဲ့နိုင်ငံဖြစ်နေတယ်။ အလုပ်ရှင်နိုင်ငံလည်း ဖြစ်နေတယ်။ ဒီအတွက် ကြောင့် ချမ်းသာတဲ့ အလုပ်ရှင်နိုင်ငံအနေနဲ့ အခြေခံအလုပ်သမားတွေ ဒီတိုင်းပြည်မှာ အိမ်ရှင်နိုင်ငံ မလုပ်ချင်တဲ့အလုပ်တွေကို လာလုပ်တဲ့လူတွေအပေါ်မှာ နေထိုင်ခွင့်ဗီဇာတို့၊ အလုပ်လုပ်ပိုင်ခွင့်ပါမစ်တို့တွေဆိုပြီးတော့ မလုပ်ပါနဲ့။ နောက်ပြီးတော့ အကြီးစားခွဲစိတ်မှုက လွဲရင် သာမန်ကျန်းမာရေးစောင့်ရှောက်လို့ရတဲ့ ကိစ္စတွေဆိုရင်၊ အလုပ်သမားလူတန်းစား ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံသားနည်းတူ ပေးပါဆိုတဲ့ စကားတခု ပြောကြည့်လို့ရှိရင် ဒေါ်စုရဲ့ ရာဇပရိယာယ်အရဖြစ်စေ၊ ဒေါ်စုရဲ့ သံခင်းတမန်ခင်းကျွမ်းကျင်မှုအရဖြစ်စေ၊ ဖြစ်ကောင်းဖြစ်လာ နိုင်မလားလို့ ကျနော်တော့ နည်းနည်းတင်းပြီးတော့ တွေးတာတော့ရှိတယ်။ ဆိုတော့ ဒေါ်စုနဲ့ ကျနော်တို့ တွေ့ခွင့်ရဖို့ မရဖို့ဆိုတာ ဒီနေ့ဒီချိန်ထိတော့ မသေချာသေးဘူးဗျ။ လတ်တလော အခြေအနေတွေ အနေနဲ့ကတော့ ထိုင်းနိုင်ငံအတွင်းမှာ ယခင်ဦးသိန်းစိန်လက်ထက်ကလို ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို ကူညီစောင့်ရှောက်ဖို့အတွက် အလုပ်သမားသံအရာရှိ လွှတ်ထားပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့တော့ မရဘူးဗျ။ ၇၇ ပြည်နယ်မှာ တရားဝင်ရော၊ တရားမ၀င် ရောက ၃ ၊ ၄ သန်းလောက်ရှိနေတဲ့ အလုပ်သမားတွေကို စနစ်တကျကာကွယ်စောင့်ရှောက်ဖို့ ဆိုလို့ရှိရင် ဒီသံရုံးမဟုတ်ဘဲနဲ့ သီးသန့်၊ ဘယ်လိုပြောမလဲ technical team (နည်းပညာ အထောက်အကူပြုအဖွဲ့) လို့ခေါ်မလား။ ကျနော်တို့ဖက်က စနစ်တကျ ဒီအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေးကော်မတီ အစိုးရအနေနဲ့ နိုင်ငံတော်အဆင့်က ဖွဲ့ပြီးတော့မှ လူကုန်တားတို့၊ ပြန်လည်နေရာချထားရေး လူမှုဝန်ထမ်းဌာနတို့၊ အလုပ်သမားဝန်ကြီးဌာနတို့၊ ဒါ့အပြင် ကျနော်တို့ ဒီဘက်မှာ နှစ်ပေါင်းများစွာလုပ်နေကြတဲ့ အလုပ်သမားရေးဆောင်ရွက်တဲ့ ကျွမ်းကျင်သူတွေနဲ့၊ ရှေ့နေ ရှေ့ရပ်တွေနဲ့ ငွေကြေးရန်ပုံငွေတွေ သုံးစွဲပြီးတော့မှ စနစ်တကျ ကာကွယ်စောင့်ရှောက်မှသာလျှင် ထိုင်းနိုင်ငံထဲက အဖိနှိပ်ခံအခွင့်အရေးချိုးဖောက်ခံနေရတဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေ သက်တောင့်သက်သာဖြစ်သွားမယ်လို့ ယုံကြည်တယ်ဗျ။” ထိုင်းနိုင်ငံဘန်ကောက်က မြန်မာသံရုံးမှာ အစိုးရသစ်လက်ထက်မှာ အလုပ်သမား သံအရာရှိ ပြောင်းထားတယ်လို့ကြားရတယ်။ ထိုင်းနိုင်ငံတွင်းက အလုပ်သမားအရေးကို သူတယောက်တည်း၊ သူ့လက်ထောက်တယောက်စ နှစ်ယောက်စနဲ့ နိုင်ပါ့မလား။ “အခုလက်ရှိ အလုပ်သမားသံအရာရှိ ၂ ယောက်ရှိတယ်။ ပထမ နံပါတ် ၁ သံအရာရှိကတော့ ဦးမိုးအောင်ခိုင်၊ ဒုတိယအရာရှိကတော့ ဦးအောင်ကျော်သန်း။ ဒါပေမယ့် ဒီ ၂ ယောက်နဲ့က မရဘူး။ ဒီ ၂ ယောက်ရဲ့လာတဲ့အဓိကရည်ရွယ်ချက်က သူတို့ နှစ်နိုင်ငံအစိုးရ MOU (နားလည်မှုစာချွန်လွှာ) ထိုးထားတဲ့ အလုပ်သမားတင်သွင်းခြင်းကိစ္စနဲ့ ပွဲစားတွေနဲ့ကိစ္စကို သာလျှင် အစစ်အမှန်စာရွက်ဟုတ်သလား။ အလုပ်အမှန်တကယ် လိုအပ်သလားဆိုတဲ့ ကိစ္စမျိုး တွေမှာပဲ သူတို့လုပ်နေတာ တွေ့ရတယ်။ ထိုင်းကို သန်းပေါင်းများစွာ ရောက်နေတဲ့ အလုပ်သမား တွေ၊ အရင်တုန်းကရောက်နေတဲ့ အလုပ်သမားတွေရဲ့ အရေးကိစ္စတွေမှာ အလုပ်သမားတွေ၊ သံအရာရှိတွေနဲ့ ကူညီရိုင်းပင်းတာမျိုး ကျနော်တို့ကြားလည်းမကြားဘူး၊ မြင်လည်းမမြင်ဘူး။ နိုင်လည်းနိုင်မှာမဟုတ်ဘူး။ စောစောကပြောသလို သုံးသန်းကျော် လေးသန်းရှိတဲ့ အလုပ်သမားတွေကို အနည်းဆုံး အဆင့် ထိုင်းနိုင်ငံအနှံ့အပြား အစုအဖွဲ့လိုက်အများကြီး ရှိတဲ့နေရာ ၅ ခုလောက်မှာ ပေးပြီးတော့မှ အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီတွေ၊ ရုံးတွေဘာတွေနဲ့ လိုအပ်တဲ့ ရုံးအသုံး အဆောင်၊ ကားတွေကအစပေါ့။ နေ့တဓူဝ ဖြစ်လာတဲ့ပြဿနာတိုင်းကို အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အလယ်ပိုင်းအစရှိသည်ဖြင့် ငါးနေရာ၊ ငါးရုံးလောက်ကို စနစ်တကျခွဲပြီးတော့မှ မြန်မာအလုပ်သမားအရေးကို ကာကွယ်စောင့်ရှောက်မှသာလျှင် ဖြစ်မှာဖြစ်တယ်ခင်ဗျ။” တကယ်လို့ အဲသလိုအကောင်အထည်ဖော်ရင်၊ ကုန်ကျစရိတ်များရင် အလုပ်သမားတွေ ထံက သင့်တင့်လျောက်ပတ်တဲ့အခွန်အခမျိုး ပြန်ခေါက်မှရမယ့်သဘောဖြစ်တာပေါ့နော်။ “မလိုဘူးဗျ။ မလိုဘူးဆိုတာက ဒီမှာရှိတယ်။ ၂၀၁၂ ခုနှစ်တုန်းက ထိုင်းအစိုးရ ကနေပြီးတော့ ထိုင်းမှာရှိတဲ့ သန်းပေါင်းများစွာသော အလုပ်သမားတွေဆီကနေ အိမ်ပြန်ပို့ စရိတ်ဆိုပြီးတော့အလုပ်သမားတဦးချင်းစီကနေ ဘတ်ငွေ ၁ ထောင်စီကောက်ထားတယ်။ အဲဒီ ၁ ထောင်စီကောက်ထားတဲ့ပိုက်ဆံကို ဘယ်အလုပ်သမားကိုမှလည်း ပြန်မပေးဘူး။ ဘယ်အစိုးရ ကိုမှလည်း ပြန်မပေးဘဲနဲ့ ကျနော်တို့ဆီက ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလကား ကောက်ထားတဲ့ ပိုက်ဆံရှိတယ်။ အဲဒီမှာ ဘတ်ငွေ ဘီလီယံပေါင်းများစွာ ကျနော်တို့ဆီက ကောက်ထားတာရှိတယ်။ နောက်တခါ နိုင်ငံတကာအခင်းအကျင်းတွေ၊ အခြေအနေတွေအရ ကျနော်တို့ ကုလသမဂ္ဂဆီကဖြစ်စေ၊ နိုင်ငံတကာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ ဆီက ဖြစ်စေ၊ အိုင်အယ်လ်အို (နိုင်ငံတကာ အလုပ်သမားအဖွဲ့)က ဖြစ်စေ၊ ထိုင်းနိုင်ငံတွင်းမှာ သန်းပေါင်းများစွာသော အလုပ်သမားတွေဆီက ကာကွယ်ဖို့၊ ကူညီဖို့၊ စောင့်ရှောက်ဖို့အတွက် ရုံးခအတွက်က ဘယ်လောက်လိုလဲ၊ ရှေ့နေ ဘယ်နှစ်ယောက်အတွက်က ဘယ်လောက် လိုတယ်၊ ကားက ဘယ်နှစ်စီးလိုတယ်၊ ၀န်ထမ်းအတွက် ဘယ်လောက်လိုတယ်ဆိုတဲ့ ပရိုပိုဆယ် တောင်းရင်တော့ ရပါတယ်ဗျ။ ထိုင်းနိုင်ငံတွင်းမှာ လည်ပတ်နေတဲ့ အန်ဂျီအို ထက်ဝက်ကျော်လောက်ဟာ မြန်မာအလုပ်သမားဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အိပ်ခ်ျအိုင်ဗွီ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားအရေး၊ လူကုန်ကူးမှုကိစ္စဆိုပြီးမှပဲ ထိုင်းနိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ အန်ဂျီအိုတွေက ဗမာဆိုတဲ့အလုပ်သမားတွေပေါ်မှာ လက်ညှိုးထိုးပြီးတော့ အန်ဂျီအိုထောင်စား နေကြတာပဲဗျ။ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက ကျနော်တို့လို ပူးပေါင်းပြီးဖြစ်စေ၊ သီးခြားလွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်မယ် ဆိုလို့ရှိရင် နိုင်ငံ့ဘတ်ဂျက်က သုံးစရာမလိုပါဘူးဗျ။ လုပ်တတ်ဖို့နဲ့ လုပ်ချင်ဖို့ပဲလိုပါတယ်။ ဒါနဲ့ ထိုင်းနိုင်ငံက စက်ရုံတရုံမှာ မြန်မာအလုပ်သမားတွေအရေးကိစ္စ ဦးကျော်သောင်းတို့ ထိုင်းတာဝန်ရှိသူတွေနဲ့အတူ လိုက်ပါဆောင်ရွက်မယ် (စစ်ဆေး) မယ်ကြားလို့ အဲဒါပြောပြပါလား။ “အဲဒီကိစ္စက ဘာလဲဆိုတော့ အလွန်တရာ ရက်စက်တယ် ဗမာပြည်သားတွေရဲ့ တရားဝင်ခွင့်နဲ့ပတ်သက်ပြီးတော့ ဗမာပွဲစားနဲ့ထိုင်းပွဲစားတွေ။ ပတ်စပို့ကို အသစ်စက်စက် လုပ်ပြီးတာ၊ ထပ်ပြီးတော့မှ ဘတ်လုပ်ရမယ်ဆိုပြီးတော့ ပိုက်ဆံဖြတ်ထားတယ်။ ရှစ်လ၊ ကိုးလမှ သက်တမ်းကုန်မှာကို နောက်နှစ်နှစ်ကျော်ကျန်သေးတဲ့ အလုပ်သမားတွေပါလုပ်ရမယ်ဆိုပြီးတော့ အတင်းအဓမ္မပေါ့ဗျာ။ အဲဒါ ကျနော်က အလုပ်သမားဝန်ကြီးဌာန (ထိုင်း) ပို့တယ်။ ဒီက အလုပ်သမားသံအရာရှိ (မြန်မာ)၊ နောက်ပြီးတော့ သံရုံးကိုပို့တယ်။ သံရုံးကိုပို့တယ်ဆိုတာ မနက်ဖန် အလုပ်သမားသံအရာရှိနဲ့ ကျနော်တို့ အဖွဲ့တွေက အဲဒါတွေကို အဲဒီအလုပ်ရုံက ဒီလိုဒီလိုဖြစ်နေတယ်၊ အလုပ်သမားတွေဆီက ဘာကြောင့်ပိုက်ဆံဖြတ်ထားတာလဲ။ ဒီပတ်စပို့ တွေ ဘယ်လိုဖြစ်လဲဆိုတာ သွားပြီးတော့ ဖော်ထုတ်မလို့။ ဒါမှ တခြားတွေနဲ့ အကုန်လုံး ညီသွားမှာ။” ကျနော်တို့ နားလည်တာက ထိုင်းနိုင်ငံမှာ အလုပ်လုပ်လို့ရှိရင် ပတ်စပို့တ်လည်းရှိရမယ်၊ အလုပ်လုပ်ခွင့်ဘတ်လည်းရှိရမယ်လို့။ “မှန်တယ် ရှင်းမယ်ဆိုတာက အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်ရှိတယ်။ အလုပ်လုပ်ခွင့်ပါမစ် ၁ နှစ်ရှိတယ်။ နောက်ပြီးတော့ ပတ်စပို့တ်မှာကျတော့ ၂ နှစ်ဗီဇာရှိတယ်။ ဆိုတော့ ၂ နှစ်ကုန်သွားတဲ့အလုပ်သမားတယောက်က နောက် ၂ နှစ်ထပ်ပြီးတော့ လုပ်ရတယ်။ ပတ်စပို့စ် စာအုပ်တအုပ်သည် အလုပ်သမားတယောက်သည် ၆ နှစ်တဆက်တည်း ထိုင်းနိုင်ငံ တွင်းမှာ နေထိုင်ခွင့်ကို ဆက်လုပ်သွားလို့ရတယ်။ ခု ထိုင်းနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေက လွန်ခဲ့တဲ့ ၂ လက လုပ်ထားတဲ့ ဘတ်ရော၊ ပတ်စပို့တ်ရော အသစ်စက်စက်ရှိတာကို ထပ်ပြီးတော့မှ ဘတ်လုပ်ရမယ်တဲ့၊ ဖြစ်နေတဲ့ပုံ။ အလုပ်သမား ၈၀ ကျော်က ကျတော့ သူတို့ရဲ့ လေးနှစ်တာ နေထိုင်ခွင့်က လာမယ့်စက်တင်ဘာနဲ့ သြဂုတ်မှာပဲကုန်မယ်။ အဲဒီတော့ သူတို့တွေမှာက အဲဒီလမှာကျမှ ၄ နှစ်ပြည့်မယ်။ ထပ်ပြီးတော့ အဲဒီစာအုပ်က နောက်နှစ်နှစ် ဆက်ခွင့်ရှိသေးတယ် သူ့ ဥပဒေကြောင်းအရ။ အဲဒီလို ဆက်သောအားဖြင့် အလုပ်သမားတွေမှာ မြန်မယ်၊ သက်သာမယ်။ ဒါကိုသိသိကြီးနဲ့ ဗမာပွဲစားနဲ့ထိုင်းပွဲစားတို့ကနေပြီးတော့ စလုံးရေစ ဖြစ်တဲ့ ဘတ်ကို ပြန်လုပ်ခိုင်းတယ်။ လုပ်ငန်းရှင်ကနေပြီးတော့ အဲဒီကြားထဲမှာ စီအိုင် ဆိုတာ တခါလုပ်လာရမယ်။ စီအိုင်ပြီးတော့တခါ ပတ်စပို့တ်ကြီးကို တခါပြန်သွားရမယ်ဆိုတော့ ဒါဟာ ဗမာပွဲစားနဲ့ ထိုင်းပွဲစားတို့သည် မြန်မာအလုပ်သမားတွေရဲ့ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အပေါ်မှာ မတရားခေါင်းပုံဖြတ်တယ်လို့ ယူဆတယ်။ ဒါ ဥပဒေကြောင်းအရလွဲနေတယ်။” ဒီကိစ္စဖြစ်နေတဲ့ စက်ရုံကို ၀င်ရောက်မယ်လည်း ကြားနေလို့။ “ရဲနဲ့လုပ်ရမှာ ဒါက လိမ်လည်မှုဖြစ်နေတာကိုး။ မဟုတ်လို့ရှိရင် ဗမာပြည်သားမြင်တိုင်း ဗမာပွဲစားနဲ့ ထိုင်းပွဲစားနဲ့ ခေါင်းပုံဖြတ်လို့ရတဲ့သတ္တ၀ါဖြစ်နေမှာပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024