ညာဘက်လက်တုဖြင့် ဖန်တီးပြသည့် အံ့ဖွယ် တက်တူးပညာရှင် (ရုပ်သံ)

ပြင်သစ်နိုင်ငံသား တက်တူးအနုပညာရှင်တဦးဟာ လွန်ခဲ့တဲ့ ၂၂ နှစ်ကတည်းက သူ့ရဲ့ ညာဘက်လက်တဘက် ဆုံးရှုံးခဲ့ပြီးနောက်မှာ အထူးတီထွင်ထားတဲ့ တက်တူးထိုးအပ်ပါ လက်တု တပ်ဆင်ခဲ့ကာ အံ့ဖွယ်အနုပညာတွေ ဖန်တီးပြနိုင်ခဲ့ပါတယ်။ ဂျေစီရှိတ်တန်တီနက် အမည်ရတဲ့ အဲဒီအမျိုးသားဟာ လိုင်ယွန်မြို့မှဖြစ်ကာ လက်တုနဲ့ တက်တူးထိုးနေပုံ ရုပ်သံဗွီဒီယိုဖိုင်ကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှ တဆင့် မျှဝေခဲ့တာပါ။ ဒီအထူးပြုလုပ်ချက်တွေပါဝင်တဲ့ လက်တုကို ရှောင်လူဝစ်ဂွန်ဇာလက်ဇ်က တီထွင်ခဲ့တာဖြစ်ပြီး အပ်ချုပ်စက်၊ လက်နှိပ်စက်၊ ဓာတ်ပြားစက်နဲ့ ကားမီတာဒိုင်ခွက်တွေက ပြန်အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းတွေနဲ့ တီထွင်ခဲ့တာလို့ တီနက်က ပြောပါတယ်။ အဲဒီလက်တုကို သန့်ရှင်းရေးလုပ်ဖို့အတွက် ပြန်လည်ဖြုတ်တပ် လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ “ဒီလက်တုအပေါ် သံချေးတက်နေတယ်တို့၊ ညစ်ပတ်ပြီး ပိုးမွှားတွေ ရှိနေနိုင်တယ် ဆိုတာတွေက တကယ်တမ်း အတုအယောင်တွေပါပဲ” လို့ သူက ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ရေးခဲ့ပါတယ်။ တီနက်ဟာ သူ့ရဲ့ဘယ်ဘက်လက်ကို အသေးစိတ်ရတဲ့ အလုပ်တွေအတွက် အသုံးပြုပြီး ညာဘက်လက်တုကိုတော့ တက်တူးထိုးစဉ် ဖြည့်သွင်းရတဲ့ တခြားအလုပ်တွေအတွက် အသုံးပြုတယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up